News

POST TYPE

IT

ကမ္ဘာ့ပထမဆုံး လေပေါ်တက္ကစီ စမ်းသပ်ပျံသန်းမှု ဒူဘိုင်းတွင်စတင်
27-Sep-2017

ဒူဘိုင်း၊ စက်တင်ဘာ ၂၆

ဒူဘိုင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံး လေပေါ်တက္ကစီများကို ပြေးဆွဲသည့်နိုင်ငံ ဖြစ်လာစေရေးအတွက် ရှေ့ပြေး စမ်းသပ်ပျံသန်းမှုကို စက်တင်ဘာ ၂၅ ရက်နေ့က စတင်ခဲ့ပြီး အာရပ်ကမ္ဘာတွင် တီထွင်မှု ဦးဆောင်နိုင်ငံအဖြစ် ပြင်ဆင်လျက်ရှိကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
 
လေပေါ်တက္ကစီများကို ဂျာမနီနိုင်ငံမှ Volocopter ကုမ္ပဏီက ထုတ်လုပ် တပ်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး၊ မောင်းသူမဲ့ ဒရုန်းယာဉ်အသွင်ဖြင့် ပန်ကာ ၁၈ လက်နှင့် လူနှစ်ယောက်စီး ရဟတ်ယာဉ် ပုံစံဖြစ်ကာ သယ်ယူပို့ဆောင်မှုများကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

စမ်းသပ်ပျံသန်းမှုကို ဒူဘိုင်းအိမ်ရှေ့မင်းသား ရှိတ် ဟမ်ဒမ် ဘင် မိုဟာမက်ကိုယ်တိုင် တက်ရောက်ဖွင့်ပေးပြီး စမ်းသပ်ပျံသန်းပြခဲ့သည်။

တက္ကစီများကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ် မောင်းနှင်ပေးခြင်းလည်း မပြုဘဲ မိနစ် ၃၀ ခန့် ပျံသန်းနိုင်စေရန် စီစဉ်ပေးထားသည်။

ပျံသန်းစဉ် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ဘက်ထရီအပို၊ ပန်ကာဒလက်အပိုအပြင် အဆိုးဆုံး ပြဿနာကို ရင်ဆိုင်ရပါက ခုန်ဆင်းရန် လေထီးတစ်စုံကိုပါ ထည့်သွင်းပေးထားသည်။

Volocopter ကုမ္ပဏီသည် ဥရောပနှင့် အမေရိက ကုမ္ပဏီများကို ကျော်ဖြတ်ပြီး ဒူဘိုင်း၌ လုပ်ဆောင်ခွင့်များ ရရှိခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြို့ပြပို့ဆောင်ရေးအတွက် မောင်းသူမဲ့ လျှပ်စစ်ကားများကို သာမက ဒေါင်လိုက်အတက်အဆင်း ပြုလုပ်နိုင်သည့် လေယာဉ်လေးများကိုလည်း တီထွင် တပ်ဆင်ပေးရန် တာဝန်ယူထားရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုယ်တိုင် မောင်းနှင်နိုင်မည့် လေပေါ် တက္ကစီများ၊ ကြီးမားသော Airbus လေယာဉ်ကြီးများအထိ တီထွင်ပေးရန်အတွက် Google က ကျောထောက် နောက်ခံပေးထားသော Kitty Hawk ကုမ္ပဏီကလည်း လေပေါ် တက္ကစီမံကိန်းတွင် ပူးပေါင်းပါဝင်လျက်ရှိသည်။ 

မကြာမီ စမတ်ဖုန်းဆော့ဖ်ဝဲဖြင့် အနီးဆုံး ဆိုက်ရပ်စခန်းများမှ လေပေါ်တက္ကစီများကို မှာယူပြီး၊ မိမိတို့ သွားလိုသည့် ခရီးစဉ်ကို အလိုအလျောက်ပို့ဆောင်ပေးနိုင်တော့မည်ဟု Volocopter ကုမ္ပဏီ၏ CEO ဖလော်ရိန်း ရုတာကလည်း ပြောကြားသည်။

ဒူဘိုင်းသည် ၂၀၂၁ ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူလိုက်ပါခြင်းမရှိသည့် ယာဉ်ကိုစေလွှတ်ရန်လည်း ပြင်ဆင်နေပြီး အာရပ်ကမ္ဘာတွင် နည်းပညာ ဦးဆောင်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် အားထုတ်လျက်ရှိကြောင်း Reuters တွင် ရေးသားထားသည်။

  • VIA