News

POST TYPE

IT

ဖုန်းသရဲများကို သပိတ်ကျင်း ရဲတပ်ဖွဲ့ အရေးယူမည်
19-Aug-2017

သပိတ်ကျင်း၊ သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့မရဲစခန်း ဟော့လိုင်းဖုန်းများသို့ ဖုန်းခေါ်ဆိုကာ စနောက်ခြင်း၊ နှောက်ယှက်ပြောဆိုခြင်းများ ရှိနေသဖြင့် ဖုန်းသရဲများကို ယနေ့ (သြဂုတ်လ ၁၉ ရက်) မှစ၍ စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း ယင်းရဲစခန်း ရဲအုပ်မြင့်သိန်းက ပြောကြားသည်။

“နှောက်ယှက်နေတာ အတော်ကြာပြီ။ တစ်နေ့ကို အနည်းဆုံး ဆယ်ကြိမ်လောက် မကဘူး။ ပြောဆိုနှောက်ယှက်နေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ တကယ်အရေးပေါ် ဆက်သွယ်ပြောဆို၊ တင်ပြတိုင်ကြားလာလို့ မကိုင်လိုက်မိဘူးဆိုရင် ရဲတပ်ဖွဲ့ကိုပဲ အပြစ်မြင်ကြတာ” ဟု ရဲအုပ်မြင့်သိန်းက ပြောကြားသည်။

ယင်းသို့ စနောက်ခြင်း၊ နှောက်ယှက်ခြင်း ပြုလုပ်သည့် ဖုန်းနံပတ်များကို ဆက်သွယ်ရေး တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကာယကံရှင်ကို စစ်ဆေးဖော်ထုတ်မည် ဖြစ်ပြီး လတ်တလောတွင် အော်ဒီဒူးနှင့် တယ်လီနော် ဆင်းကတ်အမျိုးအစားများက ခေါ်ဆိုမှုများကြောင်း သပိတ်ကျင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

ရဲစခန်းတွင် အမျိုးသား ရဲအရာရှိနှင့် အမျိုးသမီး ရဲအရာရှိများက တာဝန်မှူးအဖြစ် အလှည့်ကျ ထမ်းဆောင်ရပြီး ယင်းသို့ စနောက်ဖုန်းခေါ်သဖြင့် အမျိုးသမီး ရဲအရာရှိများအတွက် စိတ်အနှောက်အယှက် ဖြစ်စေကြောင်း ဒုရဲအုပ် မိုးဝင်းအောင်က ပြောဆိုသည်။

R-05
ဓာတ်ပုံ - တင်ဇော်ဦး