News

POST TYPE

IT

ဖုန်းတင်သွင်းမှု တရားဝင် ဟုတ် မဟုတ် ခွဲခြားမည်
02-Oct-2017

ရန်ကုန်၊ အောက်တိုဘာ ၂

ပြည်တွင်းသို့ တရားမဝင် ဖုန်းတင်သွင်းမှု များပြားနေခြင်းကို ပပျောက်စေရန် တရားမဝင် တင်သွင်းသည့်ဖုန်းနှင့် တရားဝင် တင်သွင်းသည့် ဖုန်းဟူ၍ ခွဲခြားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများ လုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့မှ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ တရားမဝင် တင်သွင်းမှုများကြောင့် နိုင်ငံတော်အတွက် အခွန်များ နစ်နာလျက်ရှိခြင်းကြောင့် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“အဓိကကတော့ မှောင်ခိုသွင်းတာကို တားဆီးချင်လို့ပါ။ အဲဒီတော့ ဥပမာ-တရားဝင် သွင်းလာတဲ့ ဖုန်းတွေမှာ စတစ်ကာလိုဟာမျိုး ကပ်မလား၊ ဒါမှမဟုတ် ပြည်ပက သွင်းလာတဲ့ အရက် ပုလင်းတွေမှာ အခွန် အမှတ်တံဆိပ် ကပ်သလို ကပ်ပေးမလား၊ တစ်ခုခု ကပ်မလား၊ ဆွေးနွေးတုန်းပေါ့။ ဘယ်လိုဟာမျိုးနဲ့ ဖြစ်မလဲတော့ မသိသေးဘူး”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

သို့သော် ဈေးကွက်အတွင်း မှောင်ခိုတင်သွင်းမှုများကို ခွဲခြားရသည်မှာ ခက်ခဲပြီး အချို့မှာ လုံးဝ တရားမဝင် တင်သွင်းခြင်းဖြစ်ကြောင်း၊ အချို့မှာမူ မှောင်ခိုနှင့် တရားဝင် သွင်းသည့်ဖုန်းများကို ရောနှော တင်သွင်းကြခြင်း ဖြစ်သည့်အတွက် မှောင်ခို တင်သွင်းသည့်ဖုန်းများကို ခွဲခြားနိုင်ရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။“

လက်ရှိ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရာတွင် မြန်မာနိုင်ငံ၌ အသုံးပြုရန် ကိုက် မကိုက်နှင့် တင်သွင်းမည့် ဖုန်း၏အရည်အသွေးသည် မြန်မာနိုင်ငံနှင့် ကိုက်ညီခြင်း ရှိ မရှိ တို့ကို စစ်ဆေး၍ ထောက်ခံချက် ထုတ်ပေးရခြင်းဖြစ်သည်။

အောက်တိုဘာလက စတင်၍ ပြည်တွင်း၌ မိုဘိုင်းလ်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်းမှ ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ကောက်ခံရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက စီစဉ်လျက်ရှိသည်။

S-04


  • VIA