News

POST TYPE

IT

ချွေးနံ့ပျောက်စက်
16-Jul-2017 tagged as ဂျပန် နည်းပညာ

ဂျပန်နိုင်ငံ Knica Minolta ကုမ္ပဏီသည် ကိုယ်ခန္ဓာမှ မနှစ်မြို့ဖွယ် ချွေးနံ့များ ထွက်လာလျှင် သတိပေးနိုင်သည့် အိတ်ဆောင်ပစ္စည်း တစ်မျိုးကို တီထွင်နိုင်ခဲ့ကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။

KunKun Body ဟု အမည်ပေးထားသည့် အနံ့အသက် အာရုံခံ ဘူးလေးထဲတွင် ကိုယ်ခန္ဓာက ထွက်ပေါ်လာသည့် ချွေးနှင့် အဆီများ၏ အနံ့အသက်များကို အာရုံခံပေးနိုင်သော ဆင်ဆာစနစ် ထည့်သွင်းထားပြီး အချက်ပေးနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

KunKun ဆိုသည်မှာ ဂျပန်လို နှာခေါင်းရှုံ့ရာက ထွက်ပေါ်လာသည့် အသံကို ခေါ်ဆိုခြင်းဖြစ်ပြီး ယင်းပစ္စည်းလေးများကို ဂျပန်တစ်နိုင်ငံတည်းတွင်သာ ထုတ်လုပ်ဖြန့်ချိကာ တန်ဖိုးမှာ ယန်း ၃၀၀၀၀ (၂၆၅ ဒေါ်လာ) ခန့် ရှိသည်။

KunKun ဆော့ဖ်ဝဲကို iOS 8 နှင့်အထက်၊ Android OS 4.3 နှင့်အထက်၊ Bluetooth 4.0 နှင့်အထက် ဖုန်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်သည်။

ဖုန်းနှင့်ချိတ်ဆက်ထားမည့် ယင်း KunKun ပစ္စည်းလေးကို နားနောက်၊ ခေါင်းအနီး၊ ချိုင်းကြားအနီး၊ ခြေဖဝါးအနီး နေရာများတွင်ထားပြီး အာရုံခံခိုင်းနိုင်မည် ဖြစ်သည်။

ပစ္စည်းလေးသည် အနံ့စူးရှစွာ ထွက်ပေါ်လာပြီး ဘေးဝန်းကျင်က လူအများ လက်မခံနိုင်လောက်သည့် အနေအထားကို ရောက်လာချိန်တွင် ဖုန်းကတစ်ဆင့် Bluetooth နှင့် ချိတ်ဆက်ပြီး အချက်ပေးမည် ဖြစ်သည်။

ဖုန်းတွင် အနံ့အသက် မကောင်းကြောင်း မြင်ကွင်းပေါ်၌လည်း စက္ကန့် ၂၀ စာ သတိပေးချက်များ ပေါ်ထွက်လာစေရန် စီစဉ်ပေးထားသည်။

KunKun တွင် ဓာတ်ငွေ့ဆင်ဆာစနစ်ကို ထည့်သွင်းထားပြီး ဂျပန်နိုင်ငံ အိုဆာကာ နည်းပညာ တက္ကသိုလ်နှင့် အသက် ၄၃ နှစ်အရွယ် ဟီရိုရှီ အကီယာမတို့ ပူးပေါင်းတီထွင်ခဲ့ခြင်း ဖြစ်သည်။ 

စီးကရက်နံ့၊ ချွေးနံ့၊ အရက်နံ့၊ ကိုယ်နံ့များကို ပြဿနာအဖြစ် သတ်မှတ်နေသည့် နေရာများတွင် KunKun အာရုံခံစနစ်များကိုထားပြီး အချက်ပေးခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း The Guardian တွင် ရေးသားထားသည်။