News

POST TYPE

IT

ကမ္ဘာ့အမြန်ဆုံး ဆူပါကွန်ပျူတာ တရုတ်တီထွင်
04-Aug-2017 tagged as နည်းပညာ

ဘေဂျင်း၊ သြဂုတ် ၃

အမြန်ဆုံး ကွန်ပျူတာအဖြစ် စံချိန်တင်နိုင်ရန် တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဆူပါကွန်ပျူတာကြီး တစ်လုံးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။ 

Sunway TaihuLight ဟု အမည်ပေးထားသည့် ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာကြီးကို ဒစ်ဂျစ်တယ် အစိတ်အပိုင်းပေါင်း ၁၀ ထရီလီယံနှင့် ဖွဲ့စည်းထားကြောင်း ယင်းသတင်းက ဆိုသည်။

များပြားသည့် အစိတ်အပေါင်းများစွာ၏ တစ်ပေါင်းတည်း လုပ်ဆောင်နိုင်စွမ်းမှာ ကွန်ပျူတာကြီးကို တစ်စက္ကန့်လျှင် Quadrillions နှုန်းခန့်အထိ တွက်ချက်ပေးနိုင်သည့် မြန်နှုန်းရှိနေသော ဆူပါအဆင့်ကို ရောက်စေနိုင်ကြောင်း တီထွင်သူများက ပြောကြားသည်။

Sunway ကွန်ပျူတာကြီးတွင် CPU core ပေါင်း ၁၀ သန်း ထည့်သွင်းထားပြီး တရုတ်နိုင်ငံ ဝူရှီးအရပ်ရှိ အမျိုးသား ဆူပါကွန်ပျူတာစင်တာတွင် တည်ဆောက်တပ်ဆင်ထားရှိကာ ဘေဂျင်း (Chinese Academy of Science) မှ ပညာရှင်များက တီထွင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး ဆူပါကွန်ပျူတာကြီးများကို အပြိုင်အဆိုင် တီထွင်လျက်ရှိကြရာတွင် ဥရောပတိုက် ဇူးရစ်တက္ကသိုလ်မှ ပညာရှင်များကလည်း ဒစ်ဂျစ်တယ် အစိတ်အပိုင်းပေါင်း ၂ ထရီလီယံ ပါဝင်သည့် ဆူပါကွန်ပျူတာကြီး တစ်ခုကို လွန်ခဲ့သော ဇွန်လကမှ တည်ဆောက်ပြီးခဲ့ကြောင်း ကြေညာခဲ့သော်လည်း တရုတ်တို့၏ အဆင့်ကို ကျော်လွန်နိုင်ခဲ့ခြင်း မရှိပေ။

Sunway ဆူပါကွန်ပျူတာကြီးသည် Linpack စံနှုန်းတိုင်းတာချက်အရ မြန်နှုန်း 93 Pflops ရှိပြီး မြန်နှုန်းကို အမြင့်ဆုံး 125 Pflops အထိ မြှင့်တင်နိုင်ကြောင်း၊ ယင်းသဘောတရားမှာ တစ်စက္ကန့်လျှင် (Quadrillions) နှုန်းဖြင့် တွက်ချက်ပေးနိုင်သည့်နှုန်း ဖြစ်ကြောင်း South China Morning Post တွင် ရေးသားထားသည်။

တရုတ်တို့ ယခုတစ်ကြိမ် တီထွင်အောင်မြင်ခဲ့သော ဆူပါကွန်ပျူတာတွင် အမေရိကမှ မည်သည့်ပစ္စည်း အထောက်အကူတစ်ခုမျှ မယူဘဲ မိမိတို့ကိုယ်ပိုင် တီထွင်ထားသည့် နည်းပညာများဖြင့်သာ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။ 

တီထွင်ထားသည့် ကမ္ဘာ့အကြီးဆုံး၊ အမြန်ဆုံး ကွန်ပျူတာကြီးဖြင့် မိုးလေဝသနှင့် ရာသီဥတုများကို ခန့်မှန်းတွက်ချက်ခြင်း၊ နျူကလီးယား လက်နက်များကို ပုံစံထုတ်ခြင်း၊ ရေနံတွင်းများကို တိုင်းတာစစ်ဆေးခြင်းနှင့် အခြားအထူးကိစ္စများတွင် အသုံးပြုရန် စီစဉ်ထားကြောင်း၊ အထူးသဖြင့် ဉာဏ်ရည်တု (AI) စွမ်းရည်များကို တည်ဆောက်ရာတွင် အသုံးပြုမည်ဟု ယူဆရကြောင်း China Morning Post တွင် ဖော်ပြထားသည်။