News

POST TYPE

IT

အိမ်စီးကား ရေမြောင်းထဲ ထိုးကျတိမ်းမှောက်၍ လေးဦး သေဆုံး
28-Aug-2017 tagged as ကား

တောင်ငူ၊ သြဂုတ် ၂၈

ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင် ၇၇ အနီး သြဂုတ်လ ၂၇ ရက် ညနေပိုင်းက အိမ်စီးမော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းဘေးရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းနှင့် မိသားစုဝင်သုံးဦး သေဆုံးခဲ့ကြောင်း ဝေါမြို့မရဲစခန်းထံမှ သိရှိရသည်။

ယာဉ်ပေါ်တွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦး လိုက်ပါလာပြီး မိုင်တိုင် ၇၇ အနီးအရောက် အနက် ၁၀ ပေ၊ အကျယ် ၂၀ ပေခန့်ရှိ ရေအိုင်ထဲသို့ ထိုးကျပြီးနောက် လေးဦး သေဆုံးခဲ့ကြောင်း ဝေါမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သေဆုံးသူတွေက ရေနစ်သေဆုံးတဲ့ လက္ခဏာ တွေ့ရပါတယ်” ဟု ရဲအရာရှိက ပြောကြားသည်။

ယာဉ်မောင်း ဦးဇော်လင်း (၃၅ နှစ်ခန့်)၊ ဒေါ်သန်းအေး (၆၂ နှစ်ခန့်)၊ ဒေါ်ယမင်းသူ (၃၆ နှစ်ခန့်) နှင့် ခုနစ်တန်းကျောင်းသား မောင်ကောင်းဆက်မင်းထွန်း (၁၃ နှစ်) တို့ လေးဦး သေဆုံးခဲ့ပြီး ဦးမင်းမင်းထွန်း (၃၇ နှစ်ခန့်) က ဒဏ်ရာများ ရရှိခဲ့သဖြင့် ဝေါဆေးရုံကြီးတွင် ကုသထားကြောင်း ယင်းစခန်းထံမှ သိရှိရသည်။

ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ဝေါမြို့မရဲစခန်းက ယာဉ်မောင်း ဦးဇော်လင်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၊ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ဝေါမြို့မ ရဲစခန်းထံမှ သိရှိရသည်။

R-15