News

POST TYPE

IT

Social Media တွေက ကလေးတွေအပေါ် ဘာတွေ သက်ရောက်စေနိုင်သလဲ

မြန်မာပြည်တွင်းမှာ မိုဘိုင်းဖုန်းကနေ အင်တာနက် အသုံးပြုမှုရရှိနိုင်ခဲ့တဲ့ နောက်ပိုင်းနှစ်တွေမှာ လူမှုကွန်ရက် အသုံးပြုမှုက အဆမတန် မြင့်တက်လာခဲ့ပါတယ်။ အသက်အရွယ်မရွေး လူမှုကွန်ရက်အကောင့် ကိုယ်စီနဲ့ ပျော်ပျော်ပါးပါး အင်တာနက် နိုင်ငံသားတွေအဖြစ် ခံယူကြပါတယ်။ လူမှုကွန်ရက်တွေက ကလေးငယ်တွေ အသုံးပြုမှုအတွက် အသက်အရွယ်အလိုက် ကန့်သတ်မှုတစ်ခု ရှိပေမယ့်လို့ ကလေးငယ်တွေလည်း အသုံးပြုနေတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒီတော့ ဒီလူမှုကွန်ရက်တွေက ကလေးငယ်တွေအပေါ် ဘာတွေ သက်ရောက်မှုတွေ ရှိနိုင်သလဲဆိုတာ ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကောင်းကျိုးများ

ထိခိုက်မှုတွေ ရှိနိုင်သလို ကလေးတွေအတွက် အကျိုးကျေးဇူးတွေလည်း ရှိနိုင်ပါတယ်။

ပထမဆုံး ကောင်းတဲ့အချက်က ကလေးငယ်တွေရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းကို ချဲ့ထွင်နိုင်တာပဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကိုယ်အနီးအနားက ပတ်ဝန်းကျင်ကိုတင်မက ကမ္ဘာကြီးဆီကိုပါ ဆက်သွယ်နိုင်တဲ့အတွက် အကြားအမြင် ဗဟုသုတတွေ ပိုမိုရရှိနိုင်ပါတယ်။

အသစ်အသစ်တွေကို လေ့လာနိုင်သလို သူတို့ သိချင်တဲ့ အကြောင်းအရာတွေ၊ သူတို့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ကလေးတွေရဲ့ စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်ပါတယ်။ သူတို့ လုပ်ဆောင်နေတဲ့ အကြောင်းအရာလေးတွေကို လူတွေသိအောင် သူတို့ကိုယ်တိုင် ကြိုးစားနိုင်သလို အသိအမှတ်ပြုမှုကိုလည်း ကိုယ်တိုင် ရှာဖွေနိုင်မှာ ဖြစ်တဲ့အတွက် သူတို့အတွက် ဒီလိုကောင်းကျိုးတွေ ရရှိနိုင်မှာဖြစ်ပါတယ်။

ဆိုးကျိုးများ

အကောင်းနဲ့ အဆိုးဆိုတာမျိုးက ဒွန်တွဲနေတတ်တာပါပဲ။ ဒီအတွက် သူတို့ ဒီလူမှုကွန်ရက် အသုံးပြုမှုမှာ ဆိုးကျိုးတွေလည်း ရှိလာနိုင်ပါတယ်။

ဆိုက်ဘာ အနိုင်ကျင့်ခံရနိုင်ချေ ရှိတယ်။ တစ်ဦးတစ်ယောက်၊ သို့မဟုတ် တစ်ဖွဲ့ကနေပြီးမှ ကလေးငယ်ကို ဆိုက်ဘာ အနိုင်ကျင့်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။

အချိန်ကို စီမံခန့်ခွဲနိုင်မှု အားနည်းတဲ့အတွက် ကလေးတွေအတွက် အချိန်ကုန်စေနိုင်ပါတယ်။ တစ်ခုခုကို လေ့လာတာမျိုး မဟုတ်ဘဲ အပျော်အပါးမှာပဲ ပျော်မွေ့နေတာလည်း ဖြစ်သွားနိုင်ပါတယ်။

ဒီလိုတွေ မဖြစ်အောင် မိဘ၊ သို့မဟုတ် လူကြီးတွေက လူမှုကွန်ရက် အသုံးပြုနေတဲ့ ကလေးကို သူ ဘာတွေ အသုံးပြုနေလဲ၊ သူ ဘာတွေ စိတ်ဝင်စားနေသလဲ၊ ဘယ်သူတွေနဲ့ စကားပြောဖြစ်နေသလဲ ဆိုတာတွေကို စောင့်ကြည့်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးမယ်ဆိုရင် သူတို့အတွက် အကောင်းဆုံးဖြစ်မှာပါ။

ဒါ့အပြင် အချိန်ကိုလည်း အကောင်းဆုံး စီမံခန့်ခွဲပေးပြီး လမ်းညွှန်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ လူမှုကွန်ရက်ပေါ်မှာ ကလေးငယ်တွေအတွက် အကျိုးကျေးဇူးတွေ ရရှိစေနိုင်ဖို့အတွက် ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။