News

POST TYPE

IT

ရသေ့တောင်ရှိ ရေအားလျှပ်စစ် စီမံကိန်းမှ မဂ္ဂါဝပ် ၈၀ဝ ခန့် ထုတ်ယူနိုင်မည်
21-Aug-2017 tagged as လျှပ်စစ်

ရန်ကုန်၊ ဩဂုတ် ၂၁

လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်အဖြစ် ရသေ့တောင်မြို့နယ်တွင် ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်မဂ္ဂါဝပ် ၈၀ဝ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံမှ သိရသည်။

ရေအားလျှပ်စစ် စီမံကိန်းအတွက် ရသေ့တောင်မြို့နယ်ရှိ နန်းရာချောင်းနှင့် လက်တက်ချောင်းတို့ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရှိ ပညာရှင်များ ကွင်းဆင်း စစ်ဆေးပြီးနောက် အဆိုပါပမာဏ ရရှိနိုင်သည်ကို တွက်ချက်နိုင်ခဲ့ကြောင်း ပြည်နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ အကြီးတန်း အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

“ရသေ့တောင်မြို့ပေါ်နဲ့ ကျေးရွာတွေကို လုံလောက်တဲ့ လျှပ်စစ်ဓာတ်အား ရရှိအောင် စီစဉ်ပေးမယ်။ ပိုလျှံတဲ့ ဓာတ်အားပမာဏကို ဆက်စပ်တဲ့ ဘူးသီးတောင်မြို့နယ်က ကျေးရွာတွေကို ခွဲပေးမယ်။ လောလောဆယ် ခွဲတမ်းအချိုးက ပြောဖို့ ခက်သေးတယ်”ဟု ၎င်းကဆိုသည်။

ရေအားလျှပ်စစ်မှတစ်ဆင့် လျှပ်စစ်ထုတ်ယူရန် စီစဉ်ထားသည့် နန်းရာချောင်းမှာ အလျား ၅ မိုင်ကျော်နှင့် အနံပေ ၂၀ဝ၀ ခန့် ကျယ်ဝန်းပြီး လက်တက်ချောင်းမှာ အလျား ၄ မိုင်ကျော်နှင့် အနံပေ ၁၅၀ဝ ကျော်ရှိသည့်အပြင် ရေခန်းခြောက်မှု မရှိသောချောင်းများဖြစ်ခြင်းကြောင့် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ထုတ်ယူနိုင်ကြောင်း ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

ရေအားလျှပ်စစ် ထုတ်ယူရေး စီမံချက်အတွက် တည်ဆောက်ရေး လုပ်ငန်းများကို ယခုနှစ်အတွင်း ဆောင်ရွက်ရန် စီစဉ်မည်ဖြစ်ပြီး ဓာတ်အားဖြန့်ဖြူးရေး ကဏ္ဍ၌ ဓာတ်အားခွဲရုံများ အဆင့်ဆင့် တည်ဆောက်မည်ဖြစ်ကြောင်း ပြည်နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ သိရသည်။

ရခိုင်ပြည်နယ်၊ မြို့နယ်ပေါင်း ၁၃ မြို့နယ်သို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဖြန့်ဖြူးပေးရာတွင် ရသေ့တောင်မြို့နယ်မှာ ကျန်ရှိနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

“နိုင်ငံတော်အဆင့်က လျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက် လာလုပ်တာပါ။ နယ်ဒေသဖြစ်တော့ ချောင်းတွေ၊ မြောင်းတွေကပဲ ရေအားလျှပ်စစ် နည်းပညာနဲ့ ထုတ်ယူဖို့ အဓိက စဉ်းစားရတာပါ။ မဟာဓာတ်အားလိုင်းနဲ့ ဝေးခဲ့တော့ လျှပ်စစ်မီးတောင် မရခဲ့တဲ့ ရသေ့တောင်ပြည်သူတွေ နောက်နှစ်ဆို လျှပ်စစ်မီး မြင်ရပြီပေါ့ဗျာ”ဟု ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ဆိုသည်။

လက်ရှိ ရသေ့တောင်မြို့နယ်သည့် ပုဂ္ဂလိက မီးစက်များဖြင့် ဖြန့်ဖြူးပေးသော လျှပ်စစ်ဓာတ်အားကို ဆယ်ယူနစ်အထိ ၃၅ ကျပ်နှုန်း၊ ၁၀ ယူနစ်အထက် ၁၀ဝ ကျပ်နှင့် ယူနစ်တစ်ရာအထက် ၂၅၀ ကျပ်ဖြင့် ဝယ်ယူသုံးစွဲရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၃ မြို့နယ်နှင့် ဆက်စပ် ကျေးရွာပေါင်း ၁၈၄ ရွာ၌ လျှပ်စစ်ဓာတ်အား ရရှိနေပြီဖြစ်သော်လည်း ကျန်မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား တိုးချဲ့ပေးနိုင်ရန် လျှပ်စစ်ထုတ်ယူမှုနှင့် ပတ်သက်သော ကနဦး စူးစမ်းတိုင်းတာရေးအဖွဲ့ကို ဩဂုတ်လ ၁၁ ရက်က စေလွှတ်ခဲ့သည်။

J-17