News

POST TYPE

IT

တရုတ်နိုင်ငံသည် နည်းပညာများကို ခိုးယူပြီး အကျိုးရှိနေဟုဆို
07-Aug-2017 tagged as နည်းပညာ တရုတ်

ဝါရှင်တန်၊ သြဂုတ် ၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးချိန် ကတည်းက တရုတ်နိုင်ငံ အနေဖြင့် နည်းပညာပိုင်းတွင် ခေတ်နောက်ကျနေသော်လည်း နောက်ပိုင်းတွင် အမေရိကန်နှင့် ရုရှားတို့ကို ယှဉ်ပြိုင်လာနိုင်ခြင်းမှာ အခြားသော တိုင်းပြည်များမှ နည်းပညာများကို ခိုးယူခြင်းကြောင့် ဖြစ်ကြောင်း War is Boring သတင်းတွင် ဖော်ပြထားသည်။ 

တရုတ်နိုင်ငံ အနေဖြင့် ရုရှားနှင့် အမေရိကသို့ စပိုင်များ လွှတ်ထားကာ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားခြင်းက စစ်ရေးကဏ္ဍတွင် ပိုပြီးခေတ်မီတိုးတက်သည့် နိုင်ငံကြီး ဖြစ်လာစေရုံမက အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ် ပိုပြီး ဂုဏ်မြှင့်စေနိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

သြဂုတ်လ ၃ ရက်နေ့ကလည်း တက္ကဆက်ပြည်နယ်၊ ပလာနိုမှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက မိမိသည် အမေရိကန်ပြည်ထောင်စု၏ အာကာသ နည်းပညာကို တရုတ်နှင့် ရုရှားနိုင်ငံများသို့ ရောင်းစားခဲ့ကြောင့် ဖွင့်ဟဝန်ခံလိုက်သဖြင့် တုန်လှုပ်ခြောက်ချားစရာ ဖြစ်သွားခဲ့ရသည်။

အသက် ၆၂ နှစ်အရွယ်ရှိ ပီတာ ဇပ်ကာရေလီဆိုသူသည် အဏုမြူဆိုင်ရာ (radiation) ပစ္စည်းများ၊ တားမြစ်ပိတ်ပင်ထားသည့် မိုက်ခရိုချစ်ပ်များကို နိုင်ငံတကာ အက်ဥပဒေကို ချိုးဖောက်ပြီး တရုတ်သို့ ခိုးရောင်းခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။

သူ၏ မျက်မှန်ကုမ္ပဏီသည် အမေရိကရှိ မိုက်ခရိုချစ်ပ် ထုတ်လုပ်သူများထံမှ ပစ္စည်းများကို ဝယ်ယူပြီး မိမိအား မှာယူထားသည့် နိုင်ငံများသို့ တစ်ဆင့်ပြန်လည် ပေးပို့ခဲ့ကြောင်း The Daily Beast သတင်းတွင် ရေးသားထားသည်။ 

ပီတာ ခိုးရောင်းထားသည့် မိုက်ခရိုချစ်ပ်များသည် အာကာသနှင့် ဂြိုဟ်တုများတည်ဆောက်ရာတွင် အလွန်အသုံးဝင်ပြီး၊ စစ်ရေးအတွက် အရေးကြီးသည့် ဒုံးကျည်များ တည်ဆောက်ရာတွင်ပါ အလွန်အသုံးဝင်ခဲ့သဖြင့် အမေရိက၏ နည်းပညာများကို တရုတ်တို့ အလွယ်ရသွားခဲ့ရကြောင်း ယင်းသတင်းက ဆိုသည်။

တရုတ်တို့သည် ၁၉၆၁ ခုနှစ်တွင် ရုရှားတို့ထံမှ MiG-21 နည်းပညာကို ခိုးယူပြီး မိမိတို့ နိုင်ငံထုတ် J-7 ဆိုသည့် လေယာဉ်များကို ထုတ်လုပ်ခဲ့ရုံမက၊ ပြည်ပသို့လည်း F-7  လေယာဉ်များအဖြစ် ထုတ်လုပ်ကာ တင်ပို့ရောင်းချခဲ့သည်။ 

တရုတ်တို့သည် အင်ဂျင်နှစ်လုံးတပ် F-35 ဆိုသည့် အသံထက်မြန်သော ကိုယ်ပျောက်လေယာဉ်၏ နည်းပညာကိုလည်း အမေရိကန်ပြည်ထောင်စုထံက ခိုးယူပြီး J-31 လေယာဉ်များအဖြစ် ပုံစံတူ ပြောင်းလဲကာ ထုတ်ခဲ့ကြောင်း War is Boring သတင်းတွင် ရေးသားထားသည်။