News

POST TYPE

IT

ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထား တရုတ် တီထွင်
11-Sep-2017 tagged as တရုတ် ရထား

ဘေဂျင်း၊ စက်တင်ဘာ ၁၀

တရုတ်နိုင်ငံတွင် ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားကို ထပ်ဆင့်တီထွင်လိုက်ပြီး ဝန်ဆောင်မှု လုပ်ငန်းများကို စတင်ပေးတော့မည် ဖြစ်ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။

ဘေဂျင်းမှ ရှန်ဟိုင်းသို့ ပြေးဆွဲမည့် ကျည်ဆန်ရထားသည် ၂၀၁၁ ခုနှစ်က တရုတ်တို့ တီထွင်ခဲ့သော တစ်နာရီလျှင် ကီလိုမီတာ ၃၀၀ ပြေးဆွဲနိုင်သည့်နှုန်းကို စံချိန်ချိုးကာ တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အထိ ပြေးဆွဲနိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ကီလိုမီတာ ၁၃၀၀ ဝေးကွာသည့် ဘေဂျင်းနှင့် ရှန်ဟိုင်း ခရီးစဉ်ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် လိုင်းသစ်ဖြင့် ရထားသစ်ကို ပြေးဆွဲမည်ဖြစ်ရာ ယခင်ပြေးဆွဲချိန်ထက် တစ်နာရီ ပိုပြီး သက်သာကာ ရောက်ရှိနိုင်တော့မည် ဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ရထားပို့ဆောင်ရေး လုပ်ငန်းများအပေါ် အာရုံစိုက်လာပြီး ရှန်ဟိုင်းခရီးစဉ်တွင် ကျည်ဆန်ရထား မဟုတ်သော Maglev ရထားများကိုလည်း တစ်နာရီလျှင် ၄၃၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲပေးလျက် ရှိသော်လည်း ခရီးသည် အကန့်အသတ်နှင့် ရှန်ဟိုင်းစင်တာမှ လေဆိပ်အရောက်သာ ပို့ဆောင်နိုင်သေးသည်။

Maglev ဆိုသည်မှာ  Magnetic Leviation ဆိုသည့် နည်းပညာကို ကိုယ်စားပြုပြီး သံလမ်းနှင့် ရထားကို သံလိုက်စွမ်းအင်ဖြင့် ပြေးဆွဲနိုင်စေရန် ဖန်တီးထားခြင်း ဖြစ်ကြောင်း၊ နောက်ဆုံး တီထွင်လိုက်သည့် ကျည်ဆန်ရထားများမှာလည်း ဘီးများနှင့်ပင် သံလမ်းပေါ်တွင် ပြေးဆွဲဦးမည် ဖြစ်ကြောင်း တီထွင်သူများက ပြောကြား သည်။

ကမ္ဘာ့ဒုတိယအမြန်ဆုံး ရထားပြေးဆွဲခြင်းကိုလည်း တရုတ်တို့ကသာ ပိုင်ဆိုင်ထားပြီး ဘေဂျင်းမှ ရှန်ဟိုင်းသို့ပင် ပြေးဆွဲပေးနေကြောင်း Railway Technology Website တွင် ဖော်ပြထားသည်။

ယခုအခါ ကမ္ဘာ့မီးရထားလုပ်ငန်းကို တရုတ်တို့က ခြေလှမ်းပြင် သိမ်းပိုက်ထားရာတွင် ကီလိုမီတာပေါင်း ၁၉၀၀၀ ခန့်ကို စိုးမိုးထားနိုင်ပြီ ဖြစ်ကြောင်း AP သတင်းတွင် ရေးသားထားသည်။ 

ကျည်ဆန်ရထားကို ဂျပန်တို့ကလည်း အမြဲတမ်းအဆင့်မြှင့်ကာ လုပ်ဆောင်လျက်ရှိပြီး တစ်နာရီ ၆၀၃ ကီလိုမီတာအထိ မောင်းနှင်နိုင်သော ရထားရှိနေပြီ ဆိုသော်လည်း လက်တွေ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အသုံးမပြုနိုင်သေးသောကြောင့် တရုတ်တို့က ဂျပန်တို့ထက် ပိုပြီးခြေတစ်လှမ်း သာနေခဲ့သည်။