News

POST TYPE

IT

အိန္ဒိယနိုင်ငံအတွက် ခြင်ပြေးစမတ်ဖုန်းများ LG ထုတ်လုပ်
04-Oct-2017

နယူးဒေလီ၊ အောက်တိုဘာ ၃

တောင်ကိုရီးယားနိုင်ငံမှ အီလက်ထရွန်နစ် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် LG သည် ခြင်ပြေးစမတ် ဖုန်းများကို အိန္ဒိယနိုင်ငံအတွက် စီစဉ်ထုတ်လုပ်လိုက်ကြောင်း Kyodo News သတင်းတွင် ဖော်ပြထားသည်။

LG သည် အိန္ဒိယနိုင်ငံတွင် ရုပ်မြင်သံကြားနှင့် လေအေးပေးစက်များကို ဈေးကွက်ရပြီး ဖြစ်သော်လည်း နိုင်ငံ၏ လိုအပ်ချက်တစ်ခုဖြစ်နေသည့် ခြင်ပြေး စမတ်ဖုန်းများကို ထပ်ဆင့် တီထွင်ကာ ဈေးကွက်အသစ်တစ်ခု ပြင်ဆင် တိုးချဲ့လိုက်ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

K7i ဟု အမည်ပေးထားသည့် ခြင်ပြေးဖုန်းများကို အိန္ဒိယရူပီး ၇၉၀ဝ (ဒေါ်လာ ၁၂၀ ခန့်) ဖြင့် စက်တင်ဘာ လကုန်ပိုင်းတွင် ဖြန့်ချိလျက်ရှိပြီး India Mobile Congress 2017 တွင် ပွဲထုတ်ထားခဲ့ကြောင်း သိရသည်။

K7i ဖုန်းများတွင် အထူး ထည့်သွင်းပေးထားသည့် ဆော့ဖ်ဝဲတစ်ခုကို ဖွင့်ထားလိုက်ပြီး (Ultrasonic Frequency) ဆိုသည့် အမှတ်အသားကို ရွေးထားလိုက်လျှင် ခြင်ပြေးစေသည့်လှိုင်းများကို ထုတ်လွှတ်ပေးနေသောကြောင့် ဖုန်းရှိသည့် ဝန်းကျင်ကို ခြင်များ လာစေမည် မဟုတ်ပေ။

ခြင်ပြေးဖုန်းသည် လူသားတို့ကို အန္တရာယ်မရှိစေနိုင်ကြောင်း LG ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ကင်ကီဝမ်က ပြောကြားသည်။

အိန္ဒိယနိုင်ငံတွင် နှစ်စဉ် သန်း ၁၀ဝ ခန့် သွေးသွင်း ကုသမှုများကို လုပ်ဆောင်နေရပြီး၊ လူဦးရေ ၉၅ ရာခိုင်နှုန်းခန့်သည် ငှက်ဖျားဖြစ်နိုင်သည့် ရပ်ဝန်းဒေသများတွင် နေထိုင်ကြရပြီး ခြင်မှဖြစ်သော ရောဂါဝေဒနာများကို လူဦးရေ ၁ သန်းခန့် ခံစားနေကြရကြောင်း WHO အဖွဲ့က အစီရင်ခံထားသည်။

LG ကုမ္ပဏီအနေနှင့် ခြင်ပြေးဖုန်းများကို တီထွင်ပြီး ဈေးကွက်ကို ပြန်လည် သိမ်းပိုက်နိုင်ရန် ကြိုးစားနေသော်လည်း အိန္ဒိယနိုင်ငံတွင် မိုဘိုင်းလ် ဖုန်းဈေးကွက်ကို အများဆုံး သိမ်းပိုက်ထားနိုင်သည်မှာ Samsung ကုမ္ပဏီဖြစ်ပြီး တရုတ်ကုမ္ပဏီများက အိန္ဒိယဖုန်းဈေးကွက်၏ ၂၈ ရာခိုင်နှုန်းကိုသာ သိမ်းပိုက်ထားနိုင်ကြောင်း Kyodo News တွင် ရေးသားထားသည်။


  • VIA