News

POST TYPE

IT

ကလေး-ဂန့်ဂေါရထား လမ်းချော်
28-Aug-2017 tagged as ရထား

ကလေး၊ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာ ပြေးဆွဲသည့်ရထား ယနေ့ (သြဂုတ် ၂၈ ရက်) နံနက် ၇ နာရီခန့်က ဟဲလုပ်ကျေးရွာ ဘူတာရောက်ခါနီး လမ်းချော်ခဲ့ကြောင်း ယင်းနေရာအနီး နေထိုင်သည့် ဦးကျော်ထိန်က ပြောကြားသည်။

ယင်းသို့ ဖြစ်ပွားသော်လည်း လိုက်ပါလာသည့် ခရီးသည် ဆယ်ဦးကျော် ထိခိုက်ဒဏ်ရာ မရရှိဘဲ ကား၊ ဆိုင်ကယ်များဖြင့် ခရီးဆက်လက် ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း၊ နံနက် ၁၀ နာရီခွဲခန့်တွင် ရထားကို သံလမ်းပေါ်သို့ ပြန်တင်နိုင်ပြီ ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကလေးမြို့ မီးရထားရုံး တာဝန်ရှိသူတစ်ဦးက “နှစ်ဘီးချော်သွားတဲ့ နေရာလေးက ရေဝပ်တယ်။ ရေဝပ်ပြီးတော့ မြေနည်းနည်းနိမ့်သွားတယ်ပေါ့ဗျာ” ဟု ရှင်းပြသည်။

ကလေး-ဂန့်ဂေါ ရထားလမ်းပေါ်တွင် ဇူလိုင်လ ၃၁ ရက်က ဟံသာဝတီနှင့် မှန်တောရွာကြားတွင် တစ်ကြိမ်၊ သြဂုတ်လ ၃ ရက်တွင် ဟံသာဝတီနှင့် ကုက္ကားကြားတွင် တစ်ကြိမ် လမ်းချော်မှု ဖြစ်ပွားခဲ့ရာ ယခု သြဂုတ်လအတွင်း ရထားလမ်းချော်မှု နှစ်ကြိမ် ရှိသွားပြီ ဖြစ်သည်။

ထို့ကြောင့် လမ်းချော်မှု ဖြစ်ပွား၍ ခရီးသွားများ၊ ရထားဝန်ထမ်းများ အခက်အခဲများ ကြုံတွေ့နေရသဖြင့် တာဝန်ရှိသူများက လမ်းပိုင်းကောင်းမွန်ရေး၊ ကြံ့ခိုင်ရေး ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များ ပြုပြင်ဆောင်ရွက်ပေးသင့်ကြောင်း ကလေးမြို့နေ ဦးသိန်းသန်းထွန်းက မှတ်ချက်ပြုသည်။ 

R-20
ဓာတ်ပုံ-ဦးကျော်ထင်