News

POST TYPE

IT

ဒူဘိုင်းတွင် လေပေါ်တက္ကစီ ယခုနှစ်အတွင်း ပြေးဆွဲရန် စီစဉ်
ဘာလင်၊ သြဂုတ် ၆

ဂျာမနီနိုင်ငံ၏ နာမည်ကျော် ကားကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် Daimler သည် ဒူဘိုင်းနိုင်ငံတွင် ဒရုန်းလေပေါ် တက္ကစီများကို ယခုနှစ်အတွင်း ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

Daimler ကုမ္ပဏီသည် Volocopter ဆိုသည့် မောင်းသူမဲ့ ဒရုန်းယာဉ်များကို တီထွင်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒူဘိုင်းနိုင်ငံတွင် ဒေါ်လာ ၂၉ သန်းကျော် ပြုလုပ်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

လျှပ်စစ်စွမ်းအင်ဖြင့် ပျံသန်းမည့် ရဟတ်ယာဉ်ကဲ့သို့ ဒရုန်းယာဉ်များကို Daimler ကုမ္ပဏီသည် ဒူဘိုင်းနိုင်ငံ၌ တက္ကစီများအဖြစ် ပြေးဆွဲခွင့် ရရှိခဲ့ပြီး၊ ယင်း Volocopter 2X ယာဉ်များတွင် ပန်ကာဒလက် ၁၈ ခုပါ၍ အသံတိတ် ပျံသန်းနိုင်ကာ၊ တစ်နာရီ ၆၂ မိုင်နှုန်းဖြင့် ခရီးသည် နှစ်ဦးစီကို မောင်းသူမပါ တက္ကစီများအဖြစ် ပြေးဆွဲပေးရန် စီစဉ်ထားသည်။

Daimler မော်တော်ကား ကုမ္ပဏီကြီး၏ နောက်ကွယ်တွင် နည်းပညာ အထောက်အပံ့ကို ပေးနေသည့် ကုမ္ပဏီမှာ Lukasz Gadowskiဖြစ်ပြီး ဘာလင်တွင် အခြေစိုက်ထားသည့် နည်းပညာအဖွဲ့ကြီးတစ်ခု ဖြစ်သည်။

၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် Volocopter ယာဉ်များကို ဒူဘိုင်းသို့ တင်သွင်းပြီး ဒူဘိုင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (RTA) ၏ စစ်ဆေးမှုကို ခံယူပြီးနောက် လေပေါ်တက္ကစီအဖြစ် စတင်ပြေးဆွဲမည်ဟု AFP သတင်းတွင် ရေးသားထားသည်။

Volocopter  များတွင် လျှပ်စစ်ဖြင့် အားပြန်သွင်းသည့်စနစ်ကို ကျင့်သုံးရန် ဘက်ထရီ ၉ လုံး ထည့်သွင်းထားကြောင်း၊ လက်ရှိအနေအထားတွင် ၂၇ မိနစ် အတွင်းသာ ပျံသန်းနိုင်သေးကြောင်ီး Daimler က ထုတ်ပြန်သည်။

ပန်ကာ ၁၈ လက်ကို အသုံးပြုထားသည့် ဒရုန်းယာဉ်ပျံသည် ဆူညံသည့်အသံ လုံးဝမထွက်သောကြောင့် မြို့တွင်း၌လည်း အနှောင့်အယှက် မဖြစ်နိုင်ကြောင်း၊ မိမိတို့အနေဖြင့် ဒူဘိုင်းနိုင်ငံ၌ သာမက နိုင်ငံတကာတွင်လည်း လေပေါ်တက္ကစီများအဖြစ် ပျံသန်းပြေးဆွဲခွင့်များရရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း တာဝန်ခံ မန်နေဂျင်းဒါရိုက်တာ ဖလော်ရိန်း ရိုက်တာက ပြောကြားသည်။

ခရီးသည်နှစ်ဦးစီး Volocopter ယာဉ်လေးသည် အမြင့် ၂ ဒသမ ၁၅ မီတာနှင့် အချင်း ၇ ဒသမ ၃၅ မီတာရှိကြောင်း၊ ထိုင်ခံပေါ်တွင် လေထီးပါပြီး၊ အရေးပေါ်ဆင်းသက်ရန်လည်း  အလွယ်တကူ ပြုလုပ်နိုင်ကြောင်း Daimler က ဆိုသည်။