POST TYPE

INTERVIEW

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တွေ့ဆုံခြင်း
03-Jul-2017

လက်ရှိကျင်းပလျက်ရှိသော နိုင်ငံတော် သံဃမဟာနာယက အစည်းအဝေး၌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သာသနာ သန့်ရှင်းရေး ဆောင်ရွက်မည့် ကိစ္စရပ်များ အပါအဝင် ရခိုင်ပြည်နယ်အရေး လုပ်ဆောင်နေမှု အခြေအနေများကို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice : သာသနာ သန့်ရှင်းရေး ဆောင်ရွက်မယ်ဆိုပြီး ပြောခဲ့တာရှိတယ်။ ယခုကျင်းပနေတဲ့ နိုင်ငံတော် သံဃမဟာနာယက အစည်းအဝေးမှာ ဝန်ကြီး လျှောက်ထားတာရှိတော့ ဘယ်လိုစီမံဆောင်ရွက်ဖို့ ရှိနေလဲ။

UAK : ပြီးခဲ့တဲ့ အပတ်က လွှတ်တော်မှ မေးခွန်းသွားဖြေတဲ့အခါ သတင်းမီဒီယာတွေက ဝိုင်းမေးကြပါတယ်။ သူတို့အများဆုံး မေးတာက သာသနာတော် သန့်ရှင်းရေး မလုပ်သေးဘူး။ ပြည်သူတွေကလည်း အဲ့မေးခွန်းမေးနေကြပါတယ်။ ရဟန်းသံဃာတော်တွေကလည်း မေးကြပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားက ယနေ့အချိန်က သာသနာတော် သန့်ရှင်းရေး လုပ်သင့်သောအချိန် ဆိုတာ သဘောပေါက်တယ်။ နိုင်ငံတော် သံဃနာယကအဖွဲ့ ဆရာတော်ကြီးတွေကလည်း သဘောပေါက်ပါတယ်။ တာဝန်ရှိတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနေနဲ့လည်း သဘောပေါက်ပါတယ်။ 

သာသနာတော် သန့်ရှင်းရေးလုပ်တဲ့အခါ နှစ်ပိုင်း ရှိပါတယ်။ ဓမ္မပိုင်းအရ သန့်ရှင်းရေးလုပ်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဓမ္မနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဓမ္မနဲ့ ဆင်တူရိုးမှားတွေ ထုတ်လုပ်ဖြန့်ချိ ဥပမာ-မိုးပြာဂိုဏ်းလိုပေါ့။ ဗုဒ္ဓဘာသာကို ပျက်စီးအောင် လုပ်နေတာတွေ ရှိပါတယ်။ မိုးပြာဝါဒ၊ လူသေလူဖြစ်ဝါဒ၊ ကျောက်သင်္ဘောဝါဒတို့ ခေတ်အဆက်ဆက် ရှိခဲ့ပါတယ်။ ဒီဘက်ခေတ်မှာတော့ မိုးပြာဝါဒတို့ကို ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ အဓမ္မတွေ ဖြစ်တယ်။ ဓမ္မကြောင်းအရ အဓမ္မဝါဒတွေကို တိုက်ဖျက်နေတာဖြစ်တယ်။ အစိုးရသစ် တက်ခါစမှာ မိုးပြာဝါဒကို အသက်သွင်းဖို့ ကြိုးစားနေတဲ့အခါ ဥပဒေပိုင်းအရ ခြိမ်းခြောက်တဲ့နည်းလမ်းကော အောက်ခြေမှာ ညှိနှိုင်းတဲ့ နည်းလမ်းကော နည်းလမ်း ပေါင်းစုံသုံးပြီးတော့မှ မိုးပြာဝါဒ ခေါင်းမထောင်အောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

နောက်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေကို စာပေစိစစ်ရေးနဲ့ ပတ်သက်ပြီးတော့ တင်/ထုတ်ပေါ့လေ၊ သို့သော်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်အရ အားလုံးတောင်းဆိုမှုကြောင့် ၂၀၁၂ ခုနှစ်ကစပြီး ထုတ်/တင် ဖြစ်လာတယ်။ ပြီးခဲ့တဲ့ လပိုင်းအတွင်းက ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးက အခြားဘာသာကြီးတစ်ခုကို ပုတ်ခတ်ထားသော စာအုပ်တစ်အုပ် ထွက်လာပါတယ်။ ထုတ်/တင် မူဝါဒအရ စာအုပ်က ဖြန့်ချိပြီးနေပြီ။ အခုအချိန်မှာ အခြားဘာသာကြီးကလည်း စိတ်မကောင်း ဖြစ်ကြတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနကို ကန့်ကွက်လွှာပို့ကြတယ်။ ပြန်ကြားရေးကို ပို့တယ်။ ပို့တဲ့အပေါ် မူတည်ပြီး ထုတ်/တင်စနစ်ကို ပြန်လည်သုံးသပ်သင့်ပြီဆိုတာ နိုင်ငံတော် သံဃနာယက နံနက်ပိုင်း အစည်းအဝေးမှာ လျှောက်ထားခဲ့တယ်။ ကျန်တဲ့ နိုင်ငံရေး၊ စီးပွားရေး စာပေလောကမှာ ထုတ်/တင် ဖြစ်ပါစေ ဘာသာရေးစာပေနဲ့ ပတ်သက်ရင် တင်/ထုတ်စနစ်ကို ကျင့်သုံးသင့်တယ်ဆိုတာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကလည်း အစီရင်ခံစာမှာ ပြောထားတယ်။ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်အစိုးရအဖွဲ့ကို တင်ပြပြီး အကောင်အထည်ဖော်နိုင်ဖို့ ဆက်လက်ကြိုးပမ်းမှာ ဖြစ်တယ်။ ဒါတွေသည် သာသနာသန့်ရှင်းရေးကို ဓမ္မကြောင်းအရ လုပ်ဆောင်ချက် ဖြစ်တယ်။ နောက်တစ်ခုက ပုဂ္ဂိုလ်ကြောင်းအရ သာသနာသန့်ရှင်းရေးလုပ်ဖို့ လိုအပ်ပါတယ်။

Voice : ပုဂ္ဂိုလ်ကြောင်းအရ သာသနာ သန့်ရှင်းရေးလုပ်မယ် ဆိုတာ ဘယ်လိုဆောင်ရွက်မှာလဲ။

UAK : ပုဂ္ဂိုလ်ကြောင်းဆိုတဲ့ နေရာမှာ ရဟန်းသာမဏေ တော်တော်များများမှာပေါ့လေ သမဏ  သာရုပ္ပမဖြစ်တဲ့ အပြုအမူ၊ ပြောအဆို၊ အလုပ်အကိုင်တွေ လုပ်နေကြပါတယ်။ သမဏ သာရုပ္ပ  ဆိုတာ ရဟန်းသာမဏေနှင့် မသင့်လျော်တဲ့ ပြောဆိုပြုမှု လုပ်ကိုင်မှုတွေ ဖြစ်ပါတယ်။ အများပြည်သူ အမြင်မှာလည်းပဲ ကြည်ညိုဖွယ်ရာမဆောင်တဲ့ အပြောအဆို အပြုအမူတွေ ဖြစ်ပါတယ်။ ဒါတွေက အခုဆိုရင် တော်တော်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပါပြီ။ တစ်ဖက်က ကြည့်ရင်လည်း လက်ရှိ သံဃအခြေခံစည်းမျဉ်းတွေအရ ပြဋ္ဌာန်းချက်အရ မြန်မာနိုင်ငံမှာ ဂိုဏ်းကြီးကိုးဂိုဏ်းပဲ ရှိမယ်။ ဂိုဏ်းကြီးကိုးဂိုဏ်မှာ အကျုံးဝင်နေတဲ့ အားလုံးသည် သံဃဓူရ စာအန်မယ်၊ စာသင်မယ်၊ စာပေပို့ချရမယ်။ ဝိပဿနာ ဓူရ ဝိပဿနာ ကျင့်ကြံအားထုတ်ရမယ်ဆိုတဲ့ တာဝန်နှစ်ရပ်ပဲ ရှိပါတယ်။  အခု ရဟန်းသာမဏေအချို့က ဓူရနှစ်ပါးမှာ တစ်ပါးမှ မကျင့်သုံးဘူး။ ဓူရနှစ်ပါးမှအပ မိမိနဲ့မဆိုင်တဲ့ လောကီကိစ္စတွေ နိုင်ငံရေးကိစ္စတွေ ပါတီနိုင်ငံရေးကိစ္စတွေ ဝင်ရောက်စွက်ဖက်ပြီးတော့မှ အမျိုးသားရေးခေါင်းစဉ် တပ်ပြီးတော့ ယနေ့ နိုင်ငံရေးအရ လှုပ်ရှားမှုတွေ ဆောင်ရွက်နေကြတာ ရှိပါတယ်။ အဲ့ဒီလုပ်ဆောင်ချက်တွေကပဲ နိုင်ငံတော်အပေါ်မှာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနေတာ ဖြစ်ပါတယ်။ အခုလို အခြေအနေတွေကြောင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကနေ မဘသအဖွဲ့ကြီးကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

Voice : မဟနအဖွဲ့ကြီးက မဘသအမည် ဆိုင်းဘုတ်တွေ အမည်တွေ မသုံးစွဲဖို့ ဆုံးဖြတ်ထားတော့  မလိုက်နာရင် ဘယ်လိုရှိလာနိုင်လဲ။ ဘားအံနဲ့ မန္တလေး မဘသက မူလအမည်အတိုင်းရှိဖို့ ပြည်ထဲရေးကို  စာရေးသား တင်ပြထားတယ်။

UAK : ဇူလိုင် ၁၅ ရက်အထိ ရက်ပေးထားတော့ အဲ့အထိကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘားအံနဲ့ မန္တလေး မဘသအဖွဲ့အချို့က မဘသခေါင်းစဉ်နဲ့ ဆက်လုပ်မယ်လို ပြောတဲ့အခါမှာ ဇူလိုင် ၁၅ အထိတော့ စောင့်ကြည့်ရမယ်။ အဲ့လိုပဲ ဆက်လုပ်မယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီးတော့ ဓမ္မစက်အရ ဆက်ပြီးအရေးယူမယ်။ ဓမ္မစက်နဲ့ အရေးယူလို့ မရခဲ့ရင် အာဏာစက်အရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်ညွှန်ကြားတဲ့အခါမှာ နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ရမှာ ဖြစ်တယ်။ ပုဂ္ဂိုလ်ရေးအရ သာသနာသန့်ရှင်းရေး လုပ်တာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ချီပြီးတော့မှ သာသနာတော် သန့်ရှင်းရေးလုပ်မယ် ဆိုရင် ပထမအဆင့် ဓမ္မစက်ဖြင့် လုပ်ရပါတယ်။ ဒုတိယအဆင့် အာဏာစက်ကို လွှဲပြောင်းပေးရပါတယ်။ အာဏာစက်ဆိုတဲ့ နေရာမှာ ပြည်ထဲရေးနဲ့ အများစုဆိုင်ပါတယ်။ ပြည်ထဲရေးအောက်မှာ အထွေထွေအုပ်ချုပ်ရေး၊ စုံစမ်းစစ်ဆေးရေး၊ အကျဉ်းဦးစီးရဲ့အပြင် တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားရေးမဏ္ဍိုင်နဲ့လည်း သက်ဆိုင်နေပါတယ်။ ဒီလိုအာဏာစက်အရ ဖမ်းဆီးမယ်၊ တရားစွဲမယ် အရေးယူတဲ့အခါမှာ တတိယမဏ္ဍိုင်ဖြစ်တဲ့ တရားရေးကလည်းပဲ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှ၊ မှန်ကန်တဲ့ စီရင်ချက်တွေ ချမှသာလျှင် သာသနာသန့်ရှင်းရေးက ထိရောက်အောင်မြင်မှာ ဖြစ်တယ်။ အာဏာစက်ကို ကိုင်တွယ်ကျင့်သုံးနေတဲ့ ပြည်ထဲရေးဌာန၏ အဖွဲ့အစည်းတွေကလည်းပဲ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းပြီးတော့ အစိုးရ၏ အမိန့်ညွှန်ကြားချက်အတိုင်းပဲ တိတိကျကျ ပူးပေါင်း လိုက်နာဆောင်ရွက်မှသာလျှင် သာသနာတော် သန့်ရှင်းရေးကလည်းပဲ အောင်မြင်မှာ ဖြစ်တယ်။ အစိုးရအဖွဲ့သက်သက် သမ္မတရုံး၊ အစိုးရအဖွဲ့ရုံး၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သက်သက်၊ သာသနာသန့်ရှင်းရေး လုပ်မယ်၊ ကျန်တဲ့အုပ်ချုပ်ရေးကို ကိုင်တွယ်ထားတဲ့ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေတို့က နိုင်ငံတော်အကျိုး၊ တရားဥပဒေစိုးမိုးရေး အကျိုးအတွက်ကို တာဝန်သိသိနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ထိုသို့ဆောင်ရွက်မှသာလျှင် သာသနာတော် သန့်ရှင်းရေးက အောင်မြင်မှာပါ။ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း မရှိရင် အောင်မြင်မှု မရနိုင်ပါဘူး။ ဒီလိုလုပ်ငန်းကိစ္စကလည်း လုပ်ပြီဆိုရင် အပြည့်အဝ အောင်မြင်အောင်လုပ်ဖို့ လိုပါတယ်။ 

နိုင်ငံတော်၏ ဂုဏ်သိက္ခာအတွက် အုပ်ချုပ်မှု၏ ဂုဏ်သိက္ခာအတွက် တရားဥပဒေစိုးမိုးမှုအတွက် လိုပါတယ်။ တစ်ဝက်တစ်ပျက်သာ အောင်မြင်မယ်ဆိုရင် လုပ်ဆောင်ချက်နဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်တဲ့ ဌာနအသီးသီးက သမိုင်းမှာ အမည်းစက် တင်ကျန်ခဲ့ပါလိမ့်မယ်။ သာသနာတော် သန့်ရှင်းရေးလုပ်မယ်ဆိုရင် လုပ်ဖို့တော့ တောင်းဆိုနေကြပါပြီ။ လုပ်မယ်ဆိုရင်တော့ နံပါတ် (၁) နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ဦးစွာလျှောက်ထားရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သဘောတူတယ်၊ ခွင့်ပြုတယ်ဆိုရင် တကယ်တော့ သဘောမတူစရာ မရှိပါဘူး။ နိုင်ငံတော်အစိုးရအဖွဲ့ကို ဆက်ပြီးတင်ပြရမှာ ဖြစ်တယ်။ နိုင်ငံတော် အစိုးရအဖွဲ့က သဘောတူပြီဆိုရင် တာဝန်ရှိတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကနေ သာသနာတော် သန့်ရှင်းရေးနဲ့ ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်တဲ့ စီမံချက်တစ်စောင်ကို ရေးဆွဲရမှာ ဖြစ်တယ်။ အခုလည်း စီမံချက်ရေးဆွဲဖို့ အတွက် လိုအပ်တဲ့ သတင်းအချက်အလက် စုဆောင်းဖို့အတွက် စပြီး လုပ်နေပါပြီ။ပြီးတဲ့ အခါမှာ ဓမ္မစက်နဲ့စပြီး အကောင်အထည်ဖော်ရမယ်။ ဖော်တဲ့အခါမှာ ဓမ္မစက်နဲ့ ညှိနှိုင်းမယ် ဓမ္မစက်နဲ့ ဆုံးဖြတ်မယ်။ အတိုင်းအတာတစ်ခုထိ အောင်မြင်မှုတွေ ရှိမှာပါ။

ဓမ္မစက်ကို မနာခံတဲ့သူကို အာဏာစက်ကို ပေးရမှာ ဖြစ်တယ်။ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်က သူနဲ့ဆက်စပ်တဲ့ ဌာနတွေရဲ့ လုပ်ငန်းဖြစ်သွားပါပြီ။ အဲ့အချိန်မှာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာန ဆောင်ရွက်တဲ့အခါမှာ ပံ့ပိုးဆောင်ရွက်ပေးဖို့ပဲ တာဝန်ရှိပါတယ်။ ဒါတွေကို ဥပဒေကြောင်းအရ ပြတ်သားစွာ ဖမ်းဖို့ဆီးဖို့ တရားစွဲဖို့  ပြစ်ဒဏ်ပေးဖို့ကတော့ ပြည်ထဲရေးနဲ့ တရားရေးမဏ္ဍိုင်အပေါ် ရောက်သွားပါပြီ။ ဒီလုပ်ငန်းသည် ကျယ်ပြန့်ပြီး တာဝန်ကြီးမားတဲ့ လုပ်ငန်းကြီး ဖြစ်ပါတယ်။ လုပ်ရင်လည်း ရာနှုန်းပြည့်ကို အောင်မြင်အောင် လုပ်ရပါမယ်။ ရာနှုန်းပြည့် မအောင်မြင်နိုင်သေးဘူး ဆိုရင်တော့ လိုအပ်တဲ့ ညိနှိုင်းမှုတွေ ဆက်ပြီးတော့မှ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။

Voice : ပြီးခဲ့တဲ့ အစိုးရလက်ထက်မှ ၉၆၉ လို အဖွဲ့တွေက ကျယ်ကျယ်ပြန့်ပြန့် ရှိလာခဲ့တယ်။ အဲလိုအဖွဲ့တွေကို ဝန်ကြီးဌာနက ဘယ်လိုသဘောထား ရှိလဲ။

UAK : ၉၆၉ အဖွဲ့က မဘသအဖွဲ့ကြီးရဲ့ အကိုင်းအခက်တွေ ဖြစ်ပါတယ်။ လက်အောက်ခံအဖွဲ့တွေ ဖြစ်ပါတယ်။ တကယ်တော့ မဘသအဖွဲ့ကြီး ဖျက်သိမ်းမှုနှင့်အတူ အဲ့ဒီအဖွဲ့တွေလည်း ပါသွားပြီးသား ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

Voice : ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ဘာသာရေး ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာ ရှိတော့ ဒီဘက်အစိုးရ လက်ထက်မှာ ထပ်ပြီး ဘာသာရေး ပဋိပက္ခ ထပ်မဖြစ်ဖို့ ကြိုတင်စီမံထားလား။

UAK : နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံတော် အစိုးရအဖွဲ့သစ်က ကျွန်တော့်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ပေးခြင်းက ယခင်အစိုးရ လက်ထက်ကလို ဘာသာရေးကို အကြောင်းပြသော လူမျိုးရေးပဋိပက္ခတွေ မဖြစ်ပွားအောင် ဟန့်တားနိုင်အောင် အတိုင်းအတာတစ်ခုထိ စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ပြီးတော့ တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။၂၀၁၆ ဧပြီလ  တစ်ရက်နေ့မှာ တာဝန်စတင်ထမ်းဆောင်ချိန်ကစပြီး ယနေ့ထိ ရခိုင်ပြည်နယ် ကျောက်နီမော်ကိစ္စဖြစ်စဉ် အရေးအခင်း၊ မိတ္ထီလာ အရေးအခင်းတို့လို၊ မန္တလေး လာရှိုး တောင်ငူ ရေတာရှည်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာလိုမျိုး မဖြစ်ဖို့ တစ်နှစ်ကျော်ကာလမှာ ထိန်းသိမ်းကာကွယ်နိုင်ခဲ့တယ်။ တစ်ဖက်ကလည်း ဒီကိစ္စ တည့်တည့်ပြောတာ ကောင်းပါတယ်။ အစိုးရသစ် လက်ထက်မှာ နိုင်ငံတော်က တည်ငြိမ်အေးချမ်းပြီးတော့ ဖွံ့ဖြိုးတိုးတက်မှာကို မလိုလားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက ဘာသာရေးကို အကြောင်းပြုပြီးတော့မှ လူမျိုးရေး ပဋိပက္ခတွေ စဉ်ဆက်မပြတ် နိုင်ငံမတည်မငြိမ်ဖြစ်အောင် လုပ်စေတဲ့ လုပ်ဆောင်မှုတွေ လှုပ်ရှားမှုတွေ တစ်လျှောက်လုံး တွေ့နေပါတယ်။ ဒါတွေကို ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ဆက်နွှယ်နေတဲ့ဌာနနဲ့ ပူးပေါင်းပြီးတော့ နေ့စဉ် ကာကွယ်နေရတယ်။ လုပ်တဲ့အခါ အတိုင်းအတာတစ်ရပ်အထိ  ကာကွယ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ အဲ့လိုကာကွယ်နိုင်လို့ အခုအချိန်မှာ မဘသနဲ့ ဆက်စပ်တဲ့ မျိုးချစ်ဆိုတဲ့ အဖွဲ့တွေက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး နုတ်ထွက်ပေးဖို့ ဆန္ဒထုတ်ဖော်ပွဲတွေကို နှစ်ကြိမ် သုံးနေရာလောက် လုပ်ကြတယ်။ ဘာအကြောင်းကြောင့်လဲလို့ အကြောင်းပြချက်ကို နားထောင်တဲ့အခါမှာ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိပါဘူး။ ဗုဒ္ဓဘာသာကို အားပေးမှုနည်းတယ်။ ကုလားဘာသာကို ပိုပြီးအားပေးတယ်လို့ သူတို့က ပြောတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းမှာ တမန်တော်နေ့ အခမ်းအနားကို အများကြီး တစ်နိုင်ငံလုံး ကျင်းပခွင့်ပြုတယ်ဆိုပြီး ပြောတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ အစ္စလာမ်ဘာသာနဲ့ ပတ်သက်တဲ့ ဇူလိုင်လမှာ ကျင်းပခဲ့သော ဝါကျွတ်အစ် မိတ်ဆုံစားပွဲ တက်ခဲ့တာကလွဲရင် ကျန်တာ မည်သည့် အစ္စလာမ် အခမ်းအနားမှ မတက်ခဲ့ဘူး။ မအားလပ်ပါဘူး။ အလုပ်လည်း များပြားတယ်။ ဒီနှစ်ဆိုရင် မတက်ဖြစ်ခဲ့ဘူး။ တမန်တော်နေ့ အခမ်းအနားကို ကျင်းပခွင့်ပြုတာက မြို့နယ်၊ ခရိုင်၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ဖြစ်တယ်။ ကျင်းပတဲ့အခါ လိုက်ပြီး နှောင့်ယှက် ပိတ်ဆို့ဟန့်တားနေတာက မျိုးချစ်အမည်ခံတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ အခြားဘာသာတွေနဲ့ ပတ်သက်ရင် အခြေခံဥပဒေရဲ့ ပေးထားချက် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို လူတိုင်း ကိုးကွယ်တဲ့ အထွတ်အမြတ်ဘာသာ ဖြစ်တယ်။ ကျန်တဲ့ တိုင်းရင်းသားတွေ ကိုးကွယ်တဲ့ ဘာသာအားလုံးကိုလည်းပဲ အသိအမှတ်ပြုပြီး ကူညီဆောင်ရွက် ပြုလုပ်ပေးတာ အခြေခံဥပဒေအရ ဆောင်ရွက်ပေးတာဖြစ်လို့ သူတို့ပြောနေတာ အခြေအမြစ် မရှိဘူး။ ဆန္ဒထုတ်ဖော်မှုတွေက အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်၊ ခိုင်လုံခြင်း မရှိသော စွပ်စွဲချက်တွေနဲ့ လုပ်နေတာဖြစ်လို့ ဒါတွေကို ဆက်လက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို  နိုင်ငံတော်အကျိုး၊ နိုင်ငံသားတွေရဲ အကျိုးကို ဆောင်ရွက်သွားမှာ ဖြစ်တယ်။

Voice : သာသနာရေးက သာသနာ တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်တဲ့ ဝန်ကြီးဌာနတစ်ခုလည်း ဖြစ်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂါလီ အကြမ်းဖက်တွေရဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာကြောင့် အဲ့ဒီဒေသမှာ သာသနာ ဆက်လက်တည်ရှိဖို့ ဘယ်လိုအစီအမံတွေ ဆောင်ရွက်နေပြီလဲ။

UAK : ၁၉၉၅ ကာလတွေလို့ ထင်ပါတယ်။ (နယက) တပ်မတော်အစိုးရ လက်ထက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသက လစ်ဟာနေတဲ့ နေရာတွေကို ရခိုင်တိုင်းရင်းသားတွေ ကျန်တဲ့မြန်မာတိုင်းရင်းသားတွေနဲ့ကာဖို့ အတွက် တစ်ဖက်က ဘင်္ဂါလီတွေရဲ့ စိမ့်ဝင်မှုကို လူနဲ့ပြန်ကာဖို့  စံပြကျေးရွာတွေ တည်ပေးခဲ့ပါတယ်။ ဒီလိုတည်တာကို စစ်ကိုင်းတိုင်း အနောက်မြောက်ခြမ်းက ကလေး၊ ကဘော်ချိုင့်ဝှမ်း ဒေသမှာလည်း ရွာတွေ တည်ခဲ့ပါတယ်။ စံပြကျေးရွာတွေဖြစ်တဲ့ ဦးအောင်ဇေယျရွာတို့  အလောင်းမင်းတရားကြီးရွာ၊ ဘုရင့်နောင်ရွာတို့  တည်ခဲ့တယ်။ ရခိုင်မှာလည်း အဲ့လိုတည်ခဲ့ပါတယ်။ တည်တဲ့အခါမှာ မြေလည်း အနည်းဆုံး ငါးဧက လုပ်ကိုင်စားဖို့ ပေးပါတယ်။ ခိုင်းနွား နှစ်ကောင်ပေးပါတယ်။ အိမ်တစ်လုံး ဆောက်ပေးပါတယ်။ အခြေခံအထောက်အပံ့တွေလည်း ပေးပါတယ်။ သို့သော် စစ်ကိုင်းတိုင်း ကဘော်ဒေသမှာ အသင့်အတင့် အောင်မြင်သော်လည်းပဲ ရခိုင်မြောက်ခြမ်း ဒေသမှာဖြင့် မအောင်မြင်ခဲ့ပါဘူး။ နိုင်ငံတော်အစိုးရ အနေနဲ့ လုံခြုံရေးအရတော့ တတ်အားသမျှ ကာကွယ်ပေးပါတယ်။ အထူးသဖြင့် ရာနှုန်းပြည့် အကာအကွယ် မပေးနိုင်ခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။ တစ်ဖက်က ဘင်္ဂါလီတွေရဲ့ စိမ့ဝ၀င်ခြိမ်းခြောက်မှုတွေက များများလာတယ်။ ရွာပြင်ထွက် အလုပ်လုပ်ဖို့ ခက်လာတယ်။ ဒါကြောင့် အဲ့ရွာတွေက မအောင်မြင်ဘူးလို့ ပြောပါတယ်။ အခုဆိုရင် အဲ့ဒီရွာတွေက မရှိသလောက် ဖြစ်သွားပါပြီ။  အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး ပြီးခဲ့တဲ့အပတ်က ထိုင်တဲ့အခါမှာ ကျွန်တော်လည်း တက်ခဲ့ပါတယ်။ အဲဒီဒေသကို အထူးသဖြင့် ရခိုင်တိုင်းရင်းသား တကယ်လို့ ဆန္ဒပြုမယ်ဆိုရင် မြန်မာတိုင်းရင်းသား အားလုံး ဘယ်လူမျိုးဖြစ်ဖြစ် ဒီမှာစံပြရွာတွေ ပြန်ပြီး အကောင်အထည်ဖော်ပေးနိုင်ဖို့နဲ့ လုံခြုံရေးအရ ယခင်ကာလထက် ပံ့ပိုးပေးနိုင်မည့် အစီအမံတွေကို  ဆွေးနွေးထားတာ ရှိပါတယ်။ ဘင်္ဂါလီတွေက အနောက်ဘက် မျက်နှာစာကနေ လူတွေရဲ့ ကျူးကျော်စိမ့်ဝင်မှုကို လူတွေနဲ့သာလျှင် ပြန်ကာရမှာ ဖြစ်တယ်။ ဒါကြောင့် လက်တွေ့ကျတဲ့ အစီအမံတွေ အပြည့်အဝပေးနိုင်တဲ့ လုံခြုံရေး အစီအမံတွေနဲ့ စတင်ဆွေးနွေးနေပြီလို့ ပြောလိုပါတယ်။ ဘူးသီးတောင်၊ မောင်တောမြောက်ခြမ်းဒေသက ရသေ့တောင်၊ ပုဏ္ဏားကျွန်းတို့ စစ်တွေဘက်အခြမ်းက ပင်လယ်ကမ်းခြေဘက်အခြမ်းကို ပြိုဆင်းလာတယ်လို့ အားလုံးက ဝေဖန်သုံးသပ်ကြပါတယ်။ ဒါကြောင့် လူကို လူနဲ့ကာပါမယ်။ ပြီးရင် နိုင်ငံတော်အစိုးရအပိုင်း အနေနဲ့ လုံခြုံရေး အပြည့်အဝ စီမံပေးရမယ်။ တခြားအစီအမံတွေပါ ဆက်စပ်နေတဲ့သူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဆွေးနွေးတာ ရှိနေတယ်။

Voice : ဝန်ကြီးခင်ဗျ တစ်ချိန်ရောက်ရင် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွေက ထိုင်းနိုင်ငံတောင်ပိုင်း ဒေသလို အလားတူ ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြတဲ့အပေါ် ဘာပြောချင်ပါသလဲ။

UAK : ရခိုင်ပြည်နယ်မြောက်ပိုင်းမြောက်ခြမ်း ဒေသက အခုလည်း ထိုင်းနိုင်ငံတောင်ပိုင်းလို ဖြစ်နေတာ ကြာပါပြီ။ ဒါတွေက ဒီအစိုးရလက်ထက်မှာ ဖြစ်လာတာ မဟုတ်ဘူး။ ယခင်ခေတ်အဆက်ဆက်  အစိုးရ လက်ထက်မှာ ကတည်းက ဖြစ်လာတာ။ တာဝန်ရှိခဲ့တဲ့ တာဝန်ကျခဲ့တဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေ မှတ်ပုံတင်အတုတွေ ထုတ်ပေးတာ ငွေယူပြီး ထုတ်ပေးတာတွေ အချို့ဝန်ထမ်း အဖွဲ့အစည်းတွေကလည်း ဝန်ထမ်းကားတွေနဲ့ ဘင်္ဂါလီတွေကို ကားပေါ်တင်ပြီး ပြည်တွင်းပို့ပေးနေတာ သတင်းတွေက မကြားချင်အဆုံးပါ။ ဘင်္ဂါလီတွေ ပြည်တွင်းစိမ့်ဝင်ခဲ့တာ နှစ်ပေါင်း ၅၀ လောက် ကျော်ခဲ့ပါပြီ။ ထိုင်းနိုင်ငံ တောင်ပိုင်းလို ဖြစ်နေတာ ကြာပါပြီ။ သို့သော်လည်း ထိုင်းနိုင်ငံ တောင်ပိုင်းလောက်တော့ အခြေအနေ မဆိုးသေးပါဘူး။ ဒီနေရာမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ဇွဲသတ္တိကြောင့် ဖြစ်တယ်။ ကျန်တဲ့  သဘောမျှတတဲ့ တိုင်းရင်းသားဆိုရင် ထင်ပါတယ် အမျိုးတောင် ပြုတ်နေလောက်ပြီ။ ရခိုင်တိုင်းရင်းသားတွေ ခေါင်းမာလို့ သတ္တိရှိလို့ ကြံ့ကြံ့ခံထားလို့ တံခါးနဲ့ ခြံစည်းရိုးက ယနေ့ထိ တောင့်ခံနေတာ ဖြစ်တယ်။   

ကျော်စိုးဦး