News

POST TYPE

IT

ပြည်တွင်း ဆိုက်ဘာလုံခြုံရေးပညာရှင် ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံခြင်း
19-Sep-2017 tagged as cyber

ရခိုင်ဒေသတွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားပြီး ဆိုက်ဘာစစ်ပွဲများ တိုက်ခိုက်မှု ရှိခဲ့သည်။ ယင်းအခြေအနေတွင် မြန်မာမြေအောက်ဟက်ကာများက မြန်မာနိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်လာသည့် နိုင်ငံများကို တုံ့ပြန်တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။ ယင်းအခြေအနေတွင် မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေး အားနည်းချက်များကြောင့် ထိခိုက်မှုများလည်း ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ဆိုက်ဘာလုံခြုံရေးအပေါ် အသိအမြင်၊ နိုင်ငံအဆင့် ဆိုက်ဘာလုံခြုံရေး ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပတ်သက်ပြီး ပြည်တွင်း ဆိုက်ဘာလုံခြုံရေးပညာရှင် ကိုရန်နိုင်မြင့်နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားပြီး ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှု အခြေအနေတွေအပေါ် အမျိုးမျိုးသော တုံ့ပြန်မှုတွေလည်း ရှိကြပါတယ်ဗျ။ ပထမဆုံး အနေနဲ့ ဒီအပေါ်မှာ ဆိုက်ဘာလုံခြုံရေးပညာရှင် တစ်ယောက်အနေနဲ့ သဘောထားအမြင် ဘယ်လိုရှိမလဲဗျ။

YNM : ဒီတစ်ခေါက်ဖြစ်ပွားတဲ့ ဆိုက်ဘာတိုက်ပွဲမှာက အရင်ဖြစ်ခဲ့တဲ့ ဆိုက်ဘာတိုက်ပွဲတွေထက် ပိုကောင်းတဲ့အချက်တွေ တွေ့ရတယ်။ အရင်ကဆိုရင် မြန်မာအစိုးရဝက်ဘ်ဆိုက်တွေက ဒီတစ်ခေါက်ဖြစ်တာထက် ပိုပြီးတော့ ထိခိုက်မှုတွေ ရှိတယ်။ ဒီတစ်ခေါက်မှာတော့ အရင်ကလောက် မဆိုးဘူး။ နောက်တစ်ခုက UGMH လိုမျိုးအဖွဲ့ ပေါ်ထွက်လာတာကလည်း မြန်မာလူမျိုးတွေ အနေနဲ့ စည်းလုံးမှု ပိုကောင်းလာတယ်လို့ ပြောလို့ရတယ်။ ပြည်သူဘက်ကလည်း ဆိုက်ဘာတိုက်ပွဲမှာ မြန်မာဘက်က တိုက်ခိုက်ခဲ့တဲ့သူတွေကို ထောက်ခံအားပေးမှု များလာတာကို တွေ့ရတယ်။

သဘောထားအမြင် အနေနဲ့ ပြောရရင် ဆိုက်ဘာတိုက်ပွဲတွေ ဖြစ်လာတာ မကောင်းဘူး။ အဘက်ဘက်က ထိခိုက်မှုတွေ ဖြစ်လာဖို့ပဲ ရှိတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာတဲ့ အတွက်လည်း အစိုးရအနေနဲ့ ဒီဆိုက်ဘာလုံခြုံရေးက အရေးကြီးတယ် ဆိုတာကို ပိုပြီး ဂရုပြုမိသွားလိမ့်မယ်လို့ ထင်တယ်။

Voice : ကျွန်တော်တို့ သတင်းဌာနတွေရဲ့ဘက်က အခြေအနေက တစ်ဖက်က ဟက်ကာတွေရဲ့ စာမျက်နှာတွေ၊ ပြည်တွင်းက မြန်မာဟက်ကာတွေရဲ့ ထုတ်ပြန်ချက်တွေကို အတည်ပြုနေရတဲ့ပုံစံ ဖြစ်နေတာပေါ့။ သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကိုလည်း မေးဖို့မြန်းဖို့ အတည်ပြုဖို့ ခက်ခဲခဲ့တာတွေ ရှိခဲ့တယ်ဗျ။ ပြည်တွင်းက လုံခြုံရေးနည်းပညာရှင် တစ်ယောက်အနေနဲ့ ဒီအပေါ်မှာ ဘာမှတ်ချက်ပေးဖို့ ရှိမလဲ။

YNM : နိုင်ငံအဆင့် ဆိုက်ဘာလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေက အချိန်နဲ့ တစ်ပြေးညီ သိရှိဖို့ ကြိုးစားမယ်ဆိုရင် ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့အတွက် အခက်အခဲက အကြောင်းအမျိုးမျိုးတွေတော့ ရှိမှာပေါ့။ အားနည်းချက်တွေ ရှိခဲ့တယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အပြင်ဘက်က ပညာရှင် အနေနဲ့ဆိုရင် ဒီလောက်ပဲ ပြောလို့ရမယ်။

Voice : မြန်မာနိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ မစိမ်းပါဘူး။ ရှေ့မှာလည်း ဒီလို အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ဝိုင်းပြီးတိုက်ခိုက်တာကို ခံခဲ့ရတာတွေ ရှိတယ်။ ဒါပေမဲ့ ဘာတွေ့ရသလဲ ဆိုတော့ ဖြစ်ပြီဟေ့ ဆိုတာနဲ့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ တိုက်ခိုက်ခံရတာပဲ။ တချို့ကလည်း ဒီ အွန်လိုင်းပေါ်မှာ အခြေပြုတဲ့ လုပ်ငန်းစဉ်တွေ၊ အချက်အလက်တွေ နည်းတဲ့အခါကျတော့ ထိခိုက်မှု မရှိဘူးလို့ မြင်ကြတယ်။ ဒီလုံခြုံရေးကို အဆက်ဆက် မျက်ကွယ်ပြုခဲ့ကြတဲ့ သဘောမျိုး ဖြစ်နေသလားဗျ။

YNM : ဒီမေးခွန်းအတွက် ဟုတ်တယ်လို့ပဲ ဖြေရမှာပဲ။ အပေါ်မှာ ဖြေခဲ့သလိုပဲ အစိုးရက ဆိုက်ဘာလုံခြုံရေးကို လိုအပ်တဲ့ အနေအထားအထိ အလေးဂရုထားတာကို မမြင်ရပါဘူး။ ဒီနေရာမှာ အစိုးရရဲ့ အထိအခိုက် မခံနိုင်တဲ့ အရေးကြီးအချက်အလက်တွေကို ဒီအစိုးရ ဝက်ဘ်ဆိုက်တွေမှာ မရှိတဲ့အတွက် ထိခိုက်မှု မရှိဘူးလို့ မြင်တဲ့သူတွေ ရှိရင်ရှိမယ်။ ဒါပေမဲ့ အစိုးရရဲ့ဝက်ဘ်ဆိုက်ဗျာ။ အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ အချက်အလက်တွေဗျာ။ ဒီလိုဝက်ဘ်ဆိုက်တွေကို ဆိုက်ဘာတိုက်ခိုက်မှု ခံရတယ်။ မမှန်အချက်အလက်တွေနဲ့၊ တိုင်းပြည်ကို စော်ကားတဲ့ အချက်အလက်တွေနဲ့ Deface လာတင်တာ ခံရတယ်။ ဒါဟာ ရှက်တတ်တဲ့သူတွေ အနေနဲ့ ရှက်ဖို့ကောင်းတယ်။
ဒီထက်ပိုပြီးတော့ အစိုးရအနေနဲ့ ဆိုက်ဘာလုံခြုံရေးကို အလေးပေးပြီး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

Voice : ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆိုက်ဘာလုံခြုံရေး အဆင့်အတန်းနဲ့လည်း ချိန်ထိုးနှိုင်းယှဉ်ပေးပါဦး။

YNM : ပြောရမယ်ဆိုရင် အင်မတန် နိမ့်ကျနေသေးတယ်။ ဒေသတွင်း နိုင်ငံတွေရဲ့ အစိုးရ ဝက်ဘ်ဆိုက်တွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် အနိမ့်ဆုံး အခြေအနေလို့ ပြောလို့ရတယ်။ ဒီနေရာမှာ ပြောစရာ ရှိတာက နည်းပညာဆိုတာ အချိန်တိုင်း တိုးတက်ပြောင်းလဲနေတာ။ ဒါတွေကို အစိုးရ ဒါမှမဟုတ် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ခေတ်နဲ့အညီ လိုက်မီနေဖို့ လိုအပ်တယ်။ ဆိုက်ဘာလုံခြုံရေးကို စောင့်ကြည့်လေ့လာနေသူ တစ်ယောက်အနေနဲ့ ဆိုရင် ဒေသတွင်း နိုင်ငံတွေက သူတို့အစိုးရ ဝက်ဘ်ဆိုက်တွေရဲ့ လုံခြုံရေး၊ သူတို့ Cyber Space ရဲ့ လုံခြုံရေး အဆင့်အတန်းကို မြှင့်တင်လာတဲ့ အချိန်မှာ မြန်မာနိုင်ငံကတော့ ဒုံရင်းကနေ တိုးတက်လာတာ မရှိဘူးလို့ပဲ ပြောချင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ပြောဖို့ရှိတာက e-Government ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဆိုရင် အခြားလိုအပ်ချက်တွေအပြင် ဆိုက်ဘာလုံခြုံရေးကို ကြိုတင်ကာကွယ်တာမျိုး မရှိဘဲ၊ လုံခြုံရေး အသိအမြင် မရှိဘဲနဲ့ ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးလို့ပဲ ပြောစရာရှိတယ်။

Voice : မြန်မာပြည်က အင်တာနက် အသုံးပြုသူတွေရဲ့ လုပ်ရပ်တွေထဲက တစ်ခုဆိုရင် တစ်ဖက်က တူရကီ ဟက်ကာတွေရဲ့ ဝက်ဘ်ဆိုက်ကို မြန်မာဟက်ကာတွေက တိုက်ခိုက်နေချိန်မှာ တူရကီ ဟက်ကာတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို Report  ဝိုင်းလုပ်ကြတယ်။ သူတို့ ဒီလိုဆိုက်ဘာတိုက်ခိုက်မှုကို သိချင်မှ သိလိမ့်မယ်။ ကိုယ့်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးကို လာထိခိုက်ရင် တတ်စွမ်းသလောက် ဘာလေးပဲဖြစ်ဖြစ် တုံ့ပြန်လိုက်မယ်ဆိုတဲ့ စိတ်ထားကို မြင်ရတယ်။ ဒါက တော်တော်ထူးခြားတဲ့ တုံ့ပြန်မှုလို့လည်း ဆိုနိုင်မှာပါ။ ပြည်သူတွေရဲ့ ဆိုက်ဘာလုံခြုံရေး အသိအမြင်က ဘယ်လောက်ရှိသလဲ။ လုံခြုံရေး အသိအမြင်တွေ ပြန့်ပွားနိုင်ဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်မလဲ။

YNM : ပြည်သူတွေ အနေနဲ့ မြန်မာနိုင်ငံကို ထိခိုက်လာတဲ့ လုပ်ရပ်မျိုးကို ကာကွယ်ရမယ်၊ ဒါမှမဟုတ် ပြန်လည်တိုက်ခိုက်ရမယ် ဆိုတဲ့ အသိအမြင် တစ်ခုတော့ ရှိနေကြပြီလို့ မြင်ပါတယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး အသိအမြင်အနေနဲ့ အများကြီး ရှိမနေပေမယ့် ကိုယ့်နိုင်ငံကို စော်ကားထိခိုက်လာတဲ့ လုပ်ရပ်တွေအပေါ်မှာ ခေါင်းငုံ့မခံဘဲ တုံ့ပြန်ရမယ်ဆိုတဲ့ ခံယူချက် ရှိနေကြတယ်ဆိုတာ ယုံကြည်လို့ရတယ်။

လုံခြံရေး အသိအမြင်တွေ ပြန့်ပွားဖို့ဆိုရင် ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး ဟောပြောပွဲတွေ၊ စာတမ်းဖတ်ပွဲတွေကို လုပ်ပေးဖို့ လိုအပ်တယ်။ ဒီနေရာမှာ ဆိုက်ဘာလုံခြုံရေးကိုပဲ ရည်ရွယ်ပြီးလုပ်တဲ့ ဟောပြောပွဲတွေ ဖြစ်ဖို့လိုတယ်။ ကိုယ့်ရဲ့လုံခြုံရေးဆိုင်ရာ ထုတ်ကုန်ကို ကြော်ငြာတဲ့ပွဲမျိုးကို ပြောချင်တာ မဟုတ်ဘူး။ နောက်တစ်ခုက ပညာရှင်အဆင့် မဟုတ်တဲ့ ပြည်သူတွေပါ တက်ရောက်လေ့လာနိုင်ဖို့ လိုတယ်။ အခမဲ့လည်း ဖြစ်ဖို့ လိုအပ်ပါတယ်။

Voice : ခုတစ်ခေါက်ဖြစ်တဲ့ Cyber War မှာ တူရကီအပြင် အခြားအိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေပါ ပါဝင်လာခဲ့တယ်လို့လည်း သိရပါတယ်။ ဒီအရေးပေါ်ကာလမှာ လုံခြုံရေးအတွက် တုံ့ပြန်ဖို့ ဘယ်လိုအစီအစဉ်တွေထားဖို့ လိုအပ်မလဲ။

YNM : တူရကီ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေရဲ့ တိုက်ခိုက်မှုကို ခံရတယ်လို့ သိထားပါတယ်။ ဒီလိုအရေးပေါ်အခြေအနေတွေမှာ ထပ်ပြီးပြောရရင် အရေးအပေါ် အခြေအနေတွေတင် မကဘူး။ သာမန်အခြေအနေတွေမှာကို ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တာဝန်ရှိသူတွေက အလေးထားသင့်တယ်။ တစ်စုံတစ်ခု ဖြစ်လာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို ကြိုတင်စီမံထားသင့်တယ်။

အရေးအကြီးဆုံးက အစိုးရ ဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေကို တာဝန်ယူ ရေးဆွဲတည်ဆောက်ခဲ့တဲ့သူတွေ အနေနဲ့ ဒီလိုအခြေအနေတွေမှာ အပြည့်အဝ တာဝန်ယူကြဖို့ လိုအပ်တယ်။ ငွေရရင်ပြီးရော ဆိုတာမျိုး လက်လွတ်စပယ် လုပ်ကြတာမျိုးတွေ မဖြစ်သင့်တော့ဘူး။

Voice : ရှေ့နှစ်တွေက mmCERT အဖွဲ့ဝင် ဆရာတစ်ယောက်ကို ကျွန်တော် သတင်းစာတစ်စောင်ကနေ မကြာခဏ သတင်းမေးပါတယ်။ နိုင်ငံအဆင့် ဆိုက်ဘာလုံခြုံရေး ဆောင်ရွက်မှု သုညအဆင့်ပဲလို့ ဖြေပါတယ်။ ကျွန်တော်တို့ ရေးခဲ့ကြတယ်။ ခုနေအခါမှာရော မြန်မာနိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေး အနေအထားက ရာခိုင်နှုန်းအားဖြင့် ဘယ်လောက်အထိ ဆောင်ရွက်ထားတာ ရှိတယ်လို့ ဆိုနိုင်မလဲဗျ။

YNM : တာဝန်ရှိသူတစ်ယောက် အနေနဲ့ မဟုတ်တဲ့ အခါကျတော့ ကျွန်တော်တစ်ဦးတည်း အမြင်အရဆိုရင် ဆိုက်ဘာလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်တာတွေတော့ ရှိတယ်။ ဒါပေမဲ့ အားရလောက်စရာ အခြေအနေမှာတော့ မရှိဘူးလို့ ပြောချင်ပါတယ်။

Voice :  ဆိုက်ဘာတိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာတော့ မီဒီယာတွေက မေးကြ၊ ရေးကြပေါ့လေ။ နောက်ပိုင်း ဒီကိစ္စတွေက ရုတ်တရက် အရေးမကြီးတဲ့ အနေအထားမျိုးဆိုတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြန်ရော ဆိုပါတော့။ ဒီဆိုက်ဘာလုံခြုံရေးရဲ့ အရေးပါမှုကို နည်းနည်းလောက် ဖြည့်စွက်ပြီး ပြောပေးပါဦး။

YNM : ရှေ့မှာပြောခဲ့သလိုပါပဲ။ ဆိုက်ဘာတိုက်ပွဲတွေ ဖြစ်လာတဲ့အခါကျတော့ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်မှုတွေ ရှိလာမယ်။ အချက်အလက်တွေကို တရားမဝင် ရယူကြတာတွေ ရှိလာမယ်။ နောက်တစ်ခုက ကိုယ့်အစိုးရဝန်ကြီးဌာနတွေရဲ့ ဝက်ဘ်ဆိုက်တွေမှာ မမှန်သတင်းအချက်အလက်တွေ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကို လာတင်ခံရတဲ့ အခါမျိုးမှာ ကိုယ့်နိုင်ငံရဲ့ ပညာရှင်တွေအနေနဲ့ ရှက်ဖို့ကောင်းတယ်။

ဒီလိုတွေဖြစ်လာတဲ့အခါ တကယ်တမ်း ထိခိုက်မှာက နိုင်ငံရဲ့ ဂုဏ်သိက္ခာပဲ။ ဒါကို အထိအပါးမခံဖို့ လိုအပ်ပါတယ်။

Voice : နောက်ဆုံးအနေနဲ့ပေါ့လေ။ ဆိုက်ဘာတိုက်ပွဲတွေနဲ့ မြန်မာနိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေး ဒေသတွင်း နိုင်ငံတွေနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေတွေ ဘယ်လောက်ရှိမလဲဗျ။ နယ်ပယ်တွင်းက ပညာရှင်တစ်ယောက် အနေနဲ့ ပြောပေးပါဦး။

YNM : ကျွန်တော်တို့ သိနိုင်သလောက် အခြေအနေမှာဆိုရင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘူးလို့ ပြောနိုင်တယ်။

ဒီအခြေအနေမှာ ဟိုးအစမှာ သတင်းထုတ်ပြန်မှုတွေအကြောင်း ခင်ဗျားမေးခဲ့တယ်။ ခင်ဗျားတို့လည်း မသိနိုင်သလို ကျွန်တော်တို့လည်း မသိနိုင်ဘူး။ တာဝန်ရှိတဲ့သူတွေကမှ မထုတ်ပြန်ဘူးဆိုရင် မြန်မာနိုင်ငံကို ဘယ်နိုင်ငံတွေက ဘယ်လိုတိုက်ခိုက်မှုမျိုးတွေနဲ့ ကျူးကျော်တိုက်ခိုက်နေပြီ ဆိုတာကို တရားဝင် မသိနိုင်တော့ဘူးပေါ့။

မောင်မန်း