News

POST TYPE

IT

ဗီယက်နမ် နျူကလီးယား သိပ္ပံနှင့်နည်းပညာဌာနကို ဟနွိုင်းတွင် တည်ဆောက်မည်
20-Sep-2017

ဟနွိုင်း၊ စက်တင်ဘာ ၁၉

ဗီယက်နမ်နိုင်ငံတွင် နျူကလီးယားသိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နျူကလီးယားစက်ရုံနှင့် သုတေသနဌာန နှစ်နေရာကို ဒါလတ်နှင့် ဟနွိုင်းတို့တွင် တည်ဆောက်ရန် ဗီယက်နမ် Atomic Research Institute မှ ဒါရိုက်တာ ထရမ်ချီသန်း၏ ပြောကြားချက်ကို Vietnam.Net သတင်းတွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် နျူကလီးယား စက်ရုံနှင့် လုပ်ငန်းဌာနများ တည်ဆောက်နိုင်ရေးအတွက် ရုရှားအစိုးရထံမှ အမေရိကန် ဒေါ်လာသန်း ၅၀ဝ ချေးငွေများ ရရှိခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ဗီယက်နမ် နျူကလီးယား သုတေသန ဌာနအနေနှင့် လုံခြုံစိတ်ချရသည့် နျူကလီးယား စက်ရုံများကို တည်ဆောက်ပြီးနောက် နည်းပညာများကို ဖြန့်ဝေခြင်း၊ ဆက်စပ်လုပ်ငန်းများကို လုပ်ဆောင်ခြင်းများအား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ထရမ်ချီသန်းက ပြောကြားသည်။

နျူကလီးယား အဏုမြူဓာတ်ပေါင်းဖိုများကို ဆောက်လုပ်ပြီးစီးပါက 15 MW အထိ စွမ်းအင်များကို ထုတ်ပေးနိုင်မည်ဖြစ်ပြီး၊ ဒါလက်တွင် ဆောက်လုပ်မည့် အဏုမြူ ဓာတ်အားပေး စက်ရုံသည် ယင်းထက် အဆ ၃၀ စွမ်းအားမြင့်နိုင်ကြောင်း Vietnam.Net တွင် ရေးသားထားသည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ မှ ၆၀ ခန့်ကတည်းက အော်တိုမက်တစ်စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည် ဆိုသော်လည်း ဗီယက်နမ်နိုင်ငံတွင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သေးကြောင်း၊ သို့သော် လာမည့် ၂၀၂၅ ခုနှစ်အတွင်း နျူကလီးယား ဓာတ်အားပေး စက်ရုံများကို ထူထောင်ကာ စက်မှုဖွံ့ဖြိုးရေးကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နျုကလီးယား လုံခြုံရေးအတွက်လည်း အဆင့်မြှင့် လုပ်ဆောင်ကြရန် စီစဉ်ထားကြောင်း ထရမ်ချီသန်းက ဆိုသည်။

ဗီယက်နမ်နိုင်ငံ ဒေါင်နိုင်းဒေသတွင် CNET ဆိုသည့် နျူကလီးယားဌာနကို တည်ဆောက်မည်ဖြစ်ပြီး အလုပ်သမားပေါင်း ၂၅၀ ခန့်ကို လိုအပ်နေကာ၊ စက်ရုံများ တည်ဆောက်ပြီး လုပ်ငန်းများ လည်ပတ်ချိန်တွင် လုပ်သားများကို လျှော့ချသွားမည်ဟု ဆိုသည်။

ဗီယက်နမ်နိုင်ငံတွင် နျူကလီယား စက်ရုံများ တည်ဆောက်ပြီး လုပ်ငန်း စတင်လည်ပတ်ချိန်တွင် ကဏ္ဍသုံးရပ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ အဓိက တိုးတက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆန်၊ ပြောင်း၊ ပဲနှင့် အခြား လယ်ယာထုတ်ကုန်များကို အရည်အသွေး ပြည့်အောင် ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်ကို တိုးနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း Vietnam.Net တွင် ရေးသားထားသည်။

  • VIA