News

POST TYPE

INTERVIEW

လေးလောင်းပြိုင် လူသတ်မှုမှ ကျန်ရစ်ခဲ့သူ ဒေါ်ရီရီနွဲ့နှင့် တွေ့ဆုံခြင်း
30-Jun-2017

အများပြည်သူ စိတ်ဝင်စားနေသည့် မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားသော လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ သေဆုံးသူ ရဲအရာရှိဟောင်း ကိုစိုးနောင်ဖြစ်ပြီး ၎င်းက ဇနီးနှင့် သားနှစ်ဦးကို ဓားဖြင့်အချက်ပေါင်းများစွာ ဆင့်ထိုးသတ်ပြီး မိမိကိုယ်ကိုယ်လည်း ဓားဖြင့် ဆင့်ထိုး၍ အဆုံးစီရင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ယင်းနေအိမ်တွင် အတူနေထိုင်သည့် ကျန်ရစ်သူ ဒေါ်ရီရီနွဲ့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို ပြန်လည်ဖော်ပြအပ်ပါသည်။

Voice - လေးလောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်ချက်အပေါ် အန်တီ့အနေနဲ့ လက်ခံပါသလား။

DYYN - အန်တီက သေဆုံးသူ မချယ်ရီပွင့်ရဲ့ မိခင်ဖြစ်သူ ဒေါ်ရီရီနွဲ့ပါ။ ဒီအမှုမှာ သမက်ဖြစ်သူ မောင်စိုးနောင်က သူ့ဇနီးနဲ့ သားနှစ်ယောက်ကို သတ်ပြီး ကိုယ်ကိုယ့်ကိုယ် ပြန်အဆုံးစီရင်ခဲ့တယ်လို့ ရဲက ထုတ်ပြန်တဲ့သတင်း ည ၈ နာရီ မြန်မာ့အသံမှာ လာတဲ့သတင်းမှာ ကြေညာသွားတာ တွေ့လိုက်ရတယ်။ ဒါလုံးဝမဖြစ်နိုင်ဘူး။ မောင်စိုးနောင်က သူ့သားတွေကို သိပ်ချစ်တာ။ တစ်ခါမှ ရိုက်နှက်တာမျိုး မရှိဘူး။ ပြီးတော့ သမီးချယ်ရီပွင့်က အရက်၊ ဘီယာ၊ ဝိုင် ဘာတစ်ခုမှ မသောက်တတ်ဘူး။ အခု သူတို့ထုတ်ပြန်ချက်မှာ သမီးက အရက်တွေ သောက်ထားတယ်လို့ ပါလာတယ်။ အန်တီက ဒီဖြစ်စဉ်မှာ သူစိမ်းလူက လူသတ်မှု ကျူးလွန်ခဲ့တာလို့ပဲ ထင်မြင်ယူဆမိတယ်။

Voice - ရဲတပ်ဖွဲ့က ဒီအမှုကို အသေးစိတ် စစ်ဆေးခဲ့ပြီး DNA စစ်ဆေးချက်အရ ကိုစိုးနောင်က ဓားတစ်ချောင်းထဲနဲ့ တစ်မိသားစုလုံးကို သတ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်အဆုံးစီရင်ခဲ့တာလို့ ယူဆသုံးသပ်ထားတယ်။ ဒါပေမဲ့ အန်တီက သမက်ဖြစ်သူ ကိုစိုးနောင်သတ်တာ မဟုတ်ဘဲ တခြားလူသတ်တာလို့ ဘာလို့ ယူဆမိတာလဲဆိုတာ ပြောပြပေးပါ။

DYYN - လူသတ်မှုမဖြစ်ခင် တစ်ပတ်လောက်က အိမ်ရှေ့ကို လူစိမ်းအမျိုးသားသုံးယောက် လာသွားတယ်။ ဒီလူတွေကို သမီးမချယ်ရီပွင့်က သူ့လက်ကိုင် ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူထားတယ်။ ဒီဓာတ်ပုံထဲက လူတွေကို မသင်္ကာလို့ ရဲကတွေ့ရင် သတင်းပေး တိုင်ကြားပါလို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့တယ်လေ။ ဒါပေမဲ့ သူတို့တွေကို ခုချိန်ထိ တစ်ယောက်မှ မမိသေးဘူး။ မမိဘဲနဲ့ အန်တီ့သမက်က သတ်ပါတယ် ဆိုပြီး အန်တီတို့တောင် အသိပေး အကြောင်းကြားမှု မရှိဘဲ သတင်းထုတ်ပြန်လိုက်တယ်။ ဓာတ်ပုံထဲက မသင်္ကာသူ သုံးယောက်ကို ပေါ်အောင် လုပ်ပေးစေချင်တယ်။ သူတို့ကို မဖော်ထုတ်နိုင်တဲ့အတွက် တကယ်လို့ ဒီလူတွေသာ သတ်သွားတယ်ဆိုရင် အန်တီနဲ့ အန်တီ့သားတစ်ယောက် ကျန်နေသူတွေကို တစ်ချိန်ဒုက္ခလာမပေးနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။

Voice - ဂမ္ဘီရစာအုပ်တွေ ကိုစိုးနောင်တို့အိမ်မှာ သိမ်းဆည်းရမိတာနဲ့ ပတ်သက်ပြီး ပြောပြပါ။

DYYN - သမီးက လမ်းထိပ်က ဆရာမ ရောင်းတဲ့ ဒီဂမ္ဘီရစာအုပ်တွေကို ခင်မင်မှုအနေနဲ့ တစ်လတစ်ခါ ဝယ်အားပေးတယ်။ ဒါပေမဲ့ မဖတ်ဘူး။ စိုးနောင်က ဒီစာအုပ်တွေဖတ်တာ အားမပေးဘူး။ သူလည်း မဖတ်ဘူး။ ရဲထုတ်ပြန်ချက်မှာလည်း မှားနေတယ်။ သမီးက အရက်တွေ သောက်ထားတယ်ဆိုပြီး။ သူက မသောက်တတ်ဘူး။ အန်တီ မေမြို့သွားတုန်းက ဝိုင်တွေဝယ်လာတယ်။ ရွှေပြည်သာမှာနေတဲ့ တူဖြစ်သူက သောက်စားတတ်လို့ သူ့အတွက် ဝယ်လာတာ။ အန်တီက လူသတ်မှုမဖြစ်ခင် ဩဂုတ်လ ၁၉ ရက် ညနေက ရွှေပြည်သာက အမျိုးတွေဆီ အလည်သွားခဲ့တယ်။ ဩဂုတ်လ ၂၀ ရက် မနက်မှာ အိမ်ပြန်လာတော့ သမီးတို့ မိသားစုအားလုံး အိမ်ထဲမှာ အသတ်ခံထားရတယ်။ အခု ရဲထုတ်ပြန်ချက်မှာ အရက်ပုလင်းတွေ့တယ် ဆိုတာ တစ်ယောက်ယောက်က သောက်သွားတာလည်း ဖြစ်နိုင်သလို လုပ်ကြံပြီး ထားသွားတာလည်း ဖြစ်နိုင်တယ်။ ထုတ်ပြန်ချက်မှာ သမီးက အရက်သောက်ထားတယ် ဆိုတော့ သေသူအတွက် သိက္ခာကျရတာပေါ့။

Voice - ကိုစိုးနောင်က အရက်သေစာ သောက်စားတတ်လား။ ဇနီးဖြစ်သူကိုရော အရင်က ရိုက်နှက်ဖူးတာမျိုးရော ရှိလားခင်ဗျာ။

DYYN - စိုးနောင်က သူငယ်ချင်းတွေနဲ့ ဆုံရင် တစ်ခါတလေ အရက်သောက်တယ်။ လင်မယားဆိုတော့ စကားများ ရန်ဖြစ်တာ ရှိပေမယ့် အန်တီနဲ့အတူ တောက်လျှောက်နေလာခဲ့ချိန်မှာ သူက မိန်းမဖြစ်သူကို ရိုက်နှက်တာမျိုးတော့ တစ်ခါမှ မရှိခဲ့ဘူး။

Voice - ကိုစိုးနောင်တို့ လင်မယားမှာ လူမှုရေး၊ စီးပွားရေး အဆင်မပြေတာတွေ ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာပါတယ်။ ဒီအဆင်မပြေမှုတွေကိုရော အန်တီ သိထားလား ပြောပြပါ။

DYYN - အန်တီ သိရသလောက်ဆို သူတို့လင်မယားတွေ အုတ်၊ သဲ၊ ကျောက်ဒိုင်ကို အကြွေးပေးရမယ်။ နင်တို့အကြွေး ဘယ်လောက်တောင် ပေးရမှာလဲ၊ လှည်းကူးမှာ ငါ့ဆိုင်ခန်းနဲ့ ခြံရှိတယ်။ လိုချင်ရင် ပေးလိုက်လို့ အန်တီက ပြောခဲ့သေးတယ်။ ဒါပေမဲ့ သူတို့လင်မယားက ထော်လာဂျီရောင်းပြီး အကြွေးဆပ်လိုက်တာ ခုနစ်သိန်းလောက်ပဲ ထပ်ပေးစရာ ကျန်တော့တယ်လို့ ပြောတယ်။ အခုချိန်တော့ ဒီအကြွေးဇာတ်လမ်းက ထပ်မလာတော့ဘူး။ ပြီးသွားပြီ ထင်နေတာ အခု ရဲထုတ်ပြန်ချက်ထဲ အကြွေး ၂၇ သိန်းဆိုတော့ ဒါလုပ်ကြံထွက်ဆိုချက်တွေရော မဖြစ်နိုင်ဘူးလား။ စိုးနောင်ဆီမှာ ပြဿနာတစ်ခု ရှိတာက သူအလုပ်လျှောက်ချင်ရင် ဥက္ကဋ္ဌက ထောက်ခံချက် လက်မှတ်မထိုးပေးဘူး။ သူတို့အိမ်နေရာက ကျူးကျော်ဆိုပြီးတော့။ စိုးနောင်က အန်တီရယ် ဒီမှာ နေရတာ အဆင်မပြေဘူးလို့ ပြောဖူးတယ်။

Voice - သေဆုံးသူ အန်တီသမီး ခြေထောက်မှာ အကြွေးပေးစရာရှိသူရဲ့ နာမည်ကိုရေးပြီး ယတြာချေ ထားတယ်လို့ ထုတ်ပြန်ချက်အရ သိရတယ်။ အန်တီ သိသလောက် ပြောပြပေးပါဦး။

DYYN - အဲဒါလည်း ရဲစခန်းရောက်မှ ရဲပြောပြလို့ အန်တီသိရတာ။ သမီးခြေထောက်မှာ ဒေါ်တင်တင်ငြိမ်းလို့ ရေးထားတာ ဒါဘယ်သူလဲဆိုပြီး မေးမြန်းကြည့်တော့မှ သူတို့အကြွေးပေးရမယ့် အုတ်၊ သဲ၊ ကျောက်ဒိုင်ရဲ့ ဇနီးဖြစ်တယ်လို့ သိရတယ်။ သမီးက ဗေဒင်တို့ ယတြာချေတာတို့တော့ အယုံအကြည် ရှိတယ်။

Voice - လေးလောင်းပြိုင် လူသတ်မှုမဖြစ်ခင် အိမ်မှာ အမြဲအတူနေထိုင်တဲ့ အန်တီက ရွှေပြည်သာကို တစ်ညအိပ် အလည်ခရီးထွက်သွားတယ်။ ပြန်လာတော့ သေဆုံးနေသူတွေ တွေ့ခဲ့တယ်။ အန်တီ အိမ်က မသွားခင်မှာရော ကိုစိုးနောင်တို့ လင်မယား စကားများထားတာရော ရှိလားခင်ဗျာ။

DYYN - မရှိဘူး။ သူတို့ လင်မယား နှစ်ယောက်က အမြဲတိုင်တိုင်ပင်ပင် ရှိတယ်။ ပြီးတော့ စိုးနောင်က သူ့သားနှစ်ယောက်ကို အရမ်းချစ်တာ။ မိန်းမဖြစ်သူကို ဆိုင်ကယ်နဲ့ ကြိုရတာနဲ့ ကလေးနှစ်ယောက်ကို ကျောင်း၊ ကျူရှင် ကြိုပို့လုပ်ရတာနဲ့တင် အလုပ်ရှုပ်နေတာ။ အန်တီက မောင်စိုးနောင် သတ်တယ်လို့ ဘယ်လိုမှ မစွပ်စွဲရက်ဘူး။ သူက မိသားစုကို သိပ်ချစ်တာ အတူနေတဲ့ အန်တီက မြင်တွေ့နေရတာလေ။

Voice - ဒီအမှုနဲ့ ပတ်သက်ပြီး အမှုမှန် အမြန်ဖော်ထုတ်နိုင်ဖို့ အန်တီတို့ဘက်က ရဲတပ်ဖွဲ့က ဘာအကူအညီတွေ ပေးခဲ့လဲ။

DYYN - လူသတ်မှုမဖြစ်ခင် အိမ်အနားကို သူစိမ်းအမျိုးသားတွေ နှစ်ကြိမ်လာသွားတာနဲ့ သူတို့ရဲ့ ဓာတ်ပုံပါ ရဲတပ်ဖွဲ့ကို ပေးခဲ့တယ်။ အခင်းဖြစ်ညက စိုးနောင်တို့ အိမ်ထဲမှာ အော်သံကို ဘေးအိမ်ကလူတွေ ကြားတယ်။ ဒါပေမဲ့ လင်မယားတွေ ရန်ဖြစ်တယ်ထင်ပြီး ဘယ်သူမှ လာမကြည့်ကြဘူး။ အမှုဖြစ်ပြီး ရဲက တော်တော်နဲ့ မဖော်ထုတ်နိုင်လို့ နာမည်ကြီးတဲ့ ဗေဒင်ဆရာတွေ၊ အထက်လမ်း အောက်လမ်းဆရာတွေ အိမ်ခေါ်ပင့်ပြီး ပေါ်အောင်လုပ်ခိုင်းတယ်။ ဒါပေမဲ့ အဲဒီဆရာတွေပါ ရဲက ခေါ်စစ်တာကြောင့် ဘယ်ဆရာမှ ဒီအမှုမှန်ပေါ်အောင် လိုက်မလုပ်ပေးရဲတော့ဘူး။ပြီးတော့ ရဲက ကျွန်မကို အစ်မကြီး ဘာအိပ်မက်တွေ မက်သေးလဲ။ မက်ရင် ပြောပြပါဦး မေးဖူးတယ်။ ကျွန်မလည်း မက်တဲ့အိပ်မက်တွေ ပြောပြခဲ့ပါတယ်။

Voice - လေးလောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်အပေါ် အန်တီ့အနေနဲ့ ရဲတပ်ဖွဲ့အပေါ် ဘာများပြောချင်သေးလဲဆိုတာ နောက်ဆုံးမေးခွန်း အနေနဲ့ ဖြေပေးပါ။

DYYN - ဒီအမှုကို ဖော်ထုတ်နိုင်ဖို့ ရဲတွေ လိုက်နေတယ် လိုက်နေတယ်လို့ ပြောတဲ့အပေါ် ကျေးဇူးတင်ပါတယ်။ ကိုယ်တော့ မမြင်ရဘူးပေါ့။ အခုကျတော့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အန်တီ့ကို ဘာမှအသိမပေးတော့ စိတ်မကောင်းဖြစ်မိတယ်။ အန်တီက လူစိမ်းသုံးယောက်ကို မိစေချင်တယ်။ မမိဘဲ ဒီသတင်းထုတ်ပြန်တဲ့အပေါ် တစ်တိုင်းပြည်လုံးက ယုံမှာမဟုတ်ဘူး။ ဖအေအရင်းက သားတွေကိုပါ သတ်တယ်ဆိုတာ မဖြစ်နိုင်တာလေ။ ဒီအမှုနဲ့ပတ်သက်ပြီး သမီးနဲ့ မြေးတွေ အသတ်ခံရတဲ့စိတ်နဲ့ သူတို့နာရေး ခြောက်လပြည့်မှာပဲ ချယ်ရီပွင့်ရဲ့ ဖခင် ဦးခွန်ဒေါင်ခမျာ ဆုံးသွားရှာတယ်။ အမှုကြီးတွေတောင် ရဲက ဖော်ထုတ်နိုင်ခဲ့တာပဲ။ ဒီမသင်္ကာသူ သုံးယောက်ကို မိအောင်တော့ ဖမ်းပေးစေချင်တယ်။

ခိုင်စိုးလင်း