News

POST TYPE

IT

ခြင်ကိုခြင်ဖြင့် နှိမ်နင်းမည့် နည်းပညာ တီထွင်
17-Jul-2017 tagged as နည်းပညာ ခြင်

ဝါရှင်တန်၊ ဇူလိုင် ၁၆

ခြင်ကို ခြင်ဖြင့် ပြန်လည်နှိမ်နင်းမည့် နည်းပညာသစ်ကို အမေရိကန်ပြည်ထောင်စုတွင် စတင်စမ်းသပ်မည်ဖြစ်ပြီး လာမည့် နွေရာသီတွင် ဗက်တီးရီးယားများ ထည့်သွင်းထားသည့် ခြင်ကောင်ရေ သန်း ၂၀ ကို လွှတ်ပေးတော့မည် ဖြစ်ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

ခြင်ကိုခြင်နှင့် ပြန်တိုက်မည့် အစီအစဉ်ကို Alphabet ကုမ္ပဏီက စီစဉ်နေခြင်းဖြစ်ပြီး ဗက်တီးရီးယားများ ထည့်သွင်းထားသည့် ခြင်ထီးများကို လွှတ်ပေးလိုက်ကာ ခြင်မများကို မိတ်လိုက်စေခြင်းဖြင့် မျိုးမပွားနိုင်တော့သည့် အနေအထားမျိုး ရောက်သွားစေရန် ပြုလုပ်မည့် နည်းပညာဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ခြင်ထီးများသည် လူတို့ကို အန္တရာယ်ပြုနိုင်စွမ်း မရှိဘဲ သူတို့ထဲတွင် ထည့်သွင်းပေးထားသည့် ဗက်တီးရီးယားများက ခြင်မများကို ရောဂါပိုး ကူးစက်သွားစေရန် လုပ်ပေးလိုက်ခြင်းဖြင့် ခြင်မျိုးများ ပျက်သုဉ်းသွားစေရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယခုပစ်မှတ်ထားကာ တိုက်ခိုက်မည့် ခြင်အမျိုးအစားများမှာ Aedes Aegypti ခြင်အမျိုးအစားများဖြစ်ပြီး ထိုခြင်မျိုးများသည် ဇီကာ၊ ငှက်ဖျား၊ အသားဝါ ဖြစ်စေသည့် ရောဂါပိုးများကို ပြန့်ပွားစေနိုင်သောကြောင့် ထိုခြင်များကို အဓိက ဦးတည်ကာတိုက်ခြင်း ဖြစ်သည်။ 

ယင်းခြင်မျိုးများသည် ၂၀၁၃ ခုနှစ်က စတင်ပြီး ကာလီဖိုးနီးယား၊ အလယ်ပိုင်းတောင်ကြားကို ပထမဆုံး ရောက်လာပြီး ရောဂါပိုးများကို စတင်ဖြန့်နေခြင်း ဖြစ်သည်။             
  
၂၀၁၅ ခုနှစ်က စတင်ပြီး Alphabet ကုမ္ပဏီသည် ကျန်းမာရေး ပရောဂျက်တစ်ခု အနေနှင့် လုပ်ကိုင်လျက်ရှိရာ စင်ကာပူနိုင်ငံ Temasek Holdings  ကုမ္ပဏီက ဒေါ်လာ သန်း ၈၀၀ မတည်ပေးထားသည်။

Verily အဖွဲ့က လွှတ်မည့်ခြင်များတွင် Wolbachia ဆိုသည့် ဗက်တီးရီးယားများကို ပထမဆုံး ကူးစက်စေရန် လုပ်ထားပြီး ထိုခြင်များက ခြင်ရိုင်းမများကို မိတ်လိုက်သည်နှင့် မျိုးဥများကို မပေါက်ပွားနိုင်ဘဲ မြုံသွားစေပြီး နောက်ပိုင်းတွင် ခြင်လည်း မျိုးသုဉ်းသွားမည် ဖြစ်သည်။

ခြင်များကို လွှတ်ပေးပြီး ခြင်နှိမ်နင်းရေး လုပ်ငန်းများကို ဘီလ်ဂိတ်နှင့်ဇနီးတို့ ထူထောင်ထားသည့် ဖောင်ဒေးရှင်းကလည်း လွန်ခဲ့သော ဆယ်နှစ်ခန့်လောက် ကတည်းက အင်ဒိုနီးရှားနှင့် ဘရာဇီးနိုင်ငံများတွင် လုပ်ဆောင်ခဲ့ပြီြး ဖစ်သည်။        

E01