News

POST TYPE

IT

ဘန်ကောက်မြို့တွင်း မော်တော်ဆိုင်ကယ် ပို့ဆောင်ရေး ဖုန်းဖြင့် ဝန်ဆောင်မှုပေးမည်
18-Sep-2017 tagged as နည်းပညာ

ဘန်ကောက်၊ စက်တင်ဘာ ၁၇

ဘန်ကောက်မြို့အတွင်း အမြန်ဆုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းအဖြစ် မော်တော်ဆိုင်ကယ် တက္ကစီများဖြင့် ပို့ဆောင်ပေးခြင်းကို Uber Moto ဆော့ဖ်ဝဲအား ဖုန်းထဲထည့်ထားခြင်းဖြင့် အလွယ်တကူ ခေါ်ဆိုနိုင်ရန် ပို့ဆောင်ရေး ဝန်ဆောင်မှုများကို လုပ်ဆောင်နေသော Uber ကုမ္ပဏီက စီစဉ်ပေးပြီး လုပ်ငန်းသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။ 

UberMoto အနေနှင့် ဖုန်းအတွင်းရှိ ဆော့ဖ်ဝဲကတစ်ဆင့် အနီးဆုံး ဆိုင်ကယ်များကို ခေါ်ယူပြီး ဝန်ဆောင်မှုများကို ပေးခိုင်းနိုင်မည် ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

Uber Thailand မှ အထွေထွေမန်နေဂျာ ဆီရီပါ ဂျန်ဆာဝပ်က မိမိတို့သည် ဘန်ကောက်ရှိ မော်တော်ဆိုင်ကယ် တက္ကစီအဖြစ် ဆွဲနေသောသူများနှင့် ပူးပေါင်းလိုက်ပြီး UberMoto သယ်ယူပို့ဆောင်ရေး လုပ်ငန်းသစ်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဘန်ကောက်ကဲ့သို့ ကားများ ရှုပ်ထွေးသည့် မြို့ကြီးတွင် အမြန်ဆုံး သယ်ယူပို့ဆောင်ပေးနိုင်ရန် လိုအပ်နေကြောင်း၊ ထိုင်းနိုင်ငံအတွင်း ရောက်လာသူတိုင်းကို စိတ်ချမ်းသာပျော်ရွှင်စွာဖြင့် သယ်ယူပို့ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်း ယင်းက ဆိုသည်။

UberMoto ဆိုင်ကယ်များကို ငှားစီးလိုသူတိုင်းသည် Uber ဆော့ဖ်ဝဲကို ဖုန်းအတွင်း ထည့်သွင်းထားရန်လိုပြီး မိမိရောက်နေသည့် ဝန်းကျင်၌ ရှိနေသည့် ဆိုင်ကယ်များကို ခေါ်ယူနိုင်ကြောင်း၊ ဆိုင်ကယ်သမားများ ဆက်သွယ်လိုက်သည်နှင့် အမြန်ဆုံး ရောက်လာကာ လိုရာခရီးကို ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

Uber အနေနှင့် မိမိတို့ ဆိုင်ကယ်များကို ခေါ်ယူစီးနင်းခြင်းအတွက် လုံခြုံရေးကို တာဝန်ယူသည့်အပြင် ထိုဆိုင်ကယ်များ မည်သည့်နေရာကို ရောက်နေကြောင်းလည်း GPS စနစ်ဖြင့် အမြဲနောက်ယောင်ခံ လိုက်နေမည် ဖြစ်ကြောင်း၊ ဆော့ဖ်ဝဲထဲတွင် ပါသည့် Share Your Trip ဖြင့်လည်း မိမိမည်သည့်နေရာကို ရောက်နေကြောင်း မိသားစုများထံ အချိန်ပြည့် အဆက်အသွယ်ပြုနိုင်ကြောင်း ဂျန်ဆာဝပ်က ပြောကြားသည်။

ခရီးစဉ်တစ်ခုကို စတင်သည်နှင့် ၁၅ ဘတ် စတင်ပေးရမည်ဖြစ်ပြီး ပထမ ၅ ကီလိုမီတာကို ၅ ဘတ်နှုန်း၊ ၅ ကီလိုမီတာကျော်လျှင် ၁၀ ဘတ်နှုန်း တိုးမြှင့်ပေးဆောင်ရန် သတ်မှတ်ထားပြီး ကျန်ခရီးစဉ်အတွက် တစ်မိနစ် တစ်ဘတ်နှုန်း ပြောင်းလဲကောက်ခံမည် ဖြစ်သည်။ 

ပေးဆောင်ရမည့် ငွေများကို ငွေသား သို့မဟုတ် ခရက်ဒစ်ကတ်ဖြင့် ဆော့ဖ်ဝဲကတစ်ဆင့် ပေးချေနိုင်ရန် စီစဉ်ထားကြောင်း Bangkok Post တွင် ရေးသားထားသည်။