News

POST TYPE

INTERVIEW

BPI ဆေးဝါးစက်ရုံ ဒုတိယအထွေထွေမန်နေဂျာ ဒေါက်တာအောင်ဇော်နှင့် တွေ့ဆုံခြင်း
05-Jul-2017

BPI ဆေးဝါးစက်ရုံက မြွေပွေး၊ မြွေဟောက် မြွေဆိပ်ဖြေဆေးများအပြင် ယခုအခါတွင် မြွေကိုက်ခံရသည့် လူနာများအတွက် မြွေပွေး၊ မြွေဟောက် အမျိုးအစား ခွဲခြားရန် ခက်ခဲသည့် အခြေအနေမျိုး ရှိခဲ့ပါက အသက် မဆုံးရှုံးရေးအတွက် ယင်းမြွေအဆိပ် နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်မည့် မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်သွားရန် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြွေဆိပ်ဖြေဆေးကို နိုင်ငံ၏ လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်သည့်အပြင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများကိုပါ တင်ပို့ရောင်းချနိုင်ရန် ဆောင်ရွက်နေသည်များနှင့် ပတ်သက်၍ ယင်းစက်ရုံ၏ ဒုတိယ အထွေထွေမန်နေဂျာ ဒေါက်တာအောင်ဇော် (စီမံကိန်း) နှင့် The Voice က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : BPI မှာ လက်ရှိမြွေဆိပ်ဖြေဆေး ထုတ်လုပ်နေမှု အပိုင်းနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။
Dr.AZ : ၂၀၁၅-၂၀၁၆ ခုနှစ်က မြွေဆိပ်ဖြေဆေး အလုံးရေ ရှစ်သောင်းခန့် ထုတ်လုပ်နိုင်ပါတယ်။ မနှစ်ကတော့ အလုံးရေ တစ်သိန်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း အလုံးရေ တစ်သိန်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ မနှစ်က မြွေဆိပ်ဖြေဆေး အလုံးရေတစ်သိန်း ထုတ်လုပ်တဲ့အနက်မှာမှ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ရှစ်သောင်းပဲ မှာယူတယ်။ နှစ်သောင်းက စက်ရုံမှာ ပိုနေပါတယ်။ ထုတ်လုပ်တဲ့ အဆောက်အအုံကိုတော့ ၂၀၁၅-၁၆ ခုနှစ်မှာ တည်ဆောက်ခဲ့တယ်။ ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်နေ့မှာ ကမ္ဘာ့အဆင့်မီ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှု အဆောက်အအုံကို ဖွင့်လှစ်ခဲ့ပြီးတော့ GMP Standard နဲ့အညီ ထုတ်လုပ်လျက်ရှိပါတယ်။ ဒါ့အပြင် မနှစ်ကစပြီးတော့ မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ကို အမြောက်အမြား ထုတ်လုပ်တယ်။ အရင်က မထုတ်တာတော့ မဟုတ်ဘူး။ သို့သော်လည်း တစ်နှစ်မှာ အလုံးရေ ငါးထောင်လောက်ပဲ ထုတ်နိုင်တယ်။ အခုတပ်ဆင်ထားတဲ့ စက်စွမ်းအားအသစ်ကတော့ နှစ်စဉ် မြွေဆိပ်ဖြေဆေး အအေးခြောက်ဆိုရင် ခြောက်သောင်း၊ ခုနစ်သောင်းလောက် ထုတ်ပေးနိုင်ပါတယ်။

Voice : ဒီဆေးတွေကို ဘယ်လိုမျိုး ဖြန့်ဖြူးပေးနေပါသလဲ။
Dr.AZ : ကျွန်တော်တို့အနေနဲ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာနတွေရဲ့ အမှာစာတွေအရ ဖြန့်ဖြူးပေးပါတယ်။ အဓိကတော့ မှာယူတာကတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကပဲ မှာယူတာ ဖြစ်ပါတယ်။ မနှစ်ကဆို အလုံးရေ ရှစ်သောင်း မှာယူပါတယ်။ ကျွန်တော်တို့ဘက်ကနေ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဗဟိုဆေးသိုလှောင်ရေး ဌာနကိုပဲ ဖြန့်ဖြူးပေးတာ ဖြစ်ပါတယ်။ အဲဒီကနေမှ သက်ဆိုင်ရာ မြို့နယ်ဆေးရုံတွေ၊ တိုက်နယ်ဆေးရုံတွေ၊ နောက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ပဲ ဖြန့်ဖြူးတာ ဖြစ်ပါတယ်။

Voice : ဆရာတို့စက်ရုံကနေ မြွေဆိပ်ဖြေဆေး ဘယ်နှမျိုးလောက် ထုတ်လုပ်ပေးနေပါသလဲ။
Dr.AZ : လက်ရှိမှာ မြွေပွေး အဆိပ်ဖြေဆေး ထုတ်လုပ်တယ်။ မြွေပွေးအဆိပ်ဖြေဆေးကို အရည်ပုံစံနဲ့လည်း ထုတ်လုပ်တယ်။ အအေးခဲခြောက်အနေနဲ့လည်း ထုတ်လုပ်တယ်။ ဒါက မြင်းကထုတ်တာပေါ့။ ဒါ့အပြင် သိုးရဲ့ သွေးရည်ကြည်က ထုတ်လုပ်တဲ့ မြွေဆိပ်ဖြေဆေးလည်း ရှိပါတယ်။ လေးမျိုးရှိတယ်။ နောက်ပြီး မြင်းရဲ့ သွေးရည်ကြည်က ထုတ်လုပ်တဲ့ မြွေဟောက် အဆိပ်ဖြေဆေးက အရည်လည်း ရှိတယ်။ အအေးခဲခြောက်လည်း ရှိတယ်။ စုစုပေါင်း အားလုံး ခြောက်မျိုးပေါ့။ ဒီ့အပြင် ၂၀၁၆-၁၇ ခုနှစ်ကနေစပြီးတော့ တချို့ လူနာတွေကျတော့ မြွေပွေးကိုက်လား၊ မြွေဟောက် ကိုက်လား Accessment လုပ်နေရတဲ့ အချိန်ရှိနိုင်တယ်။ အဲလိုမဖြစ်အောင်လို့ Bivalent လို့ခေါ်တဲ့ မြွေပွေးရော၊ မြွေဟောက် အဆိပ်ရောပါ ဖြေနိုင်မယ့် မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်ခဲ့ပါတယ်။ အခုတော့ FDA ကို တင်ထားပြီးဖြစ်ပါတယ်။ ဆေးဝါးမှတ်ပုံတင် လိုင်စင် ရရှိမယ်ဆိုရင်တော့ ဈေးကွက်ထဲကို စဖြန့်ဖြူးတော့မှာ ဖြစ်ပါတယ်။

Voice :ြွေမပွေးရော၊ မြွေဟောက်ပါ ဖြေနိုင်တဲ့ ဆေးထုတ်လုပ်မှု အပိုင်းကို ရှင်းပြပေးပါဦး။
Dr.AZ : လက်ရှိမှာ FDA ကို မှတ်ပုံတင်ထားတယ်။ မှတ်ပုံတင်လိုင်စင် ရရှိမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနကို ဆက်သွယ်ပြီး သူတို့အမှာစာပေါ် မူတည်ပြီး ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ FDA က ပုံမှန်တော့ မြွေဆိပ်ဖြေဆေးဆိုရင် ခြောက်လနဲ့ တစ်နှစ် ကြာတတ်ပါတယ်။ Biological Products လို့ခေါ်တဲ့ တိရစ္ဆာန်ကနေ ထုတ်လုပ်တဲ့ ဆေးဝါးတွေ ဖြစ်တဲ့အတွက် သူတို့အနေနဲ့ စမ်းသပ်ပြီးတော့မှ လိုင်စင်ထုတ်ပေးတာပါ။ ၂၀၁၇ ဧပြီလောက်က တင်ထားတာ။ အခုဆိုရင် နှစ်လလောက်ပဲ ရှိပါသေးတယ်။

Voice : ဆေးတစ်မျိုးချင်းစီ အနေနဲ့ကရော ဘယ်လောက်အထိ ထုတ်လုပ်သွားမှာပါလဲ။
Dr.AZ : ဒီနှစ် မူလလျာထားချက်က မြွေပွေးအဆိပ်ဖြေဆေး ကိုးသောင်း၊ မြွေဟောက်အဆိပ်ဖြေဆေး တစ်သောင်း ထုတ်လုပ်ဖို့ လျာထားပါတယ်။ Bivalent ကတော့ FDA ရဲ့ မှတ်ပုံတင် မရရှိသေးတဲ့အတွက် မထုတ်လုပ်နိုင်သေးဘူး။ သူတို့ဆီက လိုင်စင်လည်း ကျမယ်၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကလည်း မှာယူချင်တယ် ဆိုရင်တော့ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

Voice : မြွေပွေးဖြေဆေး ပိုမိုထုတ်လုပ်ရတဲ့အကြောင်း ရှင်းပြပေးပါဦး။
Dr.AZ : အဓိကတော့ မြန်မာနိုင်ငံမှာ အဆိပ်ရှိတဲ့ မြွေတွေ အားလုံးကိုက်တာရဲ့ ၉၀ ရာခိုင်နှုန်းလောက်က မြွေပွေးကိုက်တာဖြစ်ပြီး ခြောက်ရာခိုင်နှုန်းလောက်ကတော့ မြွေဟောက်ကိုက်တာပေါ့။ ကျန်တဲ့ လေးရာခိုင်နှုန်းလောက်ကတော့ အခြားအဆိပ်ရှိတဲ့ မြွေစိမ်း မြီးခြောက်တို့၊ ငန်းတော်ကျားတို့ပေါ့။ ဒါကြောင့် ထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းမှာ မြွေပွေးအဆိပ်ဖြေဆေးကို ထုတ်တာပါ။

Voice : ဒီလိုထုတ်လုပ်တဲ့အပေါ်မှာရော လောက်ငမှုရှိပါသလား။
Dr.AZ : လောက်ငလားဆိုတာက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အမှာစာအပေါ်ပဲ မူတည်ပါ တယ်။ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်တုန်းကဆိုရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မြွေဆိပ်ဖြေဆေး ခြောက်သောင်းလောက်မှာရင် ကျွန်တော်တို့အနေနဲ့ လုံလောက်အောင် မထုတ်ပေးနိုင်ဘူး။ သုံးသောင်းလောက်ပဲ ထုတ်ပေးနိုင်တဲ့နှစ် ရှိတယ်။ နှစ်သောင်းလောက်ပဲ ထုတ်ပေးနိုင်တဲ့နှစ် ရှိတယ်။ အခု ရှစ်သောင်း မှာတယ်ဆိုရင် မှာသလောက် ထုတ်လုပ်ပေးနိုင်ပြီ။ သူတို့ကလည်း လိုအပ်ချက်အပေါ် မူတည်ပြီး မှာတာဖြစ်တဲ့အတွက် သူ့လိုအပ်ချက်အတိုင်း ကျွန်တော်တို့ ထုတ်လုပ်ပေးနိုင်ပြီလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ ဆီမှာ မြွေဆိပ်ဖြေဆေး ဝယ်ချင်တယ်၊ ပရဟိတအဖွဲ့ပဲဖြစ်ဖြစ်၊ ကြက်ခြေနီအဖွဲ့ဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဆောင်ထားချင်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ဝယ်လို့ရပါတယ်။ ချက်ချင်း မရောင်းချပေးနိုင်ရင်တောင်မှ တစ်ရက်၊ နှစ်ရက်အတွင်း ရောင်းချပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးပါတယ်။

Voice : ဆေးဈေးနှုန်းက ဘယ်လောက် သတ်မှတ်ထားပါသလဲ။ နောက်ပြီး ဆေးက မြွေကိုက်ပြီး ဘယ်နှနာရီအတွင်းမှာ အသုံးပြုရတာပါလဲ။
Dr.AZ : မြွေဆိပ်ဖြေဆေး အရည်ဆိုရင် တစ်လုံးကို သုံးသောင်း ကိုးထောင်ကျပ်ပါ။ အအေးခဲခြောက်ကတော့ လေးသောင်းခွဲနဲ့ ရောင်းချပေးလျက်ရှိပါတယ်။ WHO Guideline ရော၊ National Treatment Guideline ရောအရ မြွေဆိပ်ဖြေဆေးသည် မြွေကိုက်ရောဂါမှာ တစ်ခုတည်းသော ကုသရမယ့်နည်းလမ်း ဖြစ်ပါတယ်။ မြွေကိုက်တဲ့လူနာကို သက်ဆိုင်ရာ မြွေဆိပ်ဖြေဆေးကို အမြန်ဆုံး စောနိုင်သမျှ စောစောထိုးနိုင်ဖို့ဆိုပြီးတော့ ညွှန်ကြားထားတာ ရှိပါတယ်။ အဆိပ်ရှိတဲ့ မြွေကိုက်ခံရတာ သေချာပြီဆိုရင် လူနာကို ရှေးဦးသူနာပြုစုနည်းနဲ့ပြုစုပြီးရင်  သက်ဆိုင်ရာ မြွေဆိပ်ဖြေဆေးရှိနိုင်တဲ့ ဆေးရုံ ဒါမှမဟုတ် ကျေးလက်ကျန်းမာရေးဌာနကို အလျင်အမြန် ပို့ဆောင်ရမှာ ဖြစ်ပါတယ်။ မြွေဆိပ်ဖြေဆေးကို တတ်နိုင်သမျှ စောစောစီးစီး ထိုးနိုင်မှသာ နောက်ဆက်တွဲ ဆိုးကျိုးတွေ နည်းလာမှာဖြစ်ပါတယ်။

Voice : ထုတ်လုပ်မှုအပိုင်းမှာ လောက်ငမှုရှိတယ် ဆိုတော့ ဒီဆေးတွေကို ပြည်ပကို တင်ပို့ဖို့ အစီအစဉ်များ ရှိပါသလား။
Dr.AZ : ကျွန်တော်တို့အနေနဲ့ ၂၀၁၆ - ၁၇ ခုနှစ်မှာဆိုရင် မြွေဆိပ်ဖြေဆေး အလုံးရေ တစ်သိန်းထွက်တာပေါ့။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မှာယူတာ ရှစ်သောင်းပဲ ရှိတယ်။ နှစ်သောင်းလောက် ပိုနေသေးတယ်။ ဒီနှစ်မှာလည်း အခုထိ အမှာစာ မရသေးဘူး။ ကျွန်တော်တို့မှန်းတာက ရှစ်သောင်းပဲ ရမလားပေါ့။ ရှစ်သောင်းလောက်ပဲလိုတယ်ဆိုရင် ကျွန်တော်တို့ ထုတ်လုပ်နိုင်စွမ်းထက်ကို ပိုနေတာပေါ့။ မြွေဆိပ်ဖြေဆေးတစ်မျိုးက သုံးနှစ်ပဲခံတာပါ။ တန်ဖိုးကြီးတဲ့ဆေးတွေလည်း ဖြစ်တယ်။ တကယ်လို့ နိုင်ငံတော်မှာလည်း မလိုအပ်တော့ဘူး။ နောက်ပိုင်း စက်မှုလယ်ယာ ကဏ္ဍကို ပြောင်းလာတော့ မြွေကိုက်နှုန်းကလည်း ကျလာမယ်လို့ မျှော်မှန်းတာပေါ့။ အရင်တုန်းက စပါးရိတ်ရင် လက်နဲ့ရိတ်ကြတယ်။ အခုနောက်ပိုင်းမှာ စက်တွေနဲ့ရိတ်တယ်ဆိုလို့ရှိရင် မြွေကိုက်ခံရမှု ကျလာတာနဲ့အမျှ မြွေဆိပ်ဖြေဆေးလိုအပ်ချက်လည်း သိပ်မရှိတော့ဘူးဆိုရင် ကျွန်တော်တို့က တခြားဘယ်နိုင်ငံတွေများ တင်ပို့လို့ ရမလဲပေါ့။ လေ့လာတဲ့အခါမှာ ကမ္ဘောဒီးယားနိုင်ငံဆိုရင် မြွေဆိပ်ဖြေဆေး မထုတ်နိုင်ဘူး။ အရင်တုန်းကဆိုရင် အိန္ဒိယ၊ ထိုင်းတို့က မြွေဆိပ်ဖြေဆေး ဝယ်သုံးရတယ်။ နောက်ပိုင်း အိန္ဒိယနိုင်ငံရဲ့ မြွေဆိပ်ဖြေဆေးက အာနိသင် မရှိတဲ့အတွက် ထိုင်းနိုင်ငံက ဆေးကိုပဲ မှာယူသုံးစွဲတယ်။ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက မြွေမျိုးစိတ်ချင်းက တူတယ်။ ကျွန်တော်တို့ဆီကထုတ်တဲ့ အဆိပ်ဖြေဆေးများ သူတို့ဆီက မြွေရဲ့အဆိပ်ကိုများ ချေဖျက်နိုင်မလားပေါ့။ ချေဖျက်နိုင်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားကို ပို့လို့ရရင် နိုင်ငံခြားငွေလည်း တစ်ဖက်တစ်လမ်းက ရရှိမှာပေါ့။ အဲဒီအတွက် ကျွန်တော်တို့မနှစ်ကစပြီးတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကမ္ဘောဒီးယား သံရုံးကတစ်ဆင့် ချိတ်ဆက်ပြီး ကျွန်တော်တို့ဆီက မြွေဆိပ်ဖြေဆေးကို ပို့ထားတယ်။ အဖြေကတော့ ခုချိန်ထိ ပြန်မရသေးဘူး။ ကြီးမားတဲ့ အဟန့်အတားတစ်ခုက မြွေမျိုးစိတ်ကတူတာတောင်မှ ဒီမှာတောင် မြန်မာနိုင်ငံ အထက်ပိုင်းကမြွေနဲ့  အလယ်ပိုင်းမြွေတစ်ခုတည်းတောင်မှ မြွေဆိပ်ပါဝင်မှုက ကွဲပြားခြားနားတယ်။ မတူဘူး။ မတူတော့ ကျွန်တော်တို့တောင် မြွေဆိပ် ဖြေဆေးထုတ်တဲ့အခါကျရင် ဒေသ အသီးသီးက မြွေကိုဝယ်ပြီးတော့ ပေါင်းပြီး မြင်းကို ထိုးနှံတာ။ ဒါမှသာ ကျွန်တော်တို့ထုတ်လိုက်တဲ့ မြွေဆိပ်ဖြေဆေးက တစ်နိုင်ငံလုံးမှာရှိတဲ့ မြွေမျိုးစိတ်ကို ချေဖျက်နိုင်မှာမို့လို့ ဒီလိုထုတ်တာပါ။ အဲဒီအခါကျတော့ ကျွန်တော်တို့ဆီက မြွေဆိပ်ဖြေဆေးသည် ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့မြွေဆိပ်ကို ချေဖျက်နိုင်ပါ့မလား ဆိုတာက အကြီးမားဆုံး အဟန့်အတားပါ။ ကျွန်တော်တို့ထုတ်တဲ့ မြွေဆိပ်ဖြေဆေးက ကျွန်တော့်တို့နိုင်ငံရဲ့ မြွေမျိုးစိတ်နဲ့ ထုတ်ထားတယ်။ နောက်ပြီး မြွေရဲ့အဆိပ် ပါဝင်မှုနှုန်းက သူနေထိုင်တဲ့ဒေသပေါ် မူတည်ပြီးတော့ အဆိပ် ပါဝင်မှုက အနည်းငယ် ကွဲပြားခြားနား သွားတတ်တယ်။ ဒါက မြွေဆိပ်ရဲ့ ထူးခြားတဲ့ဂုဏ်သတ္တိပေါ့။

Voice : ပြည်ပ ဘယ်နှနိုင်ငံလောက်ကို လက်ရှိမှာ ကမ်းလှမ်းထားတာပါလဲ။
Dr.AZ : လက်ရှိကမ်းလှမ်းထားတာက လာအိုရယ်၊ ကမ္ဘောဒီးယားရယ်၊ အိန္ဒိယရယ်၊ နီပေါရယ်ပေါ့။ သံရုံးတွေကတစ်ဆင့် ကမ်းလှမ်းထားတယ်။ ကျွန်တော်တို့ကတော့ ရောင်းချင်တာပေါ့။ ရောင်းချင်တယ် ဆိုတာက ကျွန်တော်တို့အနေနဲ့ ပြည်တွင်းကိုပဲ ဦးစားပေးမှာပါ။ ပြည်တွင်းဖူလုံမှသာ ကျွန်တော်တို့က ပြည်ပကို စဉ်းစားဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က အမှာက ထုတ်လုပ်နိုင်တာထက် နည်းနေတဲ့အတွက် Second Option အနေနဲ့ နောက်ပိုင်း မလိုအပ်တော့ရင် ဘာလုပ်မလဲဆိုတာမျိုးပေါ့။ ကျွန်တော်တို့အနေနဲ့က မြင်းတွေကို အကုန်အကျခံပြီး မွေးမြူထားတယ်။ နောက်ပြီးတော့ မြွေဆိပ်ဖြေဆေး အဆောက်အအုံကိုလည်း ကမ္ဘာ့အဆင့်မီ ရင်းနှီးမြှုပ်နှံထားတယ်။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ အမြတ်ရရှိဖို့လည်း လိုပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့က ဒုတိယအဆင့်အနေနဲ့ စဉ်းစားထားတာပါ။ သို့သော်လည်း ကျွန်တော်တို့ရဲ့ပထမဦးစားပေးသည် နိုင်ငံအတွင်းမှာ မြွေဆိပ်ဖြေဆေး လုံလုံလောက်လောက်ရှိဖို့ပဲ ဖြစ်ပါတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA