News

POST TYPE

IT

ပုန်းကွယ်နေသော အီဂျစ်ပိရမစ်များ
24-Sep-2017

အီဂျစ်နိုင်ငံ အတွင်းရှိ ပိရမစ်ကြီးများသည် ယနေ့တိုင် ပဟေဠိများ ဖြစ်နေသလို၊ ပုန်းကွယ်ပျောက်နေသော ပိရမစ်ပေါင်းများစွာ ရှိလိမ့်ဦးမည်ဟုလည်း ခန့်မှန်းကြသည်။ ခေတ်အဆက်ဆက် ဘုရင်၊ ဘုရင်မများနှင့် တော်ဝင်မျိုးနွယ်ပေါင်းများစွာကို မြှုပ်နှံခဲ့သော ပိရမစ်များတွင် တန်ဖိုးမဖြတ်နိုင်သည့် ရတနာတွေကလည်း ပူးတွဲရှိနေသဖြင့် အားလုံး စိတ်ဝင်စားနေကြသည်။ 

ဆာရာ ပါကက်သည် ဘာမင်ဟန်ပြည်နယ်၊ အယ်လ်ဘားမားတက္ကသိုလ်မှ ပညာရှင်တစ်ဦး ဖြစ်သည်။ သူက NASA အဖွဲ့၏ ဂြိုဟ်တုစနစ်ကို အသုံးပြုပြီး အီဂျစ်နိုင်ငံအတွင်းရှိ ပိရမစ်များကို ရှာဖွေနေသူလည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ပါကက်သည် အီဂျစ်နိုင်ငံ တာနစ်အရပ်တွင် ထူးခြားသည့် ပုံသဏ္ဌာန် ၁၇ ခုကို ဂြိုဟ်တုကတစ်ဆင့် တွေ့ရှိသွားခဲ့သည်။ ထိုဒေသတစ်ဝိုက်ကို ထပ်မံခြေရာခံကြည့်ရာ အခြားသင်္ချိုင်းငယ်ပေါင်း ထောင်ချီပြီး ခြေရာခံမိပြန်သည်။ 

ပါကက်သည် သူ၏ ရှာဖွေရေးလုပ်ငန်းကို ဆက်ပြီးလုပ်သည်။ သက်ဆိုင်ရာဒေသကို သွားပြီး သင်္ချိုင်းများကို တစ်ခုပြီးတစ်ခု ဖော်ထုတ်သည်။ သူက ယခုဖော်ထုတ် တွေ့ရှိရသည့် ပိရမစ်နှင့် သင်္ချိုင်းအရေအတွက်မှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေးသည်ဟု ဆိုသည်။ 

လက်ရှိ သူသည် ပီရူးနိုင်ငံတွင် ရှေးဟောင်းယဉ်ကျေးမှုဒေသများအား ဖော်ထုတ်လေ့လာနေသည်။ ၂၀၁၆ ခုနှစ်တွင် Global Xplorer ဆိုသည့် ပရောဂျက်ကို စတင်လုပ်ဆောင်နေသည်။ အာကာသ ဂြိုဟ်တုများက တစ်ဆင့် ရှေးဟောင်းအမွေအနှစ်များကို ထောက်လှမ်းသည့် ပရောဂျက်ဖြစ်သည်။ သူက ရှေးဟောင်းနေရာ တစ်နေရာဟုထင်သည့် နေရာတိုင်းကို သူ့အားသတင်းပေးရန် အကူအညီ တောင်းထားသည်။ ကမ္ဘာ့မည်သည့်နေရာက ပျောက်ဆုံးနေသော ယဉ်ကျေးမှုကိုမဆို သူသည် ဂြိုဟ်တုကတစ်ဆင့် ထောက်လှမ်းရန် စောင့်ကြည့်နေသည်။