News

POST TYPE

IT

ရခိုင်အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး၊ ပြဿနာဖြေရှင်းရာ၌ ကောင်စီ အခိုင်အမာပါဝင်ပတ်သက်မည်ကို တရုတ်မလိုလားဟု သတင်းထွက်
31-Aug-2017 tagged as တရုတ်

ရန်ကုန်၊ သြဂုတ် ၃၁


ရခိုင်ပြည်နယ်ပြဿနာနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC) အစည်းအဝေးကို ဗုဒ္ဓဟူးနေ့(ယမန်နေ့)က ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များအားလုံးက အကြမ်းဖက်တိုက်ခိုက်မှုများကို ကန့်ကွက်ရှုတ်ချခဲ့ပြီး တင်းမာမှုများလျော့ကျသွားအောင် လုပ်ဆောင်ကြရန် ရခိုင်ပြဿနာနှင့်သက်ဆိုင်သူအားလုံးကို တိုက်တွန်းလိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သျှူးရိုင်းခရော့ဖ်၏ ပြောကြားချက်ကို Nikkei Asia Review က ရေးသားဖော်ပြသည်။ 


“မြန်မာ့အရေးကိစ္စအပေါ် ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ အများကြီးဖြစ်နေတယ်လို့ ပြောရင်ရမယ်ထင်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကျွန်တော်တို့အားလုံး(လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ) ပြစ်တင်ရှုတ်ချပါတယ်။ သက်ဆိုင်သူတွေအနေနဲ့ (တင်းမာမှုတွေကို)လျှော့ချပစ်ဖို့ ကျွန်တော်တို့တိုက်တွန်းဆော်သြထားပါတယ်” ဟု သံအမတ်ကြီး ရိုင်းခရော့ဖ်က လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားသည်။ 


ထို့ပြင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များသည် အထွေထွေအတွင်းရေးမှူးဟောင်း ကိုဖီအာနန်၏ ရခိုင်ရေးရာ အစီအရင်ခံစာတွင် ဖော်ပြထားချက်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ 
AFP သတင်းဌာန၏ ရေးသားဖော်ပြချက်တွင်မူ မြန်မာ့အရေးနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် ဗြိတိန်နိုင်ငံက အဆိုပြုခဲ့ကြောင်း၊ သို့သော် သံတမန်များအဆိုအရ အဆိုပါပြဿနာကို ဖြေရှင်းရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အခိုင်အမာပါဝင် ပတ်သက်မှုကို တရုတ်နိုင်ငံက တင်းခံခဲ့ကြောင်း ဖော်ပြထားသည်။ (China was resisting stronger involvement by UN Council in addressing the crisis) (မှတ်ချက်။ အခြားသတင်းဌာနများ ဖော်ပြသလို တရုတ်က ကန့်ကွက်ခဲ့ခြင်းမဟုတ်ပေ)


လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲ ပြီးဆုံးခဲ့သော်လည်း ရခိုင်အရေးကိစ္စအတွက် နောက်ထပ်မည်သည့် အစီအစဉ်များ ပြုလုပ်ထားသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသလို ကောင်စီ၏ ဆုံးဖြတ်ချက်(ကြေညာချက်) တစ်စုံတရာလည်း ထုတ်ပြန်မှုမပြုခဲ့ပေ။

 
လာမည့် စက်တင်ဘာလအတွင်း ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပရန်ရှိရာ ယင်းညီလာခံတွင် ရခိုင်ကိစ္စကို ဆွေးနွေးမည်ဟုမျှော်လင့်ရကြောင်း AFP သတင်းဌာနကဖော်ပြသည်။