POST TYPE

INTERVIEW

လွင်မိုးနဲ့ တွေ့ဆုံခြင်း
07-Jul-2017

နာမည်ကျော် သရုပ်ဆောင် လွင်မိုးနဲ့ တွေ့ဆုံပြီး ဇူလိုင်လအတွင်း စတင်ရုံတင်ပြသတော့မယ့် သူငယ်ချင်းယောက္ခမ (၂) ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်းအတွေ့အကြုံများ အကြောင်း ဟာသပညာရပ်နဲ့ ပတ်သက်ပြီး လေ့လာဆည်းပူးခဲ့တဲ့ အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : တချို့မင်းသားတွေက အရမ်းပေါက်ထားတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားကို အပိုင်း(၂) ဆက်ရိုက်မယ်ဆိုရင် မရိုက်ချင်ကြဘူး။ ကိုလွင်မိုးကျတော့ သူငယ်ချင်းယောက္ခမ (၂) ဇာတ်ကားကို ဘာကြောင့် လက်ခံရိုက်ကူးဖြစ်တာလဲ။

LM : သူငယ်ချင်း ယောက္ခမအပိုင်း (၁) ကို လူတော်တော်များများ ကြည့်ခဲ့ပြီးပြီဆိုတော့ အပိုင်း (၂) ဆက်ရိုက်ရတာ အန္တရာယ် ရှိပါတယ်။ ဖြစ်သလို ရိုက်လိုက်ရင်တော့ တစ်မျိုးပေါ့နော်။ ဒါပေမဲ့ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ကျွန်တော့်ဆီ ယူလာတဲ့ ဇာတ်လမ်းလေးကို ဖတ်ကြည့်တော့ သဘောကျသွားတယ်။ ကိုဇော် ကျွန်တော်တို့ ဆက်ရိုက်သင့်တယ်လို့ ပြောလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်းယောက္ခမ (၂) က အရင်ရိုက်ခဲ့တဲ့ (၁) ထက် ပိုပြီးတော့ ဇာတ်လမ်းပိုင်း အားကောင်းတယ်။ အပိုင်း (၁) တုန်းကတော့ သူငယ်ချင်းနဲ့ ယောက္ခမနဲ့ကြားက ပဋိပက္ခလေးတွေကိုပဲ ရိုက်ပြထားတာ။ အပိုင်း (၂) မှာကျတော့ ဇာတ်ကောင်တွေလည်း အများကြီး ထပ်ပါလာတော့ ပိုအားကောင်းသွားတယ်။ အဲ့ဒါကြောင့် ရိုက်ဖြစ်သွားတာပါ။

Voice : ဒီကားမှာဆို မခိုင်သင်းကြည်တို့ ကိုမင်းဦးတို့လည်း ထပ်ပါလာတော့ ဇာတ်လမ်းက ပိုမြိုင်သွားတယ်နော်။

LM :  ဟုတ်ပါတယ်။ ဒီကားမှာ ခိုင်သင်းကြည် ပါလာတာ ကောင်းတယ်။ ကိုမင်းဦး ပါလာတာတွေ ကောင်းတယ်။ မင်းသားအငယ်လေး ဖြစ်တဲ့ ကောင်းပြည့် နေရာလေးကလည်း ဇာတ်နဲ့ အံဝင်ခွင်ကျ ဖြစ်သွားတယ်။ ဇာတ်လမ်းကတော့ ဒါရိုက်တာကိုဇော်က အဓိက စီစဉ်တာပေါ့။ ကိုဇော် ရိုက်ပြထားတာလေးကလည်း အပိုအလိုမရှိဘူး။ ဇာတ်လမ်းမှာလည်း ပရိသတ်တွေ သဘောကျမယ့် ဟာသ Plot တွေလည်း အများကြီးပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူငယ်ချင်း ယောက္ခမ ၂ ဇာတ်ကားကို အားရပါတယ်။

Voice :  ဒီကားမှာလည်း ကိုမိုးနဲ့ ကိုနိုင် (ကျော်ရဲအောင်) က အက်တင်တွေ အပြိုင်လုပ်ရတာနော်။ အပေးအယူမျှဖို့အတွက် ဘယ်လိုညှိနှိုင်းတိုင်ပင်ခဲ့ကြလဲ။

LM :  ကိုနိုင်နဲ့ကတော့ အပြင်မှာလည်း ဇာတ်ကားထဲကလိုပဲ ရန်ဖြစ်နေကြရတာပါ။ ကိုနိုင်နဲ့ ကျွန်တော်နဲ့က ၁၉၉၂ ခု နှစ် ကတည်းက ဇာတ်ကားတွေ အတူတူရိုက်လာခဲ့ကြတာပါ။ ဒီနှစ်ဆိုရင် သူနဲ့ ကျွန်တော် တွဲရိုက်ခဲ့တဲ့ ဇာတ်ကားပေါင်းက လေးငါးဆယ်လောက် ရှိနေပြီ။ အဲ့ဒီတော့ တစ်ယောက်နဲ့ တစ်ယောက်က ပြောမနာ ဆိုမနာတွေပါပဲ။ သူငယ်ချင်းယောက္ခမ ၂ မှာဆိုလည်း သူနဲ့ ကျွန်တော်က မတည့်တဲ့ ဇာတ်ဝင်ခန်းလေးတွေမှာ အပြန်အလှန် ပြောရဆိုရတာ လေးတွေရှိတယ်။ အဲ့ဒီမှာ သာတာနာတာလေးတွေကို ဒါရိုက်တာကိုဇော်က ညှိနှိုင်းပြီး ရိုက်ပေးတာလေးတွေ ရှိပါတယ်။ 

Voice :  ဒီဇာတ်ကား ရိုက်တုန်းက ကိုမိုးအတွက် မှတ်မှတ်ရရ ရှိခဲ့တဲ့ ဖြစ်ရပ်လေးတွေ ရှိရင်လည်း ပြောပြပေးပါဦး။

LM : ဒီကားမှာ ပါဝင်တဲ့သူတွေ အကုန်လုံးက ဝါရင့်သရုပ်ဆောင်တွေချည်း ဖြစ်နေပါတယ်။ ဒီကားကို ပြန်ကြည့်တဲ့ အချိန်မှာ ဘာခံစားရလဲဆိုတော့ ငါတို့တွေ တော်တော် ညီညွတ်ကြပါလားဆိုတဲ့ ခံစားမှုလေး ရပါတယ်။ ဒီကားကို ကျွန်တော် တော်တော်လေးလည်း အားရပါတယ်။ ကျွန်တော်တို့ ပရိသတ်ကို တင်ပြချင်တဲ့ပုံစံအတိုင်း ရောက်အောင် ပြနိုင်ခဲ့တယ်။ ရဲစခန်းမှာ သရုပ်ဆောင်တွေ အကုန်လုံးဆုံကြတဲ့ အခန်းဆိုလည်း ပရိသတ်တွေ သဘောကျကြမှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်သရုပ်ဆောင်မှုကို ပြန်ကြည့်တဲ့အခါမှာ သဘောကျပါတယ်။

 Voice : ကိုမိုးက ဟာသပိုင်တဲ့ မင်းသားလို့ ပရိသတ်တွေက သတ်မှတ်ထားကြတယ်။ ဟာသပညာနဲ့ ပတ်သက်တဲ့ ဝမ်းစာကျတော့ ကိုမိုး ဘယ်လိုရှာခဲ့ရလဲ။

LM : တချို့ကလေးတွေက ကိုလွင်မိုး ဟာသပညာကို ဘယ်လိုသင်ရမလဲဆိုပြီး ကျွန်တော့်ကို လာမေးကြတယ်။ ကျွန်တော် သူတို့ကို နောက်တာတော့ မဟုတ်ဘူး။ မင်း ကြောင်နဲ့ ကြွက် ကာတွန်းကားကို ကြည့်ဆိုပြီး ပြောလိုက်တယ်။ အဲ့ဒီမှာ ကြောင်က ကြွက်ကို လိုက်တဲ့အချိန်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်လေးတွေ ပါတယ်။ ကြောင်လန့်သွားတာတွေ၊ ကြွက်လန့်သွားတာတွေ၊ ကြောက်သွားတာတွေ၊ အဲဒါတွေက ရုပ်ရှင်ထဲမှာ သူ့နေရာနဲ့သူ ပြန်သုံးလို့ရတယ်။ နောက်ပြီးရင် ချာလီချက်ပလင်တို့၊ မစ္စတာဘင်းတို့ ဂျင်ကာရေးတို့တွေက ဟာသမှာ ကမ္ဘာကျော်တဲ့ သူတွေပေါ့။ သူတို့ အက်တင်အတိုင်း လိုက်လုပ်ဖို့ ပြောတာ မဟုတ်ဘူး။ သူတို့ လုပ်တာကို ကြည့်ပြီး ကိုယ့်အလှည့်ကျရင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားဖို့ ပြောတာပါ။

Voice : ကိုမိုးက လူရွှင်တော်တွေနဲ့လည်း တရင်းတနှီး ပေါင်းခဲ့တယ်နော်။ သူတို့ဆီကရော ဟာသနဲ့ ပတ်သက်ပြီး ဘာတွေလေ့လာခဲ့ဖူးလဲ။

LM :  လူရွှင်တော် တစ်ယောက်က လူတွေကို ရယ်အောင်လုပ်ဖို့ ဆိုတာက အဓိက အရေးကြီးတာကတော့ ကိုယ့်ရဲ့စိတ်ထဲမှာ ဖြူစင်မှု၊ ရိုးသားမှု ရှိရမယ်။ ကိုယ်က စိုးမိုးချင်တဲ့စိတ်တွေ ရှိတယ်၊ အပြိုင် သရုပ်ဆောင်တဲ့ အချိန်မှာ ပရိသတ်ရှေ့မှာ ငါထင်ပေါ်ရမယ်ဆိုတဲ့ စိတ်တွေများနေတဲ့ သူတစ်ယောက်က ဟာသလုပ်လို့ မရဘူး။ သူ့ ဟာသကိုလည်း ဘယ်သူမှ ရယ်မှာ မဟုတ်ဘူး။ သူလုပ်တာက မှားနေတယ်။ ဟာသဆိုတာက အနစ်နာခံပြီး လုပ်ရတယ်။ ကိုယ့်စိတ်ထဲမှာ ဖြူဖြူစင်စင်နဲ့ စိတ်ထားသန့်သန့်ရှင်းရှင်းနဲ့ လုပ်မှ ကိုယ်လုပ်တဲ့ ဟာသက အောင်မြင်တယ်။

Voice : ကိုမိုးတို့ ခေတ်တုန်းကလည်း ဟာသကားတွေ ရိုက်ခဲ့ပေမယ့် ပေါကားဆိုပြီး အပြောမခံခဲ့ရဘူး။ ဒီဘက်ခေတ်မှာ မြန်မာပေါကားဆိုတဲ့ စကားမျိုး ပြောလာကြတာက ဘာကြောင့်လို့ထင်လဲ။

LM :  အဲ့ဒါကတော့ ဒါရိုက်တာတွေရဲ့ အရည်အချင်းနဲ့လည်း ဆိုင်ပါတယ်။ ကျွန်တော်တို့က မော်တော်ကား မောင်းရင် လိုင်စင်လိုတယ်။ ရုပ်ရှင်ရိုက်ဖို့က လိုင်စင်မလိုဘူး ဖြစ်နေတယ်။ ကြာလို့ရှိရင် ပရိသတ်ကလည်း ဒါတွေအပေါ်မှာ ဝိဝါဒတွေ ကွဲပြားနိုင်တယ်။ ဒါရိုက်တာ အရည်အချင်းနဲ့ ပြည့်မီတဲ့သူတွေကို ဒါရိုက်တာ ပီပီသသ ဖြစ်အောင် လုပ်ပေးဖို့ လိုသလို၊ မပြည့်မီတဲ့ သူတွေကိုလည်း အရည်အသွေးတွေ တက်အောင် လုပ်ပေးဖို့ လိုတယ်။

Voice : စီးပွားရေးလောကထဲကို ရောက်သွားကတည်းက ကိုမိုး ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့ဘူးနော်။ ဇာတ်ကားတွေကို ပုံမှန်မရိုက်ဖြစ်ရင်တောင် ကိုယ့်ပရိသတ်အတွက် ကျိုးကြားကျိုးကြား ရိုက်ပေးသွားဖို့ ရှိမလား။

LM : သူငယ်ချင်း ယောက္ခမ ၂ လို ကောင်းတဲ့ ဇာတ်ကားမျိုး ဆိုရင်တော့ ကျွန်တော် ရိုက်မှာပေါ့။ ဒီလိုကားမျိုးကျတော့ ရိုက်ရတာ အမှတ်တရလည်း ဖြစ်တယ်။ အရင်တုန်းကကျတော့ သရုပ်ဆောင်အလုပ်က စားဝတ်နေရေးတစ်ခု အတွက် ရပ်တည်ခဲ့တာကိုး။ အခုက ကျတော့ ဝါသနာအရ ပြန်လုပ်ရမယ့် အရွယ်ကို ရောက်လာပြီလေ။ သူငယ်ချင်း ယောက္ခမ ၂ လို ကောင်းတဲ့ ဇာတ်ကားမျိုး ဆိုရင်တော့ ကျွန်တော် ဆက်ရိုက်သွားမှာပါ။

သန့်ဇင်ဦး