News

POST TYPE

IT

အတုလုပ်နိုင်သော စက္ကူနိုင်ငံကူး လက်မှတ်များအစား စမတ်ဖုန်းဆော့ဖ်ဝဲကို အသုံးပြုမည်
11-Sep-2017 tagged as နည်းပညာ

လန်ဒန်၊ စက်တင်ဘာ ၁၀

စက္ကူသားများကို အသုံးပြုထားသည့် နိုင်ငံကူးလက်မှတ် (Passport) များသည် အတုပြုလုပ်နိုင်သဖြင့် စမတ်ဖုန်းဆော့ဖ်ဝဲများကို အသုံးပြုပြီး ဒစ်ဂျစ်တယ် သက်သေခံမှတ်တမ်းများကို လုံခြုံရေးအတွက် အသုံးပြုရန် စီစဉ်နေကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။

ဒစ်ဂျစ်တယ် သက်သေခံချက်များသည် ပိုမိုတိကျပြီး၊ ငွေကုန်လည်းသက်သာ၊ အွန်လိုင်းရာဇဝတ်မှုများကိုပါ အလွယ်တကူ ထိန်းချုပ်နိုင်သောကြောင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားရန် ပြင်ဆင်နေကြောင်း ဗြိတိန် Social Market Foundation အဖွဲ့၏ ထုတ်ပြန်ချက်ကို ယင်းသတင်းတွင် ဖော်ပြထားသည်။

နိုင်ငံကူး လက်မှတ်စာအုပ်များသည် အတုများ ပေါများလာပြီး လုံခြုံရေးအတွက် စီမံဆောင်ရွက်နိုင်ရန် အားနည်းလာခြင်းကြောင့် မသမာမှုများသည် ၂၀၁၀ မှ ၂၀၁၆ ခုနှစ်အတွင်း ၆၈ ရာခိုင်နှုန်းခန့် တိုးလာကြောင်း ယင်းသတင်းက ဆိုသည်။

ဗြိတိန်နိုင်ငံအတွင်း နိုင်ငံကူးလက်မှတ်အတုများဖြင့် ဝင်ရောက်နေမှုများသည် ယခုအတိုင်းသာ ဆိုလျှင် ၂၀၁၀ မှ ၂၀၂၀ အတွင်း ၁ ဒသမ ၅ သန်းကျော်နှုန်းအထိ မြင့်မားသွားနိုင်ကြောင်း The Guardian ရေးသားထားသည်။

ဗြိတိန် Thintank အဖွဲ့ကြီးတစ်ခု ဖြစ်သည့် Social Market Foundation ၏ ထုတ်ဖော်ပြောချက်အရ အစိုးရသည် ယခုအခါ Verify ဆိုသည့် ပရိုဂရမ်တစ်ခုကို စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစီမံချက်အရ အွန်လိုင်းကတစ်ဆင့် ဒေတာများကို အခြေခံထားသော ဆော့ဖ်ဝဲဖြင့် တင်ပြလာသော နိုင်ငံကူးလက်မှတ်များ၊ ကားလိုင်စင်များကို ချက်ချင်းစစ်ဆေးကာ ခွဲခြမ်းစိတ်ဖြာပြီး အတုအစစ် ဖော်ထုတ်မည် ဖြစ်ကြောင်း သိရသည်။

UAE နိုင်ငံတွင်လည်း Estonia’s e-ID  စနစ်ကို အသုံးပြုပြီး အင်တာနက်ကတစ်ဆင့် နိုင်ငံကူးလက်မှတ်များကို စစ်ဆေးပြီးမှ နိုင်ငံဝင်ခွင့်များ ပေးနေကြောင်း The Guardian တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံသည် ဒစ်ဂျစ်တယ် ID များ လုပ်ဆောင်သည့်စနစ်တွင် အမေရိကနှင့် အခြားဥရောပနိုင်ငံများထက် နောက်ကျကျန်ခဲ့သောကြောင့် ဟိသရိုးလေဆိပ်အဝင် စစ်ဆေးခြင်းများကို ဆောင်ရွက်ရာ၌ တန်းစီစောင့်ဆိုင်းခြင်းများကို စိတ်ပျက်ဖွယ် ကြုံတွေ့နေရပြီး ပြုပြင်ပြောင်းလဲတော့မည့် လက်ရှိ လူ၏မျက်နှာ၊ ဒစ်ဂျစ်တယ် အချက်အလက်များ၊ အွန်လိုင်းပေါ်ရှိ မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို မိနစ်ပိုင်းအတွင်း ဖြေရှင်းနိုင်မည့် စနစ်အား မကြာမီ အသုံးပြုသွားမည် ဖြစ်ကြောင်း The Guardian တွင် ရေးသားထားသည်။