News

POST TYPE

IT

သရုပ်ပြပွဲတွင် လိင်ဖျော်ဖြေရေးစက်ရုပ်များအား အကိုင်အတွယ် ကြမ်းသဖြင့် ပျက်စီး
29-Sep-2017 tagged as နည်းပညာ

လင့်ဇ၊ စက်တင်ဘာ ၂၈

သြစတြီးယားနိုင်ငံ၊ လင့်ဇ်မြို့တွင် ကျင်းပပြုလုပ်နေသည့် Arts Electronica Festival ပွဲ၌ ပြသထားသည့် စတာလင်ပေါင် ၃၀၀၀ (ဒေါ်လာ ၄၀၀၀ ကျော်) ခန့်တန်သည့် လိင်ဖျော်ဖြေရေးစက်ရုပ်အား စိတ်ဝင်စားသူ များပြားပြီး ကြမ်းတမ်းစွာ ကိုင်တွယ်စမ်းသပ်ကြသောကြောင့် ကျိုးပဲ့ပျက်စီးသွားခဲ့ကြောင်း CEN သတင်းတွင် ဖော်ပြထားသည်။

Samantha ဟု အမည်ပေးထားသည့် စက်ရုပ်မယ်လေးကို ပြပွဲတွင် လုပ်ဆောင်နိုင်စွမ်းများကို ပြသခဲ့ရာ ကြည့်ရှုသူ များပြားခဲ့ပြီး အထူးအားပေးခြင်း ခံရကြောင်း ယင်းသတင်းက ဆိုသည်။

စမန်သာကို စပိန်နိုင်ငံ၊ ဘာစီလိုးနီးယားမြို့မှ ဆာဂီဆန်းတို့စ် ဆိုသူက တီထွင်ထားခြင်းဖြစ်ပြီး၊ တို့ထိလိုက်လျှင် တုံ့ပြန်သံပေးခြင်း၊ ဖက်လိုက်လျှင် အသံပြုခြင်းတို့ကို သဘာဝကျကျ လုပ်ဆောင်ပြနိုင်ခဲ့သဖြင့် စမ်းသပ်လိုသူများ တန်းစီစောင့်ဆိုင်းခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ 

ပြပွဲတွင် ပြသပြီး မကြာမီ စမ်းသပ်လိုသူများ၏ အကိုင်အတွယ် ကြမ်းတမ်းမှုကြောင့် လက်များ ပြုတ်ထွက်ကုန်သဖြင့် စက်ရုပ်မယ်ကို ခေတ္တပြန်သိမ်းပြီး ပြုပြင်ကြရသည်။ 

စမန်သာစက်ရုပ်မယ်သည် သြစတြီးယားနိုင်ငံ ဇိမ်ခန်းများတွင် ထားရှိရန်အတွက် အထူးစီစဉ်ထားသည့် လိင်ဖျော်ဖြေရေး နောက်ဆုံးပေါ် စက်ရုပ်များဖြစ်ပြီး၊ လူသားများနေရာတွင် စက်ရုပ်မယ်များကို အစားထိုးကာ ဖျော်ဖြေခွင့်ပေးရန် စီစဉ်လျက် ရှိသည်။

ပြပွဲလာ အမျိုးသားများသည် စက်ရုပ်မယ်များကို ရိုင်းစိုင်းကြမ်းတမ်းစွာ အားမလို အားမရ ပြုမူဆက်ဆံကြသောကြောင့် ပျက်စီးသွားခြင်း ဖြစ်ကြောင်း၊ စမန်သာ၏ ရင်သားများကို ကြမ်းတမ်းစွာ  ကိုင်တွယ်ခြင်း၊ ခြေထောက်များကို ဆွဲခြင်းတို့ကို ပြုလုပ်ခဲ့ရာတွင် လက်ချောင်းလေးများ ကျိုးသွားခဲ့ရကြောင်း ဆန်းတို့စ်က ပြောကြားသည်။

“လူတွေက အတော်လေးဆိုးတယ်ဗျာ။ နည်းပညာ သဘောတရားကို နားမလည်ကြဘူး။ အရုပ်က လူနဲ့တူပေမယ့် လူလို မဆက်ဆံဘဲ အရုပ်လို သဘောထားပြီး အရိုင်းအစိုင်းလို ဆက်ဆံတော့ ပျက်ကုန်တာပေါ့” ဟု ယင်းက ဆိုသည်။ 

ဆန်းတို့စ်က စမန်သာအရုပ်များကို နောင်တွင် မိမိပိုင်ရှင်ကို မှတ်သားထားပြီး တုံ့ပြန်ပြောဆိုနိုင်သည်အထိ တီထွင်ရန် ရည်ရွယ်ထားကြောင်း၊ နောက်ပိုင်း စက်ရုပ်များကို AI သဘောတရားပါသည့် မှတ်ဉာဏ်နှင့် ဆော့ဖ်ဝဲများ ထည့်သွင်းပေးရန် စီစဉ်ထားကြောင်း၊ စက်ရုပ်မယ်များ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်းအချို့တွင် ဆင်ဆာစနစ်များကို ထည့်သွင်းပေးနိုင်ခဲ့သောကြောင့် တို့ထိလိုက်သည်နှင့် အသံများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြောကြားသည်။