News

POST TYPE

IT

အစ္စရေး ဓာတ်ခွဲခန်း အသားတု လုပ်ငန်းအတွက် တရုတ်ရင်းနှီးမြှုပ်နှံ
19-Sep-2017


ဘေဂျင်း၊ စက်တင်ဘာ ၁၉

တရုတ်နိုင်ငံသည် ဓာတ်ခွဲခန်းထုတ် အသားတု လုပ်ငန်းအတွက် အစ္စရေးနိုင်ငံ အဆင့်မြင့် နည်းပညာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းထုတ်လုပ်ရန် ဒေါ်လာသန်း ၃၀ဝ သဘောတူ လက်မှတ်ရေးထိုးကြကြောင်း The Times of Israel သတင်းတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံတွင် သဘာဝ အနေအထား ပျက်စီးလာမှုများနှင့် လေထု ညစ်ညမ်းမှုများကို အဆိုးရွားဆုံး ရင်ဆိုင်လာရသောကြောင့် နည်းပညာဖြင့် ဓာတ်ခွဲခန်းမှ အသားတုများကို ထုတ်လုပ်ရေး လုပ်ငန်းကို အလေးပေး လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အစ္စရေးနိုင်ငံမှ SuperMeat , Future Meat Technologies, Meat the Future ကုမ္ပဏီကြီး သုံးခုသည် ကမ္ဘာ့ အသားတု ထုတ်လုပ်သည့် ကုမ္ပဏီကြီး ၈ ခုအနက် ထင်ရှားသည့် ကုမ္ပဏီများဖြစ်ပြီး တိရစ္ဆာန်တို့၏ ဆဲလ်များကို ဓာတ်ခွဲခန်းအတွင်း မျိုးပွားပြီး အသားအစစ်အတိုင်း ဓာတ်ခွဲခန်းထုတ် အသားအဖြစ် ပြုပြင်ပြောင်းလဲ ထုတ်လုပ်နိုင်ခဲ့ကြောင်း Quartz မဂ္ဂဇင်းတွင် ရေးသားထားသည်။

တရုတ်နိုင်ငံတွင် ဓာတ်ခွဲခန်းထုတ် အသားများ ထုတ်လုပ်ခွင့်ရခြင်းမှာ အစ္စရေးတို့အတွက် အခွင့်အလမ်းကောင်းများဖြစ်ကြောင်း၊ တရုတ်ဈေးကွက်သည် အလွန်ကြီးမားသည့် ဈေးကွက်ကြီး တစ်ခုဖြစ်ပြီး၂၀၁၆ ခုနှစ်တွင် အသားတင်သွင်းရမှုမှာ ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိကြောင်း International Trade Centre သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် လူနေမှု အဆင့်အတန်း မြင့်မားလာပြီး လူဦးရေကလည်း ပေါက်ကွဲနေသဖြင့် အသားစားသည့်နှုန်းမှာ မြင့်တက်လျက်ရှိကြောင်း၊ တရုတ်ဈေးကွက်ကို ရလိုက်ခြင်းမှာ အလွန် ကြီးမားသည့် အခွင့်အရေးကြီး တစ်ခုဖြစ်ကြောင်း၊ ဤနည်းပညာဖြင့် အကျိုးအမြတ်ပေါင်း များစွာ တရုတ်အစိုးရအနေနှင့် ပြန်လည်ရရှိနိုင်ကြောင်း Good Food Institute မှ အကြီးအကဲ ဘရုစ်ဖရစ်ဒရစ်ခ်ျက ပြောကြားသည်။

တရုတ်နိုင်ငံ မွေးမြူရေးလုပ်ငန်းမှ စွန့်ထုတ်သော မီသိန်းဂက်စ်များကြောင့် ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်များ ၂၁ ဆ မြင့်တက်ခဲ့ပြီး ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေခဲ့ကြောင်း၊ ကမ္ဘာ့ပူနွေးမှုအတွက် မွေးမြူရေးလုပ်ငန်းမှ မီသိန်းဓာတ် ထုတ်လုပ်မှု၏ ၁၄ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံတွင် တာဝန်ရှိနေကြောင်း အစ္စရေးသတင်းတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံအနေနှင့် အသားစားသုံးမှုကို လျှော့ချမည်ဟုဆိုထားသော်လည်း တိရစ္ဆာန်များကို မမွေး၊ မသတ်ဘဲ ဖန်လုံအိမ် အကျိုးအာနိသင်ကို မထိခိုက်စေနိုင်သည့် နည်းပညာကို ရွေးချယ်သင့်ကြောင်း တရုတ်နိုင်ငံထုတ် Science and Technology Daily တင်းတွင် ရေးသားထားသည်။

  • VIA