News

POST TYPE

IT

လျှပ်စစ်ကားနှင့် မီနီထရပ်များကို အခွန်တိုးမည်
25-Aug-2017 tagged as ကား လျှပ်စစ်

ရန်ကုန်၊ သြဂုတ် ၂၄

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းနှင့်ညီစေရန် ယခုနှစ် အောက်တိုဘာလမှစ၍ အကောက်ခွန် နှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဖြစ်ရာ လျှပ်စစ်ကားနှင့် မီနီထရပ် မော်တော်ယာဉ်များ တင်သွင်းခြင်း အကောက်ခွန် နှုန်းများကိုလည်း တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

လျှပ်စစ်မော်တော်ယာဉ်များကို ယခင်က ၁ ရာခိုင်နှုန်းမှ ယခုအခါ ၂၀ ရာခိုင်နှုန်းသို့ လည်းကောင်း၊ မီနီထရပ် မော်တော်ယာဉ်များကို ယခင်က ၃ ရာခိုင်နှုန်းမှ ယခု ၁၀ ရာခိုင်နှုန်းသို့ လည်းကောင်း အကောက်ခွန်နှုန်းထား တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ထိုမော်တော်ယာဉ်များကို အကောက်ခွန်နှုန်းထား တိုးမြှင့်ကောက်ခံခြင်းကို မော်တော်ယာဉ်လုပ်ငန်းရှင် အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုမှုများ ရှိသော်လည်း အခွန်တိုးကောက်မည့်အရေး ကြိုတင်ထုတ်ပြန်ပေးခြင်းနှင့် ပတ်သက်၍မူ အကောင်းမြင်ကြသည်။

“ကမ္ဘာပေါ်မှာတောင် ရေနံကို ဘယ်လိုလျှော့သုံးရမလဲလို့ အမျိုးမျိုး ကြံဆနေကြတယ်။ လျှပ်စစ်ကား ပိုအသုံးပြုဖို့ကိုလည်း တိုက်တွန်းနေကြတယ်။ ကျွန်တော်တို့အစိုးရ အနေနဲ့လည်း ဒီလိုဖြစ်ရမှာကို ဒီလိုအခွန် ပိုတိုးကောက်တာ မကောင်းပါဘူး။ မီနီထရပ်လည်း ဒီအတိုင်းပါပဲ။ အခြေခံလူတန်းစားတွေ လုပ်ငန်းသုံး အနေနဲ့ သုံးကြတာများတာကို ဒီလိုလုပ်တော့ မကောင်းဘူးလေ” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်စွာက မှတ်ချက်ပြု ပြောဆိုသည်။

အစိုးရအနေနှင့် လျှပ်စစ်ဓာတ်အား အသုံးပြုသည့် မော်တော်ယာဉ်များ နိုင်ငံအတွင်း ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်စေရန် အလွယ်တကူ ဓာတ်အားသွင်းနိုင်မည့် နေရာများပင် ပြုလုပ်ပေးသင့်ကြောင်း၊ လတ်တလော မြန်မာနိုင်ငံအတွင်း ဂျပန်နိုင်ငံ Nissan ကားကုမ္ပဏီက ထုတ်လုပ်သည့်  Leaf အမျိုးအစား လျှပ်စစ်ယာဉ်များကို တင်သွင်းစီးနင်းလျက်ရှိကာ တရုတ်နိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်များကို တွင်ကျယ်စွာ အသုံးပြုနေပြီ ဖြစ်သည့်အတွက် နောက်ပိုင်းကာလများတွင် တရုတ်ထုတ်လျှပ်စစ်ကားများ ဝင်ရောက်လာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကောက်ခွန်ဦးစီးဌာနသည် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂ မှ မြန်မာ့အကောက်ခွန်နှုန်း ၂၀၁၇ သို့ ယခုနှစ် အောက်တိုဘာလမှစ၍ ကျင့်သုံးမည်ဖြစ်ရာ စားသောက်ကုန်များ အပါအဝင် ကုန်စည်အများစုကို အကောက်ခွန် နှုန်းထားများ တိုးမြှင့်ကောက်ခံမည် ဖြစ်သည်။                                      

S-04