News

POST TYPE

IT

ဟိုတယ်မှ စွန့်ပစ်အစားအစာများကို မြေသြဇာအဖြစ် ပြန်သုံးရန် စင်ကာပူတွင် စီစဉ်
18-Sep-2017 tagged as စင်ကာပူ

စင်ကာပူ၊ စက်တင်ဘာ ၁၇

စင်ကာပူနိုင်ငံ၊ အောခစ်လမ်းအနီးရှိ Grand Hyatt ဟိုတယ်ကြီးတွင် စွန့်ပစ်အစားအစာများကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းကြောင့် တစ်နှစ်လျှင် ဒေါ်လာတစ်သိန်းခန့် ပြန်လည်ကာမိစေရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း The Straits Times သတင်းတွင် ဖော်ပြထားသည်။ 

ယင်းဟိုတယ်ကြီးတွင် စားကြွင်းစားကျန်များကို အမှိုက်ပုံးထဲထည့်မည့်အစား ဟိုတယ်ဝန်ထမ်းများသည် Biomax Thermophilic Digester ဆိုသည့် စက်အတွင်းသို့ ထည့်ပေးပြီး အသွင်ပြောင်းစေသည့် လုပ်ငန်းများကို လုပ်ဆောင်စေခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

စားကြွင်းစားကျန်များ ဖြစ်သည့် သစ်သီးသစ်ရွက်၊ အသား၊ ဥ၊ အရိုး၊ ကြက်ဥအခွံ၊ တစ်သျှူးစက္ကူ၊ သစ်သီးခွံ စသည့် စားဖိုဆောင်မှ ဖန်တီးပေးလိုက်သမျှသော အစားအသောက်များမှ ပြန်လည်ထွက်လာသည့် စွန့်ပစ်ပစ္စည်းတိုင်းကို ယင်းစက်က ပြန်လည်ပြီး ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။

စားကြွင်းစားကျန်များကို အသွင်ပြောင်းစက်က ရောဂါပိုးမွှားများ သန့်စင်ပြီး အော်ဂဲနစ် မြေသြဇာများအဖြစ် အသွင်ပြောင်းကာ စိုက်ခင်းများတွင် ပြန်လည်အသုံးပြုနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

စာကြွင်းစားကျန်များကို ၂၄ နာရီလျှင် ကီလိုဂရမ် ၅၀၀ အထိ အသွင်ပြောင်း မြေသြဇာများအဖြစ် ထုတ်ပေးနိုင်ခဲ့ကြောင်း စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးချရေး (WMRAS) အဖွဲ့၊ Biomax, Green Infiniti အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း The Straits Times တွင် ရေးသားထားသည်။

ဟိုတယ်များတွင် စားသောက်သမျှ၏ ၁၄ ရာခိုင်နှုန်းခန့်မှ စွန့်ပစ်ပစ္စည်းများအဖြစ် လွှင့်ပစ်နေကြရကြောင်း၊ မြေသြဇာအဖြစ် ထုတ်လုပ်မှုများကို ပူးပေါင်းလုပ်ဆောင်နိုင်ကြမည် ဆိုလျှင် ၂၀၃၅ မှ ၂၀၄၀ အတွင်း Semakau ကျွန်းတစ်ကျွန်းစာခန့်ကို စွန့်ပစ်စားကြွင်းစားကျန်များက တစ်ဆင့် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း WMRAS အဖွဲ့မှ မစ္စတာ အက်ဒ်ဝင် ပန်းက ပြောကြားသည်။ 

စားကြွင်းစားကျန်များကို ပြန်လည်ပြီး မြေသြဇာထုတ်လုပ်ခြင်း လုပ်ငန်းကို Grand Hyatt ဟိုတယ်နှင့် Meridian Primary School တို့ ပူးပေါင်းပြီး စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး၊ ကျောင်းများမှ စွန့်ပစ်စားကြွင်း စားကျန်များကိုလည်း မြေသြဇာအဖြစ် ထုတ်လုပ်ရန် ပညာပေးလျက်ရှိကြောင်း အခြားကျောင်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း ဟိုတယ်တာဝန်ရှိသူများက ဆိုသည်။