News

POST TYPE

IT

Metal ဂစ်တာ သင်တန်းနည်းပြဆရာ ဆရာညီညီထွေးနှင့် တွေ့ဆုံခြင်း
23-Aug-2016

နည်းပညာကို နယ်ပယ်စုံတွင် အသုံးချနိုင်ပြီး နည်းပညာကို အသုံးချပါက အသုံးပြုနိုင်သည့်အလျောက် တိုးတက်မှုနှုန်း ပိုမိုမြန်ဆန်ပြီး အလုပ်တွင်ကျယ်စေနိုင်မည်ကို သိရှိထားကြပြီး ဖြစ်ပါလိမ့်မည်။ နည်းပညာနှင့် အုပ်ချုပ်ရေး၊ နည်းပညာနှင့် ပညာရေး၊ နည်းပညာနှင့် စီးပွားရေး၊ နည်းပညာနှင့် လူမှုရေး စသည်ဖြင့် ကဏ္ဍနယ်ပယ် အသီးသီးတွင် နည်းပညာကို ပေါင်းစပ်ထည့်သွင်းလိုက်သည့်အခါ အကျိုးရလဒ်ကောင်းများကို အချိန်တိုအတွင်း လွယ်ကူစွာ ရရှိနိုင်မည် ဖြစ်ပေသည်။ ယင်းသို့ဆိုလျှင် အနုပညာတွင် နည်းပညာကို ပေါင်းစပ်ထည့်သွင်းလျှင် မည်သို့နည်းဟူသော မေးခွန်းအတွက် လူငယ်ဂစ်တာသမားများ အမြောက်အမြား မွေးထုတ်ပေးနေသည့် Metal ဂစ်တာသမားတစ်ဦး ဖြစ်သူ ဆရာညီညီထွေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ဆရာ့အနေနဲ့ ဂစ်တာနဲ့စပြီး ထိတွေ့ခဲ့တဲ့ အချိန်ဆိုရင် ဘယ်အချိန်လောက်က ဖြစ်မလဲ။

NNH : ကျွန်တော် ခြောက်နှစ်သားလောက်ကပဲ။ အစ်ကိုတွေက ၁၀ နှစ်လောက် အသက်ကွာတာလေ။ သူတို့ ဂစ်တာတီးတော့ ငါလည်း အဲ့ဒီမှာ တီးဖြစ်တာပေါ့။

ကျွန်တော့်ဆရာက ကိုငြိမ်းဦး။ ကျွန်တော့်အစ်ကိုပေါ့။ သူက ကျွန်တော့်ကို သင်ပေးတယ်။ အဲ့ဒီကနေ ၁၉၈၃ မှာ ဆရာသမား ကိုထွန်းမြင့်အောင်နဲ့ တွေ့တယ်။ သူ့ဆီမှာ ဂစ်တာကို စနစ်တကျ သင်ဖြစ်တယ်။ Classical ကို ပိုပြီးဦးတည်ပြီး သင်တာ။ နောက်ပြီးတော့ ၁၉၈၈ လောက်မှာ Yngwie Malmsteen ဆိုတဲ့ ဆွီဒင်ဂစ်တာသမားရဲ့ သီချင်းတွေ တီးဖြစ်ရင်း Metal တွေ Rock တွေ ကြိုက်လာတာပေါ့။ 

အဲ့ဒီအချိန်မှာ ဆရာသမားက သုံးယောက်ဖြစ်လာတယ်။ ကိုထွန်းမြင့်အောင်ရယ်၊ ကိုသောင်းမြင့်အောင်ရယ်၊ ကိုမျိုးမြင့်အောင်ရယ်ဆိုပြီး ညီအစ်ကို သုံးယောက်။ 

Voice : ၁၉၈၈ လောက်မှာ Show တွေ စတီးနေပြီ ဆိုတော့ အဲ့ဒီခေတ်စနစ် အခြေအနေမှာ ဘယ်လိုအခက်အခဲတွေ ရှိခဲ့သေးလဲ။

NNH : လူတွေက အဲ့ဒီအချိန်မှာ အပြင်းဆုံးအနေနဲ့ မြန်မာပြည်မှာ ကိုညီထွဋ်တို့ကို ကြိုက်ကြတယ်။ အဲ့ဒီမှာ ကိုညီထွဋ်တို့လို လိုင်းမျိုးနဲ့ ဒီဘက်က Metallica တို့  Skid Row တို့လို မူရင်းတွေကို လုပ်ကြတာ။ အဲ့ဒီလို ပြင်းထန်တာတွေကို မခံနိုင်တော့ ရန်တွေဖြစ်ကြတယ်။ ဒီဘက်ခေတ်လို သိပ်မငြိမ်းချမ်းတော့ တစ်ဖက်နဲ့တစ်ဖက် ထိုးကြကြိတ်ကြတာတွေ ဘာတွေဖြစ်တယ်။ အဲဒီနှစ်ခုကြားထဲမှာ ဟိုဘက်ဒီဘက် ကူးနေရတော့ Metal ဂီတက တော်တော်ယိမ်းယိုင်နေတဲ့ အခြေအနေ Distortion အသံဆို လူတွေက မကြိုက်ကြဘူး။

Voice : အပြင်ဘက်မှာကလည်း အရေးအခင်းကာလ ဖြစ်နေတာကိုး။ အဲ့ဒီအချိန်မှာလား။

NNH : အဲ့ဒီ ၈၈ မတိုင်ခင်မှာ ရပ်ကွက် Show တွေမှာ နှစ်တိုင်းနီးပါး တီးဖြစ်တယ်။ အရေးအခင်းပြီးတဲ့နောက်မှာ တီးတာက တော်တော်ထူးထူးဆန်းဆန်းပဲ။ ကျွန်တော်တို့ သူငယ်ချင်း ဗိုလ်ကြီးသန်းနိုင်ဆိုတာ ရှိတယ်။ သူက ပါမစ်မရတာကို ရအောင်ယူပြီး တီးကြတာပေါ့။ အဲ့ဒီမှာတင် ရန်တွေဖြစ်။ စစ်သားတွေနဲ့ အရပ်သားတွေနဲ့ တရုန်းရုန်းနဲ့ စတိတ်ရှိုးက စတိတ်ရှိုးနဲ့ မတူတော့ဘူး။ လုံးဝလူသတ်ပွဲကြီးလို ဖြစ်နေတာ။ အဲ့ဒါမျိုးတော့ နဖူးတွေ့ဒူးတွေ့ ကြုံခဲ့တယ်။ ကြောက်ဖို့လည်း ကောင်းတယ်။ ပြန်စဉ်းစားတော့လည်း အမှတ်တရတွေ ဖြစ်တာပေါ့။

Voice : ကျွန်တော့်အနေနဲ့ အဓိက မေးချင်တာက နည်းပညာဟာ အနုပညာဖန်တီးမှု အပေါ်မှာ အထောက်အပံ့ ဘယ်လောက်ပေးနိုင်သလဲပေါ့။ ဆရာ့အမြင်မှာ နည်းပညာဟာ ဂီတဖန်တီးမှုအပေါ်မှာ ဘယ်လောက်အထောက်အပံ့ ပေးနိုင်သလဲ။

NNH : အဲ့ဒီဟာနဲ့ ပတ်သက်ပြီး ကွန်ပျူတာတွေ ကျွန်တော်တို့ဆီမှာ စသုံးကျတော့ အဲ့ဒီတုန်းက Window 95 ပေါ့။ အဲ့ဒီအချိန်မှာ ကွန်ပျူတာကို သိပ်ဖီးမလာဘူး။ ဂီတက ကိုယ့်နှလုံးသား ခံစားချက်နဲ့ တီးကြတယ်လို့ ယူဆတယ်။ 
အဲ့တုန်းက ဒီလိုအင်တာနက်ဆိုတာ ရှားပါးတယ်။ အဲ့တော့ အင်တာနက် သုံးချင်ရင် Soft Link ဆိုတာ ရှိတယ်။ ဗိုလ်အောင်ကျော်လမ်းမှာ။ အဲ့ဒီမှာမှတ်ပုံတင်တွေ ဘာတွေနဲ့ မှတ်ပုံတင်ပြီး သုံးရတဲ့အချိန်။ 

ကျွန်တော်တို့က အဲ့အချိန်မှာ Guiter Pro ဆော့ဖ်ဝဲကို ဒေါင်းလုပ် လုပ်တယ်။ အဲ့ဒီမှာ ဖွင့်လို့ရတဲ့  Note တွေကို ဒေါင်းလုပ်လုပ်တယ်။ ကျွန်တော်တို့ အရင်တုန်းက စာအုပ်တစ်အုပ်ရဖို့ အရမ်းခက်ခဲတယ်။ မပေးချင်တဲ့သူလည်း ရှိတယ်။ အဲ့ဒါမျိုး မဟုတ်တော့ဘဲနဲ့ Google မှာ ရှာလိုက်တာနဲ့ သီချင်းတွေရဲ့ Note တွေ တစ်ညကို ကျွန်တော်ထင်တယ်။ အပုဒ်သုံးထောင်လောက် ဒေါင်းလုပ် လုပ်ဖြစ်တယ်။ 

အဲ့ဒီမှာ My Song Book ဆိုတဲ့ ဝက်ဘ်ဆိုက်က Note တွေ တော်တော်မှန်တယ်။ အခုတော့ အဲ့ဒီကောင် ပိတ်သွားပြီ။ Ultimate ရယ်၊ 911Tab ရယ်က တော်တော်လေးကောင်းတယ်။ အဲ့ဒါတစ်ခု တွေ့တယ်။ ဘာတွေ့သေးလဲဆိုတော့ Power Tab က တော်တော်မှန်တယ်။ နောက် Tab Edit ဆိုတာ အဲ့ကောင်တွေ သုံးတယ်။ သုံးနေရင်းနဲ့မှ Recording ဘက်မှာ Acid 2 ဆော့ဖ်ဝဲ တွေ့တယ်။

အဲ့ဒီမှာ Acid က ဘာပြဿနာရှိလဲ ဆိုတော့ ဖြတ်ဖမ်းလို့ မရဘူး။ ပြီးသွားရင် ထပ်ချင်တယ်ဆိုရင် နောက်တစ်လိုင်းနဲ့ လုပ်ရတယ်။ နောက်တော့FL Studio ဆိုတာပေါ်လာတယ်။ အဲ့အရှေ့ကို ပြန်သွားကြည့်ရင် MC 50 ဆိုတာရှိတယ်။ Micro Composer လို့ ခေါ်တယ်။ အဲ့ဒီစက်တွေ။ နောက် SR 60 လို့ ခေါ်တယ်။ အဲ့ကောင်တွေက ကွန်ပျူတာကို ချုံ့ထားတာပဲ။ Note တွေ ရေးလို့ရတယ်။ အဲ့ကတည်းက သုံးလာတော့ ဒီဘက်မှာ Acid တို့ FL တို့ ပေါ်လာတဲ့အချိန်မှာ ပိုကြိုက်သွားတယ်။ အဲ့ဒီမှာ ကွန်ပျူတာကို စပြီးစိတ်ဝင်စားတာပဲ။

ကွန်ပျူတာကို သုံးခြင်းအားဖြင့် ဂီတပညာကို လေ့လာတဲ့အခါမှာ You Tube၊ Google ကပဲ ဖြစ်ဖြစ် ကိုယ်သိချင်တာ တစ်ခုကို ရှာလိုက်တာနဲ့ အကုန်ရတယ်။ နောက်ဆုံးကျတော့ အဖြေထွက်လာတာက ဂီတပညာရပ်ကို လေ့လာချင်ရင် အွန်လိုင်းမှာ လေ့လာတာက စနစ်တကျနဲ့ မေးမြန်းနိုင်တယ်။ အင်္ဂလိပ်စာ ကောင်းဖို့တော့ လိုတယ်။ မကောင်းဘူးဆိုလည်း ပြဿနာမရှိဘူး။ ကောင်းတဲ့တစ်ယောက်ယောက်ကို ဘာသာပြန်ခိုင်းပြီး အသုံးချမယ်ဆို ကောင်းတယ်။

Voice : နည်းပညာကို အသုံးချပြီး ရှာဖွေလေ့လာတဲ့ အပိုင်းကတော့ အထောက်အပံ့ ပိုဖြစ်သွားစေတာပေါ့။ ကိုယ်ဖန်တီးတဲ့ အပိုင်းမှာကျတော့ရော။

NNH : ကိုယ်ဖန်တီးတဲ့အပိုင်းကျတော့ ကျွန်တော်တို့ဆိုရင် အသံဖမ်းဖို့ဆိုရင် စတူဒီယို သွားရတယ်။ ဂစ်တာကြီးတွေ သယ်သွား။ Amp တွေ မ,သွား။ Effect တွေ မ,သွားဆိုတော့ ကြိုက်လည်းတီး မကြိုက်လည်းတီး။ ပြီးရင် ပြန်လာခဲ့ရတာ။ အခုကျတော့ အဲ့လိုမဟုတ်ဘူး။ ညဘက်ရုပ်ရှင်ကြည့်နေရင်းနဲ့လည်း မုဒ်ရတယ်ဆိုရင် ကွန်ပျူတာဖွင့်ပြီး ကောက်တီးလိုက်ရုံပဲ။ ရေလည်အဆင်ပြေတယ်။ အကြိုက်ဆုံးပဲ နည်းပညာကို အသုံးချရတာကို။

Voice : ဆရာတို့ ၁၉၈၈ လောက်မှာ လူစီဖာနဲ့ အခွေထွက်ထားသေးတယ်။ အဲ့အချိန်မှာ အသံဖမ်းရတဲ့ ပုံစံနဲ့ ဒီဘက်ခေတ်မှာ အသံဖမ်းတဲ့ ပုံစံကျတော့ ဘယ်လိုမျိုး ကွာသွားသလဲဗျ။

NNH : အဲ့ဒီမှာလည်း ကောင်းတာနဲ့ မကောင်းတာ နှစ်ခုက ဒွန်တွဲလာတယ်။ အဲ့ဒီတုန်းကကျတော့ အစကနေ အဆုံးအထိ ဖြတ်တီးလို့ရတယ်။ ဒါပေမဲ့ အခု ခေတ်လိုမျိုး 10 Bar လောက်တီးပြီး အဲ့လောက်လေးကို ဟိုဘက်ကို ကော်ပီလုပ်လို့ မရဘူး။ အသံတွေကို မမြင်ရဘူး။ Reel တွေနဲ့ သွားတာ။ တိပ်ကြီးတွေနဲ့ ဖမ်းတဲ့ခေတ်။ လေးလက်မ ထူတယ်။ နောက် ဗီဒီယိုတိပ်နဲ့ ဖမ်းတာတွေ ပေါ်လာတယ်။ နောက်တော့ HD 24 ဆိုပြီး ပေါ်လာတယ်။ အဲ့ကောင်လည်း ကောင်းတယ်။ Hard Disk နဲ့ ဖမ်းရတာ။ ဒါပေမဲ့ အဲ့ဒီမှာ အသံရဲ့ Wave တွေကို မမြင်ရတဲ့အတွက် ပြဿနာရှိတယ်။ ကွန်ပျူတာမှာကျတော့ ကိုယ်တီးထားတာတွေကို မြင်ရတယ်။ ဘယ်ကောင်များနေလဲ၊ ဘယ်ကောင် တိုင်မင်အောက်နေလဲ။ အဲ့ကောင်ကို ဆွဲစိလိုက်လို့ ရတယ်။ အဲ့တော့ အရင်တုန်းကကျတော့ သီချင်းတစ်ပုဒ်ကို အစကနေ အဆုံးအထိ အပီတီးတတ်ထားမှ Recording တီးလို့ရတယ်။ အခုကျတော့ ကိုယ်တီးတတ်သလောက်နဲ့ ချက်ချင်းဖြတ်ဆက်တာတို့၊ ပြင်တာတို့ လုပ်လို့ရလာတယ်။ အထူးသဖြင့် အမုန်းဆုံးကတော့ Auto Tune နဲ့ Melodie ဆိုတဲ့ ကောင်တွေက သီချင်းမဆိုတတ်လည်း ကောင်းသွားမယ်။ ဂစ်တာမတီးတတ်လည်း ကောင်းသွားမယ် ဆိုတာမျိုး။ အဲ့ဒါမျိုးကျတော့ ကွန်ပျူတာထဲမှာ အရမ်းအလုပ်လုပ်ထားတဲ့သူက အပြင် Live လည်းကျရော မတီးတတ်တော့ဘူး။ အဲ့ဒါမျိုးလည်း တွေ့ရတယ်။

အချိုးချရင် ဟိုဘက်က Recording က ၁၀ ဆို ဒီဘက်က ၉၀ လောက် ပိုပြီး လွယ်ကူသွားတယ်။ Effect တွေ၊ Plug in တွေ အရမ်းစုံလာတော့ ကိုယ်လိုချင်တဲ့ အသံတွေကို ဒီထဲမှာ အကုန်ဖန်တီးလို့ရတယ်။ နောက်ပြီးတော့ ကိုယ်က Steve Vai ကြိုက်တယ်။ Metallica ကြိုက်တယ်ကွာ။ ဘယ်လိုပဲကြိုက်ကြိုက် သူတို့ရဲ့ Effect သံတွေကအစ ကော်ပီဆွဲပြီး ပြန်ထုတ်လို့ရတယ်။ အဲ့ဒါမျိုးတွေလည်း အရမ်းကောင်းတယ်။ 

Voice : အဲ့ဒါက Show မှာကျတော့ ပြဿနာ ရှိနိုင်လား။

NNH : Show မှာကျတော့ ကျွန်တော်တို့က ဘယ်လိုမျိုးလုပ်လဲဆိုတော့ အဲ့ဒီ Setting ချထားတာကို တစ်ခါတည်း မသွားတယ်။ အခုနောက်ပိုင်း ကွန်ပျူတာပါ ချိတ်ထားတယ်။ စိတ်ကြိုက်ပြင်ဆင်သွားတယ်။ ၁၀ ပုဒ်တီးမယ်ဆို တစ်ပုဒ်ချင်း နှိပ်လိုက်ရုံပဲ။

Voice : နည်းပညာကို သုံးလာတာရဲ့ အကောင်းအဆိုးမှာ အကျိုးနဲ့အပြစ် ဘယ်လိုရှိတယ်လို့ မြင်သလဲ။

NNH : ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင်တော့ ဂီတဖန်တီးမှုတွေက ဆိုးဝါးလာတယ်လို့လည်း ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ- You Tube ပေါ့။ သိပ်ကြောက်ဖို့ကောင်းတယ်။ ကလေးငယ်ငယ်လေးတွေကလည်း ဂန္ထဝင် တကယ့်ဆရာကြီးတွေ တီးထားတာတွေကို သူတို့က လိုင်းပေါ်မှာ တင်လိုက်တယ်။ သူတို့က ကာဗာခေါ်တာပေါ့။ အဲ့ဒီကာဗာတီးလာတာမှာ အရမ်းသေသပ်လာတယ်။ ကောင်းလာတယ်။ ဒါပေမဲ့ ဘယ်ဟာကိုပြန်တွေ့လာလဲ ဆိုတော့ သူတို့က အဲ့ဒီကာဗာကလွဲရင် ကျန်တာမတီးနိုင်ဘူး။ တစ်ပုဒ်ကောင်း နှစ်ပုဒ်ကောင်းပေါ့။ ၁၀ ပုဒ်လည်း ဖြစ်ရင်ဖြစ်မယ်။ အဲ့ဒါကလွဲရင် ကျန်တာမတီးနိုင်ဘူး။ နောက်တစ်ခုက အတွေးအခေါ်ပေါ့။ လူငယ်တွေက စာမဖတ်တော့ဘူး။ ကွန်ပျူတာပေါ်ကနေ PDF အနေနဲ့ ရှိနေတဲ့ စာအုပ်တွေဆိုရင် စာအုပ်ကိုင်ဖတ်ရတာလောက် အရသာ မရှိဘူး။ တချို့ဖတ်တဲ့သူတွေတော့ ရှိတယ်။ အများသောအားဖြင့်တော့ သူတို့နဲ့ စကားပြောကြည့်လိုက်ရင် ခံစားမှုအပိုင်း အားနည်းလာတာ တွေ့ရတယ်။ 

Voice : အဲ့ဒီလို ခံစားမှု သေလာတဲ့အခါကျတော့ သူတို့ဖန်တီးတဲ့ ဂီတမှာ အားနည်းလာတာမျိုး တွေ့ရလား။

NNH : အခုနောက်ပိုင်း ဂီတဖန်တီးမှုတွေကို ပြန်လေ့လာကြည့်ရင် Looping Music ခေါ်တာပေါ့။ Solo တစ်ခုက ိုတီးရင် မြန်အောင်တီးတယ်။ Cord တွေကို သိတယ်။ အရင်တုန်းက ဂီတသမားတွေက ကြိုးကလေးတွန်းလိုက်တာနဲ့ အဲ့ဒီအပေါ်မှာ ခံစားမှုတွေ အကုန်ပါသွားတယ်။ သီချင်းတစ်ပုဒ်ကို ကြိုတင်ခန့်မှန်းလို့ မရတာကိုက အနုပညာပဲလို့ ခံစားကြတာ။ အခုကျတော့ စက်လိုပဲ ရိုက်ထုတ်လိုက်တာ။ အဲ့ဒါလေးတွေ ပြဿနာနည်းနည်း ရှိတယ်။ သူဘာတီးတော့ မယ်ဆိုတာ ကြိုခန့်မှန်းလို့ ရလာတယ်။ တိုင်မင်နဲ့ကြည့်မယ်ဆိုရင် ၁ မှာ တစ်လုံး။ ၂  ရဲ့ n မှာ တစ်လုံးကျပြီး ၄ မှာ တစ်လုံးကျတယ်။ အဲ့ဒါက အခုခေတ် ဖန်တီးတာတွေမှာ အကုန်လုံး အဲ့ဒီ Frame ထဲက မထွက်ဘူး။

Voice : ဆရာ့အနေနဲ့ကျတော့ သင်တန်းလည်း ပေးနေတာ ဆိုတော့ အွန်လိုင်းပေါ်က သင်တန်းပေးတဲ့ ပုံစံကို ဆရာ့အနေနဲ့ ဘယ်လိုယူဆသလဲ။

NNH : အဲ့ဒီနေရာမှာ နှစ်ခုရှိတာပေါ့။ ဘာရှိလဲဆိုတော့ သင်တဲ့သူရယ် အသင်ခံတဲ့သူရယ်မှာ ဆရာ လုပ်တဲ့သူက ပိုပြီးတော့ တာဝန်ကြီးတယ်။ ကျွန်တော်တို့ဆိုရင် ဂစ်တာတီးသင်ပေးတယ်ဆိုရင် သင်တန်းသား တစ်ယောက်ကို ဘယ်လိုသင်ပေးမလဲ။ တတ်မှတတ်ပါ့မလား။ အဲ့လိုသံသယစိတ် ရှိတယ်။ ကျွန်တော်တို့ သင်တန်းကြေး ယူထားတော့ အဲ့လိုသင်တန်းကြေး ယူထားတာ တန်ပါ့မလားဆိုတဲ့ စိတ်ရှိတယ်။ 

သင်တဲ့သူက မသင်တတ်ရင် သင်တန်းသားအတွက် မကောင်းဘူး။ တစ်ဖက်သူက ဘာစိတ်ဝင်စားလဲ။ ဘာအားနည်းချက် ရှိသလဲ။ အဲ့ဒါကို ချက်ချင်းထောက်ပြနိုင်ရမယ်။ သူ့ကို အနည်းဆုံး တစ်နာရီလောက် ဂစ်တာပေးတီးထားရတယ်။ အဲ့ဒီမှာ သူရဲ့လက်ကို ဘယ်လောက်သေသပ်အောင် လုပ်နိုင်မလဲဆိုတာရှိတယ်။
အွန်လိုင်းပေါ်ကနေ သင်ခန်းစာတွေ သင်မယ်ဆိုရင် ဒါက ဂီတလောကကို ပေါ့ပေါ့ပါးပါးနဲ့ ဖျက်ဆီးလိုက်တယ်လို့ပဲ ယူဆရတယ်။ ကမ္ဘာပေါ်မှာလည်း ဂီတသင်တန်းကျောင်းတွေ ရှိတယ်။ ၆ နှစ်လောက် သွားတက်မှ တတ်လာတာ။ အဲ့ဒါတောင် ဆရာက အနီးကပ်ရှင်းပြတဲ့ အတွက်ကြောင့်မို့လို့။ အဲ့ဒါက မဖြစ်နိုင်ဘူးလို့တော့ မပြောဘူး။ မကောင်းဘူးလို့ပဲ ထင်တယ်။ 

Voice : အဲ့ဒီတော့ ဗီဒီယိုဖိုင်တွေနဲ့ သင်မယ်ဆိုရင် သင်ယူမယ့်သူက ဘယ်လိုအခက်အခဲတွေ ရှိနိုင်မလဲ။

NNH : စတီးကတည်းကကိုက စနစ်တကျသင်ဖို့ လိုတယ်။ ၉၀ ရာခိုင်နှုန်းလောက်ကတော့ အဆင်မပြေနိုင်ဘူး။ ရမ်းသမ်းပြီးတော့ မပြောချင်ဘူး။ ဂစ်တာသင်တာက ဆရာနဲ့တပည့် မျက်နှာချင်းဆိုင်တွေ့ပြီး သင်တာက အကောင်းဆုံးပဲ။ စာပေတို့ ဘာတို့ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ ဒါကကျတော့ အနုပညာအလုပ်လေ။ စကားပြောနေရင်းတောင် အတွေးအခေါ်တစ်ခု၊ ခံစားမှုတစ်ခုကို ရှင်းပြမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။
နောက်တစ်ခုက ကျွန်တော်လည်း DVD သင်ခန်းစာတွေ ရှိတယ်။ အဲ့ဒီမှာ တစ်ဖက်လူက ပြန်မေးစရာ မလိုတော့လောက်အောင် ပြထားတယ်။ အခု Sky Net မှာလည်း လက်ဘယ်လိုထားရမယ် ဆိုတာကအစ ပြောထားပေးတယ်။ ကိုယ့်ဘက်က ပြည့်ပြည့်စုံစုံ လုပ်ပေးထားတယ် ဆိုရင်တောင် အများအားဖြင့် ၅၀ ရာခိုင် နှုန်းလောက်ပဲ တစ်ဖက်လူက တီးလို့ရမယ်။ ကျန်တဲ့အပိုင်းက တွေ့ကိုတွေ့ဖို့လိုတယ်။ ဒီအလုပ်တွေကလည်း ဂစ်တာသင်တန်းကို လာတက်ရင်တောင် အယောက်တစ်ရာသင်ရင် ၅ ယောက်ကျန်ရင် ကံကောင်းလေ။ ခံစားမှုနဲ့ အတွေးအခေါ်ကို ရဖို့က မလွယ်ဘူး။

မောင်မန်း