POST TYPE

IT

ဝန်ထုပ်ဝန်ပိုးထမ်းနေရသေးသော ဂျပန်ပညာရေး
05-Oct-2017 tagged as ဂျပန် နည်းပညာ


ဂျပန်နိုင်ငံ (Shukan Toyo Keizai) မဂ္ဂဇင်းတွင် “ကျောင်းတွေ ပျက်စီးလာပြီလော”ဆိုသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ပါလာသည်။ ဂျပန်နိုင်ငံ မျက်မှောက်ပညာရေးကို မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားရသည်။ 

နည်းပညာ တိုးတက်လာမှုက ဘေးထွက်ဆိုးကျိုးတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ဂျပန်နိုင်ငံ စီးပွားရေးစနစ်ကလည်း ပညာရေးစနစ်ကို မြင့်မားသည်ထက် မြင့်မားလာစေရန် တောင်းဆိုနေကြသည်။ ထို့ကြောင့် အဆင့်မြင့်ကျောင်း၊ အဆင့်မြင့် တက္ကသိုလ်များတွင် တက်ရောက်သင်ကြားခွင့်ရရေးအတွက် ကလေးတွေက တိုက်ပွဲတစ်ခုကို ဆင်နွှဲနေရသလို ဖြစ်လာကြသည်။ ထို့ကြောင့် ကလေးတွေကို မိဘတွေက ပိုသင်စေချင်ကြသည်။ ဆရာတွေကလည်း စာမှစာဖြစ်လာကာ ကလေးတွေ မလှုပ်နိုင်အောင် တုပ်နှောင်ထားကြသည်။ ရလာသည့်ရလဒ်မှာ ဆရာတွေ မနားရသလို ကလေးတွေလည်း မနားရခြင်းနှင့် ကျောင်းသား အချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုများကို ထွက်ပေါက် တစ်ခုအနေနှင့် လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

ဂျပန်စကားတွင် ကရော့ရှီ (Karōshi) ဆို သည့် စကားလုံးမှာ (သေအောင် လုပ်ခြင်း) ဆိုသည့် အဓိပ္ပာယ်နှင့် သုံးလေ့ရှိသည်။ သီးခြား လုပ်ငန်းခွင်တွင် အသုံးပြုကြခြင်းဖြစ်ပြီး ပညာရေးဌာနနှင့် ပတ်သက်၍ အလွန်သုံးခဲကြောင်းလည်း သိရသည်။ သို့သော် ဂျပန်နိုင်ငံအစိုးရ အထက်တန်းကျောင်းများတွင်ရှိသည့် ဆရာ ၆၀ ရာခိုင်နှုန်းမှာ ကရော့ရှီဖြစ်လုနီးပါး အနေအထားကို ရောက်နေပြီဟုဆိုသည်။

ဆရာများသည် တစ်ပတ်လျှင် အနည်းဆုံး နာရီ ၆၀ ခန့် အလုပ် လုပ်နေရပြီး၊ သဘောတူစာချုပ် ထားသည်က ၃၈ နာရီ ၄၅ မိနစ်သာဖြစ်သည်။ အချိန် ပိုသင်ကြားပေးနေကြရသော်လည်း သူတို့အများစုမှာ ခံစားခွင့်တွေ မရရှိခဲ့ကြပေ။ သင်ခန်းစာများကို ကြိုတင်ပြင်ဆင်ခြင်း၊ လေ့ကျင့်ခန်းများကို စစ်ဆေး အမှတ်ပေးရခြင်း၊ အချိန်ပို သင်ပေးရခြင်း၊ ဆွေးနွေးဖြေသိမ့်ပေးရခြင်း၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းပေးရခြင်း၊ မိုက်ရိုင်းစော်ကားသည့် မိဘများကို ရင်ဆိုင်ရခြင်း၊ အစည်းအဝေးများ တက်ရခြင်း၊ စီမံအုပ်ချုပ်မှုများကို လွှဲပြောင်းယူရခြင်း စသည့် လုပ်ငန်းများကို ပူးတွဲ လုပ်ဆောင်နေကြရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလက ဆရာတစ်ဦးသည် အလုပ်ပိသည့်ဒဏ်ကို မခံနိုင်သဖြင့် သူ့ကိုယ်သူ သတ်သေသွားခဲ့သည်။ သူ့အသက်က ၂၆ နှစ်သာ ရှိသေးပြီး အိုဆာကာ အထက်တန်းကျောင်းတွင် သင်ကြားနေသည့် ဆရာတစ်ဦးလည်း ဖြစ်သည်။ သူသည် လုပ်ငန်းတွင် ဘဝကို နှစ်မြှုပ်ထားသူ တစ်ဦးဖြစ်ပြီး ကျောင်းသားများအပေါ် အလွန် သဘောကောင်းသူ တစ်ဦးလည်းဖြစ်သည်။ ထိုဆရာကို ကရော့ရှီကြောင့် သေဆုံးရသည်ဟု တာဝန်ရှိသူများက သတ်မှတ်ကြသည်။

ဂျပန်နိုင်ငံကျောင်းများတွင် ကျောင်းသား အချင်းချင်း ဗိုလ်ကျ အနိုင်ကျင့်ကြသည့် အလုပ်ကို လုပ်ဆောင်နေကြကြောင်း သတင်းတွေ ထွက်ပေါ်နေသည်မှာ ကြာလှပြီ။ ကလေးတွေအဖို့ ဗိုလ်ကျ အနိုင်ကျင့်မှုများကို ခံရမည် ကြောက်သဖြင့် ကျောင်းသို့ မသွားချင်လောက်အောင်လည်း ဖြစ်နေကြသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းအားလုံးကို ဖျက်ဆီးနေသည့်အထဲတွင် နောက်ပိုင်း ဆဲလ်ဖုန်းတွေကလည်း ပါလာသည်။ ဖုန်းကတစ်ဆင့် စိတ်ဆင်းရဲစရာများကို ပြောဆိုခြင်း၊ စာများပေးပို့ခြင်း၊ အွန်လိုင်းပေါ် တင်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် စိတ်ဖိစီးမှုကို ခံနေရသည့်  ကျောင်းသားတွေလည်း များလာသည်။ 

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ ကျောင်း/ အတန်း အသီးသီး၌ အနိုင်ကျင့်ဗိုလ်ကျခြင်း ခံနေရသည့် အမှုပေါင်း ၂၂၀,ဝ၀ဝ ခန့်ရှိကြောင်း သိရသည်။ ၂၀ဝ၆ ခုနှစ်ကထက် နှစ်ဆ တက်လာခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်က ရှီဂါအရပ်၊ Otsu ဒေသတွင် ကလေးတစ်ယောက် သတ်သေမှုဖြစ်ပွားခဲ့သည်။ သတ်သေသွားသည့် ကလေးမှာ ၂ နှစ်တိုင်အောင် အနိုင်ကျင့်ခံခဲ့ရသူဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံတွင် နှစ်စဉ် သတ်သေနေသည့် ကလေးပေါင်း ၃၀ဝ ခန့်ရှိနေပြီး၊ ၂၀၁၆ ခုနှစ် တစ်နှစ်တည်းမှာပင် ၃၂၀ ခန့် သေဆုံးခဲ့ရသည်။ ကလေးတွေ အတွက် ကျောင်းဆိုသည်မှာ ငရဲဖြစ်မှန်းမသိ ဖြစ်လာသည်။ ကျောင်းသွားခိုင်းလျှင် အရှင်လတ်လတ် ငရဲကျသလိုဖြစ်နေပြီး ထို အကြောင်းကို မိဘများက မသိကြပေ။

ဂျပန်နိုင်ငံကျောင်းများတွင် အတွင်းကျိတ် လှိုက်စားမှုများ ဖြစ်နေသော်လည်း OECD နိုင်ငံများအတွင်း စံထားကျင်းပနေသည့် (PISA) စာမေးပွဲတွင်မူ ဂျပန်ကျောင်းသားများသည် နောက်တန်းတွင် ရှိမနေကြောင်း တွေ့ရသည်။ သိပ္ပံဘာသာရပ်တွင် ၂၀၁၅ ခုနှစ်က ဒုတိယနေရာတွင်ရှိသည်။ သင်္ချာတွင် အဆင့် ၅၊ စာဖတ်စွမ်းရည်တွင် အဆင့် ၈ လောက်အထိ ရှိနေကြောင်း တွေ့ရသည်။ 

ခေတ်သစ်တွင် သင်္ချာနှင့် သိပ္ပံလောက်ကို ထူးချွန်စွာ စွမ်းဆောင်နိုင်လျှင်ပင် လုံလောက်သလောက် ဖြစ်နေပြီ။ ဂျပန်နိုင်ငံ ပညာရေးဝန်ကြီးကလည်း ကိုယ်ကျင့်တရားဆိုင်ရာ ပညာရေးနှင့် ထိရောက်သည့် ကျောင်းသင် ပညာရေးစနစ် တစ်ခုကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မည်သို့ဆိုစေ ဂျပန်နိုင်ငံပညာရေးက (Shukan Toyo Keizai) တွင် ရေးထားသလို (ကျဆုံးနေပြီလား) ဟု တွေးဆစရာ ဖြစ်လာသည်။ ကျောင်းသား ကလေးတွေက ကြိုးစားကြသည်။ မိဘတွေကလည်း အထောက်အပံ့တွေ ကောင်းသည်။ ကျောင်းရှိဆရာတွေကလည်း သေလောက်အောင် လုပ်နေကြရသည်။ သို့သော် ကျဆုံးတော့မည်လားဟု အဘယ်ကြောင့် ဝေဖန်ခြင်း ခံနေရသနည်း။

ပျက်စီးလာသည့် လူနေမှုစနစ်နှင့် ဗိုလ်ကျ အနိုင်ကျင့်မှုများကို အချိန်မီ မထိန်းနိုင်လျှင် ဂျပန် ပညာရေးသည် ရင်လေးစရာ ဖြစ်လာမည်မှာ အမှန်သာဖြစ်သည်။

E-01
(Ref: The Japan Times)