News

POST TYPE

IT

အာဖရိက၏ နည်းပညာလုပ်ငန်း အများစုကို တရုတ်က သိမ်းပိုက်ထားဟုဆို
11-Aug-2017 tagged as နည်းပညာ တရုတ်

ဂျိုဟန်းစ်ဘတ်၊ သြဂုတ် ၁၀

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျသည့် နိုင်ငံများကို ဈေးကွက်လက်ဦးမှု ရယူသည့် အနေနှင့် နှစ်ပေါင်းများစွာ သွားရောက်အခြေချထားခဲ့ရာ အာဖရိကတိုက်တွင်လည်း နည်းပညာ ကုမ္ပဏီများကို အခြေချထားပြီး ဒစ်ဂျစ်တယ် စီးပွားရေးအတွက် နယ်ချဲ့ရန် ပြင်ဆင်လျက်ရှိကြောင်း Bloomberg သတင်းတွင် ဖော်ပြထားသည်။

တောင်အာဖရိကတိုက်၊ Witwatersrand တက္ကသိုလ်မှ ဆရာ အစ်ဂီနီယို ဂါဂလီယာဒိုနီက လာမည့် လေးနှစ်မှ ငါးနှစ်အတွင်း ‘တရုတ် လွှမ်းမိုးမှု’ သည် အာဖရိကဈေးကွက်တွင် သာမက ကမ္ဘာ့ဈေးကွက် အပေါ်တွင်ပါ သက်ရောက်မှု ရှိတော့မည် ဖြစ်ကြောင်း၊ တရုတ်တို့သည် (China is Everywhere) ဆိုသည့် မူဝါဒကို လက်ကိုင်ထားပြီး ဖွံ့ဖြိုးမှု နောက်ကျသည့် တိုင်းပြည်များက စတင်ကာ ဒစ်ဂျစ်တယ်ဈေးကွက်များကို သိမ်းပိုက်နိုင်ရန် ကြိုးစားနေကြောင်း ပြောကြားသည်။

တရုတ်သည် အီသီယိုးပီးယား တစ်နိုင်ငံတည်းမှာပင် ၂၀၁၂ ခုနှစ်က စတင်ပြီး ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးခန့် နည်းပညာလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်ခဲ့ကြောင်း CNBC သတင်းတွင် ရေးသားထားသည်။

တရုတ်တို့သည် အရှေ့အာဖရိကမှသည် မြောက်ပိုင်းအီဂျစ်နှင့် မောရော့ကိုအထိ လည်းကောင်း၊ တောင်အာဖရိကအထိ လည်းကောင်း နည်းပညာ လုပ်ငန်းများကို စိုးမိုးသိမ်းပိုက်ထားပြီး ဖြစ်ကြောင်း အစ်ဂီနီယိုက ပြောကြားသည်။

အာဖရိကတိုက်မှ နိုင်ငံအများစုသည် တရုတ်၏ မေးခွန်းထုတ်စရာ မလိုလောက်အောင် လိုက်လျောမှုများကြောင့် နိုင်ငံပေါင်း များစွာ၏ အစိုးရပေါင်းများစွာနှင့် အလျဉ်းသင့်နေရုံမက ကုမ္ပဏီ အများစုကိုလည်း လာရောက်ပြီး အခြေချနိုင်ခဲ့ကြသည်။ 

အထူးသဖြင့် တရုတ်နိုင်ငံမှ ZTE ကဲ့သို့သော ဆက်သွယ်ရေး ကုမ္ပဏီကြီးများသည် အာဖရိကတွင် ဆယ်စုနှစ် တစ်စုနီးပါး စိုးမိုးနိုင်ခဲ့ရုံမက၊ သူ့နောက်မှ Huawei ကလည်း လိုက်လာကာ ဆက်သွယ်ရေးကဏ္ဍတွင် လက်ဦးမှုများ ရယူထားခဲ့ကြသည်။ 

အာဖရိကတိုက်တွင် လာရောက်အခြေစိုက်ထားကြသည့် တရုတ်နည်းပညာ ကုမ္ပဏီကြီးများသည် ပြည်တွင်းဈေးကွက်၏ ထက်ဝက်နီးပါးခန့်ကို သူတို့ ကုမ္ပဏီထုတ် ပစ္စည်းများနှင့် လွှမ်းမိုးထားနိုင်ခဲ့ပြီး တရုတ်ဖုန်း တစ်လုံးလျှင် ဒေါ်လာ ၅၀ တန်မှသည် ၁၀၀ တန်အထိ အများက သုံးစွဲနိုင်စေရန် ဖြန့်ကြက်သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း Bloomberg သတင်းတွင် ရေးသားထားသည်။ 

ဟောင်ကောင်မှ Tecno ဆိုသည့် ဖုန်းကုမ္ပဏီထုတ် ပစ္စည်းများကပင် အာဖရိကတိုက်ဈေးကွက်၏ ၂၅ ရာခိုင်နှုန်းကို သိမ်းပိုက်ထားကြောင်း CNBC သတင်းတွင် ဖော်ပြထားသည်။