News

POST TYPE

IT

ခရက်ဒစ်ကတ်အရွယ် ဒေါ်လာ ၄၀၀ တန် ခေါက်သေနတ် တီထွင်
11-Aug-2017 tagged as နည်းပညာ

ဝါရှင်တန်၊ သြဂုတ် ၁၀

လက်နက်များ ထုတ်လုပ်နေသော မြောက်ကာရိုလိုင်းနားမှာ Trailblazer Firearms ကုမ္ပဏီသည် ခေါက်ထားလိုက်လျှင် ခရက်ဒစ်ကတ် အရွယ်အစားခန့်သာ ရှိသည့် ဒေါ်လာ ၄၀၀ တန် အိတ်ဆောင်ပွိုင့်တူးတူး ခေါက်သေနတ်လေးများကို တီထွင်ခဲ့ကြောင်း USA Today သတင်းတွင် ဖော်ပြထားသည်။

LifeCard .22LR ဟု အမည်ပေးထားသော ယင်းသေနတ်လေးများသည် အလေးချိန် ၇ အောင်စခန့်သာရှိပြီး ခေါက်ထားလျှင် အရှည် ၃ လက်မကျော်ကျော်၊ ဗြက် ၂ လက်မကျော်ကျော်သာ ရှိကြောင်း၊ ထုမှာ ၁ ဒသမ ၂၇ စင်တီမီတာခန့်သာ ရှိကြောင်း ယင်းသတင်းက ဆိုသည်။

ကုမ္ပဏီအနေနှင့် LifeCard သေနတ်လေးများကို တီထွင်နေသည်မှာ ၇ နှစ်ခန့်ရှိပြီ ဖြစ်ပြီး လူကိုသေစေနိုင်သည့် အသေးဆုံး ခေါက်သေနတ်များအဖြစ် ဈေးကွက်ကို တင်နိုင်သည်အထိ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

အမေရိကတိုက် ဈေးကွက်တွင် ကာလီဖိုးနီးယားမှ မက်ဆာချူးဆက်ပြည်နယ်အထိ တစ်လက်လျှင် ၃၉၉ ဒေါ်လာဖြင့် ရောင်းချသွားရန် ပြင်ဆင်လျက်ရှိပြီး ဗြိတိန်ဈေးကွက်ကို ဖြန့်ချဦးမည် မဟုတ်ဟွှု Trailblazer ကုမ္ပဏီ ဥက္ကဋ္ဌ အေရွန်ဗွိုက်က ပြောကြားသည်။ 

အလျူမီနီယမ်ဖရိန်ဖြင့် လုပ်ထားသည့် ယင်းသေနတ်လေးများသည် ခေါက်ထားလိုက်လျှင် ကင်မရာ အပါးစားလေး တစ်လုံးကဲ့သို့ ထောင်ထားနိုင်ပြီး ဖြန့်လိုက်လျှင် လက်ကိုင်အပါအဝင် သေနတ်အစစ်ကဲ့သို့ ချိန်ကာ ပစ်ခတ်နိုင်စွမ်းရှိမည် ဖြစ်သည်။

LifeCard သေနတ်လေးများကို သေနတ်ဝါသနာအိုးများနှင့် စုဆောင်းသိမ်းဆည်းလိုသူများ အတွက် ရည်စူးကာ ထုတ်လုပ်ခြင်း ဖြစ်သည် ဆိုသော်လည်း၊ မိမိကိုယ်ကို ကာကွယ်ရန်အတွက် အသုံးပြုနိုင်သည့် အိတ်ဆောင်လက်နက်ကောင်း တစ်ခု ဖြစ်ကြောင်း အေရွန်က ဆိုသည်။