POST TYPE

IT

Tech Show (Virtualization) ပွဲစီစဉ်သူများနှင့် တွေ့ဆုံခြင်း
04-Oct-2017 tagged as


ပြည်တွင်း နည်းပညာနယ်ပယ်တွင် နည်းပညာဆိုင်ရာ ဟောပြောပွဲများ၊ အသိပညာ မျှဝေမှုများနှင့် နည်းပညာပြပွဲများကို ပြုလုပ်လာကြသည်။ နည်းပညာဆိုင်ရာ ပြပွဲများမှ လူငယ်ကျောင်းသား ပညာရှင်များနှင့် နည်းပညာ စိတ်ပါဝင်စားသူများအတွက် အသိပညာ ပြန့်ပွားရယူနိုင်မည်ဖြစ်ပြီး နယ်ပယ်တွင်း ရပ်တည်လုပ်ကိုင်နိုင်ရန် အတွေ့အကြုံများ၊ အထောက်အပံ့ ကောင်းများကိုလည်း ရရှိစေနိုင်မည်ဖြစ်သည်။ ပြည်တွင်း နည်းပညာဆိုင်ရာ ပြပွဲများအနက်မှ အောက်တိုဘာ ၁၅ ရက်၌ MICT Park ရှိ Kanaung Hub တွင် ပြုလုပ်မည့် Linux ကို အခြေခံသည့် Virtualization နှင့် ပတ်သက်သည့် နည်းပညာပြပွဲကို စီစဉ်နေသည့် ပွဲစီစဉ်သူများကို ပြည်တွင်း နည်းပညာပြပွဲများအကြောင်း၊ Virtualization နှင့်ပတ်သက်ပြီး ပြပွဲတွင် ပြသသွားမည့် နည်းပညာများအကြောင်းကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

မေးး Cyber Wings ကုမ္ပဏီကနေ ဦးစီးပြီး ကျင်းပမယ့် Virtualization နဲ့ ပတ်သက်တဲ့ Tech Show တစ်ခု လုပ်သွားဖို့ရှိတယ်လို့ သိရတယ်ဗျ။ ပွဲအစီအစဉ်ကို ပထမဆုံး ပြောပြပေးပါ။
ဖြေး အဓိကကတော့ လူတွေ အများကြီး မသိသေးတဲ့ Linux ကို အခြေခံထားတဲ့ Virtualization နည်းပညာကို ပြသသွားပေးမှာ ဖြစ်ပါတယ်။ နောက်ပြီး ၎င်းအတွက် အခြားလိုအပ်တဲ့ Infrastructure အတွက် Network ချိတ်ဆက်မှုပိုင်းများနဲ့တကွ Storage ထားရှိခြင်းနဲ့ပတ်သက်တဲ့ နည်းပညာအချို့ကိုလည်း ပြသပေးသွားမှာ ဖြစ်ပါတယ်။

မေးး ပြည်တွင်းမှာက Tech Show တွေကို ကျောင်းတွေကလည်း လုပ်ကြပါတယ်။ ဒီ Tech Show မှာရော ဘယ်လို အကြောင်းအရာတွေ ပြသသွားမလဲဗျ။ ဒီပွဲမှာ တခြား Tech Show တွေနဲ့ မတူညီတဲ့အချက်ဆိုရင်ရော။
ဖြေး အခြား Tech Show တွေနဲ့ မတူညီတဲ့ အချက်ဆိုရင်တော့ ကျွန်တော်တို့ Cyber Wings Tech Show အတွက် သက်ဆိုင်ရာ နည်းပညာများရဲ့ Community 3 ခု (Fedora, CentOS, oVirt) ကနေ ထောက်ပံ့ပေးထားတာပါပဲ။ နောက်ပြီး နည်းပညာ လောကထဲမှာ တကယ် ဝင်ရောက်လုပ်ကိုင်နေတဲ့ Professional တွေကိုယ်တိုင် ပြသသွားမှာလည်း ဖြစ်ပါတယ်။ အကြောင်းအရာတွေကတော့ Datacenter အဆင့်ရှိတဲ့ Virtualization Platform တစ်ခုကို သူ့လိုအပ်ချက်တွေနဲ့အညီ တည်ဆောက် ပြသသွားမှာပဲဖြစ်ပါတယ်။

မေးး ဒီအပိုင်းကို ပြည်တွင်းက ကျောင်းသားလူငယ်တွေရဲ့ စိတ်ဝင်စားမှု အခြေအနေကရော ဘယ်လိုရှိမလဲဗျ။
ဖြေး နည်းပညာ ကျောင်းသား ကျောင်းသူတွေအနေနဲ့တော့ စိတ်ဝင်စားမှုတွေ ရှိမယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ UIT ရဲ့ Product Show တစ်ခုမှာ oVirt မဟုတ်တဲ့ အခြား Linux အခြေခံတဲ့ Virtualization နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပြသဖူးတာတွေ ရှိပါတယ်။ ဒါ့အပြင် Virtualization နည်းပညာဟာလည်း နောက်ပိုင်းမှာ လိုအပ်ချက်များလာတဲ့ နည်းပညာ တစ်ခုဖြစ်လို့ လူငယ်တွေအနေနဲ့ စိတ်ဝင်စားမှုတွေ ရှိမယ်လို့လည်း မျှော်လင့်ထားပါတယ်။

မေးး Cyber Conference လိုပွဲမျိုးတွေလည်း လူငယ်တွေ စုစုစည်းစည်းနဲ့ လုပ်ခဲ့ကြတယ်။ အခု Tech Show ကိုရော အဲဒီ Cyber Conference လို ဆက်တိုက် လုပ်သွားဖို့ရှိမလားဗျ။
ဖြေး အရင် Cyber Conference လုပ်တုန်းကလောက်တော့ ဆက်တိုက် လုပ်သွားဖို့မရှိပါဘူး။ ၃ လတစ်ကြိမ် ၄ လတစ်ကြိမ်လောက် သို့မဟုတ် အခြေအနေအရ လုပ်နိုင်သလောက်တော့ လုပ်သွားမှာပါ။

မေးး ဒီလို Virtualization နဲ့ ပတ်သက်တဲ့ Tech Show တွေ ကျင်းပတာ ဘယ်လောက်အထိ ရှိခဲ့သလဲ။ နောက်တစ်ခုက ဒီလိုပွဲတွေကနေ လူငယ်တွေ၊ စိတ်ပါဝင်စားသူတွေနဲ့ နယ်ပယ်အတွက် ဘယ်လောက် အထောက်အပံ့ပေးနိုင်မလဲ။
ဖြေး Virtualization နည်းပညာလို့ပြောရင် မျိုးကွဲတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဒီ Linux အခြေပြုတဲ့ Virtualization တို့ VMware တို့ Hyper-V တို့ စသည်ဖြင့်ပေါ့လေ။ ဒါပေမဲ့ Linux ကို အခြေခံထားတဲ့ ဒီ oVirt Virtualization နည်းပညာအတွက်တော့ ဒါပထမဦးဆုံးလို့ ပြောလို့ရပါတယ်။ အရာရာကို ဟိုးအရင်ကထက် ပိုမိုစူးစမ်းလို့ရတဲ့ ဒီလိုအချိန်မျိုးမှာတော့ လူငယ်တွေ စိတ်ပါဝင်စားမှုတွေ များမယ်လို့ ထင်ပါတယ်။ စိတ်ပါဝင်စားသူတွေအတွက်တော့ ဒီပွဲမှာ Network ပိုင်း Storage ပိုင်းနဲ့ Platform ပိုင်း စုံစုံလင်လင် ထည့်ထားတာမို့  တော်တော်လေး အထောက်အပံ့ ပေးနိုင်မယ်လို့လည်း ထင်ပါတယ်။ နောက်ပြီး Red Hat Certified Virtualization Certificate ကို ရရှိဖို့ကြိုးစားနေသူတွေအတွက်လည်း များစွာ အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်။

မေးး အရှေ့မှာပြောခဲ့သလို Data Center Virtualization platform နဲ့ပတ်သက်ပြီးလည်း ပြသသွားဖို့ ရှိတယ်ဆိုတော့ အဲ့ဒီပြသမယ့်အပိုင်းကို နည်းနည်း အကျယ်လေး ပြောပေးပါဦး။
ဖြေး Platform ပိုင်းဆိုတာတော့ Virtualization ကို တကယ်အသုံးပြုလို့ရတဲ့ oVirt ကို ပြောတာပါ။ Datacenter Virtualization Platform ဆိုတော့ Datacenter တစ်ခုမှာ တကယ် လက်တွေ့ အသုံးပြုနိုင်မယ့် ပုံစံမျိုးဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမျိုး Server တွေ၊ Network တွေ၊ Storage တွေ၊ Virtual Machine တွေ၊ User တွေကို ထိန်းချုပ်မလဲ ဆိုတဲ့အကြောင်းတွေကို လက်တွေ့ လုပ်ပြသွားမှာပါ။

မေးး ပြည်တွင်းမှာ Data Center လုပ်ငန်း နယ်ပယ်ကလည်း လူငယ်ပညာရှင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း တစ်ခုအနေနဲ့ ရှိလာပြီလို့ ဆိုနိုင်မလား။ အဲ့ဒီနယ်ပယ်မှာ ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ဆိုရင်ရော ဘာတွေ ပြင်ဆင်ထားဖို့ လိုအပ်မလဲ။
ဖြေး ပြည်တွင်းမှာ ISP တွေ များလာတာအပြင် ဘဏ်တွေမှာပါ Datacenter တွေကို အဆင့်မြှင့်လာကြတယ်။ ဒါ့အပြင် အခြား Company တွေမှာလည်း Datacenter တွေ Mini-Datacenter  တွေကို ထားရှိလာကြတယ်။ ဒီအတွက် လူငယ်ပညာရှင်တွေ လိုအပ်လာတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာတယ်ပြောရမှာပါ။ Data-center ဆိုတာက မတူညီတဲ့ နည်းပညာတွေကို စုစည်းထားတာ ဖြစ်တဲ့အတွက် ဝင်ရောက် အလုပ် လုပ်ကိုင်ဖို့အတွက်တော့ ဘယ်အပိုင်းကို အဓိက တာဝန်ယူမလဲ ဆိုတာပေါ်မူတည်ပြီး Network ပိုင်း၊ System ပိုင်း၊ Storage ပိုင်း၊ Monitoring ပိုင်း စသည်ဖြင့် ကိုယ်စိတ်ဝင်စားတဲ့အရာကို အဓိက အရင် လေ့လာထားရမှာ ဖြစ်ပါတယ်။

မေးး နောက်တစ်ခုက Virtualization Network Infrastructure နဲ့ ပတ်သက်ပြီးလည်း မျှဝေတာပါမယ်လို့ ဆိုထားတော့ ဒီအပိုင်းနဲ့ပတ်သက်ပြီး ဘာတွေ မျှဝေသွားမလဲ။
ဖြေး Network နဲ့ ပတ်သက်တဲ့ စံနှုန်းတွေ၊ ဒီဇိုင်းတွေအကြောင်း မျှဝေဖို့ စီစဉ်ထားပါတယ်။ အချိန်ခဏအတွင်းမှာဆိုတော့ လက်တွေ့ လုပ်ပြဖို့တော့ အခက်အခဲ နည်းနည်းရှိတယ်။ ဒီအပိုင်းမှာတော့ လက်တွေ့ထက် ပြင်ပနယ်ပယ်မှာ ကြုံတွေ့ရလေ့ရှိတဲ့  အတွေ့အကြုံတွေကို မျှဝေပြီး ပြောပေးသွားဖို့ ရှိပါတယ်။ ဖြေရှင်းရမယ့် နည်းလမ်းတွေကိုလည်း ပြောပေးသွားမှာပါ။
ဘယ်လို Network မှာဆိုရင် ဘယ်လိုဒီဇိုင်းနဲ့ ချိတ်ဆက်သင့်တယ်၊ Datacenter တွေမှာ ဆိုရင် ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတာတွေ မျှဝေပေးသွားမှာပါ။

မေးး ခြုံငုံကြည့်ရင် ဒီပွဲက Virtualization နဲ့ ပတ်သက်ပြီးတော့မှ တော်တော်ကို ပြည့်စုံတဲ့ပွဲ တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆိုတော့ Tech Show တစ်ခု လုပ်မယ်ဆိုတဲ့ စိတ်ကူးမှာ Linux ကို အခြေခံတဲ့ Virtualization ကို ခေါင်းစဉ်တစ်ခုအဖြစ် ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။
ဖြေး ပထမအကြောင်းကတော့ Cyber Wings အနေနဲ့ ဒီ oVirt Virtualization ကို Case Study လုပ်နေခဲ့တာလည်း ကြာပါပြီ။ ဒီအချိန်မှာတော့ ဒီနည်းပညာကို ကျွန်တော်တို့ လေ့လာထားသလောက် မျှဝေသွားဖို့ အချိန်ကျပြီလို့ ယူဆလို့လည်း ပါပါတယ်။ နောက်ပြီး နောက်ပိုင်းမှာ Virtualization နည်းပညာဟာ ခေတ်စားလာပြီး လူသုံးများလာတဲ့ နည်းပညာ တစ်ခုဖြစ်လာတာကြောင့်လည်း ပါပါတယ်။ နောက်အကြောင်းကတော့ လေ့လာသူတွေအနေနဲ့ တကယ်ကို စနစ်ကျတဲ့ Infrastructure တစ်ခု တည်ဆောက်ဖို့ အကြံဉာဏ်ကောင်းတွေ ရရှိစေချင်တဲ့ အချက်တွေလည်းပါပါတယ်။ နောက်ပြီး Career ဆက်သွားမယ့်လူတွေအတွက် RedHat Enterprise Virtualization Certificate တွေကို ဆက်လက် ရယူဖို့အတွက် ခြေလှမ်းတစ်ခုအနေနဲ့ ဖြစ်စေချင်တာလည်း ပါပါတယ်။

မေးး ဒီလို Tech Show တွေ လုပ်ဖို့ဆိုရင်ရော ဘယ်လို အထောက်အပံ့တွေရှိဖို့ လိုအပ်မလဲ။ ဒီပွဲ ကျင်းပနိုင်ဖို့ကိုရော အဖွဲ့အစည်းအသင်းတွေက အထောက်အပံ့ပေးတာမျိုးတွေ ရှိသေးလားဗျ။
ဖြေး ဒီလို Tech Show တွေ လုပ်ဖို့အတွက်တော့ ပုံမှန် Conference တွေလို မဟုတ်ဘဲ တော်တော်လေး ကြိုတင်ပြင်ဆင်ထားရပါတယ်။ နည်းပညာပိုင်း၊ Internet ချိတ်ဆက်မှု အပိုင်းအပြင် Budget အပိုင်း အထောက်အပံ့တွေလည်း အများကြီး လိုအပ်ပါတယ်။ ဒီ Tech Show Event အတွက်တော့ AGB Communication နှင့် GreenIT Company ၂ ခု တို့က Sponsor ပေးထားပါတယ်။ ထို့အပြင် Event ပွဲပြုလုပ်မယ့်နေရာအတွက် Kanaung Hub ကနေလည်း Avenue Sponsor အနေနဲ့ ထောက်ပံ့ပေးထားပါတယ်ဗျ။

မေးး နောက်ဆုံးအနေနဲ့ပေါ့လေ။ နည်းပညာနယ်ပယ်က Virtualization နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့၊ လေ့လာနေတဲ့ လူငယ်တွေကို ဘာများ အကြံပြုပြောဖို့ရှိမလဲဗျ။
ဖြေး နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ Virtualization ကိုလေ့လာမယ်ဆိုရင် တခြား လေ့လာစရာ Virtualization အမျိုးအစားတွေ အများကြီး ရှိပါသေးတယ်။ ဥပမာတစ်ခုအနေနဲ့ ပြောရရင်တော့ Linux Virtualization တွေထဲမှာတောင် မျိုးကွဲတွေ အများကြီးရှိပါသေးတယ်။ အဲ့သည်ထဲကမှာ Enterprise Level Linux Virtualization ကိုလေ့လာဖို့ အားသန်နေတဲ့သူတွေ၊ RedHat Enterprise Linux Virtualization Certification ကို ရရှိဖို့ကြိုးစားနေတဲ့သူတွေနဲ့ အကုန်အကျ သက်သာမယ့် Virtualization နည်းပညာကို လိုအပ်နေတဲ့ လုပ်ငန်းရှင်တွေအတွက်လည်း ဒီပွဲက တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပေးနိုင်မှာပါ။ လူငယ်တွေမှ မဟုတ်ပါဘူး။ တခြားတခြားသော Virtualization ကို လေ့လာနေတဲ့သူတွေလည်း တက်ရောက်အားပေးဖို့လည်း ကျွန်တော်တို့က ဖိတ်ခေါ်ပါတယ်။

မောင်မန်း

  • TAGS