News

POST TYPE

IT

တရုတ်တွင် လောင်စာဆီဖြင့် မောင်းနှင်ရသော ကားများကို ပိတ်ပင်တော့မည်

ဘေကျင်း၊ စက်တင်ဘာ ၁၂

တရုတ်နိုင်ငံ၊ စက်မှုနှင့် အိုင်တီဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတစ်ဦးဖြစ်သူ ကျင်ကိုပင်းက နိုင်ငံအတွင်း လောင်စာဆီများဖြင့် မောင်းနှင်နေရသော ကားများကို ပိတ်ပင်သွားရန် စီစဉ်နေကြောင်း ထုတ်ပြန် ကြေညာလိုက်သောကြောင့် နိုင်ငံတွင်း ကားထုတ်လုပ်မှု လုပ်ငန်းတွင် ဂယက်ရိုက်ခတ်သွားခဲ့ရကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ကားထုတ်လုပ်မှုလုပ်ငန်းကို ပိုင်ဆိုင်ထားပြီး ယမန်နှစ်ကအထိ ကား ၂၈ သန်းကို ထုတ်လုပ်ခဲ့ကာ၊ ကား ၈၈ သန်းကျော် ရောင်းချနိုင်ခဲ့သောကြောင့် ကမ္ဘာ့ကားအရောင်း စံချိန်တွင်လည်း တတိယအဆင့် လိုက်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

လောင်စာဆီသုံးကားများကို ပြေးဆွဲ မောင်းနှင်ခွင့်များအား ပိတ်ပင်ရန် မကြာခဏ စီစဉ်လျက်ရှိပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု အလွန် ဆိုးရွားလာသောကြောင့်ဖြစ်ကြောင်း၊ ရာသီဥတု ဆိုးရွားပြီး မြူခိုးများ ဝေနေချိန်မှာပင် ကားများကထွက်သည့် မီးခိုးများကြောင့် တရုတ် တစ်နိုင်ငံလုံး အမှောင်ဖုံးသလိုဖြစ်နေရကြောင်း၊ လောင်စာဆီ သုံးကားများကို ပိတ်ပင်ရန်ဖြစ်သော်လည်း လုပ်ငန်းရှင်များနှင့် မကြာခဏ ပြဿနာဖြစ်နေရာက ဝန်ကြီးဌာနအနေဖြင့် မကြာမီ ပိတ်ပင်တော့မည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် လျှပ်စစ်ကားများ ထုတ်လုပ်ရန် လုပ်ငန်းကို စတင်လျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် အစီးပေါင်း ၅၀၇၀ဝ၀ စီးကို ရောင်းချရာ၌ လျှပ်စစ်ကား ၃၅၀ဝ၀ဝ ပါဝင်ကြောင်း AFP သတင်းတွင် ရေးသားထားသည်။

၂၀၁၇ ခုနှစ်ကုန်တွင် တရုတ်နိုင်ငံ နေရာအနှံ့အပြားတွင် လျှပ်စစ်ကားများ ပြန်လည် အားပြန်ဖြည့်သွင်းနိုင်မည့် စခန်းနေရာပေါင်း ၈၀ဝ၀ဝ၀ ကိုတည်ဆောက်ရန် အစိုးရက လှုပ်ရှားဖော်ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဖန်လုံအိမ် သက်ရောက်မှု တိုင်းတာစစ်ဆေးရာတွင် ၂၀၁၆ ခုနှစ်က အဆိုးရွားဆုံး အနေအထားကို ရောက်နေခဲ့ပြီး အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို စတင် လုပ်ဆောင်ခဲ့ရာတွင် မြို့ကြီးများဖြစ်သော ဘေဂျင်းမှ ရှန်ဟိုင်းအထိ လျှပ်စစ်ကားများ အားပြန်သွင်းနိုင်သည့် စခန်းများကို ၃ မိုင်တွင် တစ်ခုနှုန်းဖြင့် တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်။

တရုတ်သည် ပြင်သစ်၊ ဗြိတိန်နိုင်ငံများမှ ဆီသုံးကားများ တင်သွင်းမှုကို ရပ်ဆိုင်းသွားမည် သာမက ဘက်ထရီ စွမ်းအင်ဖြင့် မောင်းနှင်ရမည့် လျှပ်စစ်ကားများ တီထွင်ထုတ်လုပ်မှုကို ယမန်နှစ်ကတည်းက နိုင်ငံခြား ကားလုပ်ငန်းကြီးများသည် တရုတ်နိုင်ငံတွင် လာရောက် လုပ်ဆောင်နေကြောင်း AFP သတင်းတွင် ရေးသားထားသည်။