POST TYPE

IT

ကမ္ဘာ့ပထမဆုံး စကားပြောနိုင်သည့် လိင်ဖျော်ဖြေရေးစက်ရုပ်များ တီထွင်
22-Sep-2017 tagged as စက်ရုပ်

ဆန်မာကို့စ်၊ ကာလီဖိုးနီးယား၊ စက်တင်ဘာ ၂၁

၂၀၁၈ ခုနှစ် ဇန်နဝါရီလက စတင်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ ဆန်မာကို့စ် အခြေစိုက် Westworld ကုမ္ပဏီသည် စကားပြောဆို တုံ့ပြန်နိုင်မည့် လိင်ဖျော်ဖြေရေး စက်ရုပ်များကို ကမ္ဘာ့ပထမဆုံး အနေနှင့် ဈေးကွက်တွင် ဖြန့်ချိသွားရန် ပြင်ဆင်လျက်ရှိကြောင်း The Record သတင်းတွင် ဖော်ပြထားသည်။

လူပုံစံအတိုင်း တီထွင်ထားသည့် ဆီလီကွန်စက်ရုပ်များသည် လာမည့် နှစ်ပေါင်း ၂၀ အတွင်း လူသားတို့၏ လောကအတွင်း ပျံ့နှံ့ခြေချလာတော့မည် ဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားအရ လည်းကောင်း၊ အနာဂတ် စိုးရိမ်စိတ်များကြောင့် လည်းကောင်း လိင်ဖျော်ဖြေရေး စက်ရုပ်များကို မည်မျှကန့်ကွက်နေသည်ဆိုစေ တီထွင်ဆန်းသစ်မှုများနှင့် လူသားတို့ လိုအပ်ချက်ကို တားဆီးပိတ်ပင်ရန် မဖြစ်နိုင်ကြောင်း တီထွင်သူ မတ် မက်မူလန်က ပြောကြားသည်။

မကြာသေးမီက တီထွင်ထားသော စက်ရုပ်များကို ဟက်ကာများက ပရိုဂရမ်များအား ခိုးဖောက်ပြီး ပိုင်ဆိုင်သူကို သတ်ခိုင်းနိုင်ကြောင်း သတင်းများ ပေါ်ထွက်ခဲ့သော်လည်း၊ ပရိုဂရမ်များကို စက်ရုပ်ပိုင်ရှင်က လိုသလို ထည့်သွင်းပြီး အသုံးပြုနိုင်သောကြောင့် စိုးရိမ်စရာ မလိုကြောင်း ယင်းသတင်းက ဆိုသည်။

မတ် တီထွင်ထားသည့် Harmony ဆိုသော စက်ရုပ်မယ်လေးများသည် မိမိပိုင်ရှင်ကို ချစ်စဖွယ် ချိုသာသော လေသံလေးများဖြင့် ခွန်းတုံ့ပြန်နိုင်စွမ်းရှိပြီး ဟာသလေးများ အရွှန်းဖောက်ကာ ပြောဆိုနိုင်စွမ်း ရှိသဖြင့် ပိုပြီး နှစ်လိုဖွယ်ကောင်းကြောင်း The Record တွင် ရေးသားထားသည်။ 

ယခုအဆင့်မြှင့်ပြီး တီထွင်ထားသော စက်ရုပ်မယ်လေးများသည် ကိုယ်အင်္ဂါအစိတ်အပိုင်းတိုင်း လှုပ်ရှားစွမ်းဆောင်နိုင်စွမ်း ရှိရုံမက တုံ့ပြန်နိုင်စွမ်းများကလည်း ပိုကောင်းလာကြောင်း၊ စက်ရုပ်မယ်လေးများကို အမျိုးသမီးများ၏ နေရာတွင် အစားထိုးရန် မရည်ရွယ်သော်လည်း ရွေးချယ်ပိုင်ခွင့်တစ်ခု အနေနှင့် မဖြစ်မနေရှိရန် လိုအပ်လာကြောင်း မတ်က ဆိုသည်။

မတ်တီထွင်ထားသည့် စက်ရုပ်မယ်လေးများ၏ မျက်နှာအနေအထားသည် မယုံကြည်နိုင်လောက်အောင် ချောမောသည့်အပြင်၊ မျက်လုံးများ လှုပ်ရှားနိုင်ခြင်း၊ မျက်တောင်ခတ်နိုင်ခြင်း၊ မျက်ခုံးပင့်ပြီး အံ့အားသင့်သကဲ့သို့ ကြည့်တတ်ခြင်း၊ ခေါင်းကို နောက်ပြန်လှည့်ကြည့်တတ်ခြင်း၊ မေးထိုးပေးပြီး နမ်းခိုင်းတတ်ခြင်းများအပြင် မျက်နှာအမူအရာ အမျိုးမျိုးကိုလည်း ဖော်ဆောင်ပြနိုင်စွမ်း ရှိလာပြီ ဖြစ်သည်။ 

Harmony စက်ရုပ်မယ် တစ်ရုပ်လျှင် ဒေါ်လာ ၁၀၀၀၀ ဖြင့် ရောင်းချသွားရန် ပြင်ဆင်ထားကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ က မီဒီယာသို့ ပွဲထုတ်ပြရာတွင် မက်က ပြောကြားသည်။