News

POST TYPE

INTERVIEW

ကျော်ကျော်ဗိုနဲ့ တွေ့ဆုံခြင်း
30-Jun-2017

လတ်တလောမှာ ‘Ride On Europe’ ခရီးစဉ်ထွက်နေတဲ့ သရုပ်ဆောင် ကျော်ကျော်ဗိုနဲ့ တွေ့ဆုံပြီး မကြာခင် ရိုက်ကူးတော့မယ့် ‘Rose Rider’ ရုပ်ရှင်ကားအကြောင်းနဲ့အတူ ရုပ်ရှင်လောကရဲ့ ဈေးကွက်အခြေအနေ အကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : သြဂုတ်လထဲမှာ ရိုက်ကူးတော့မယ့် ‘Rose Rider’ ရုပ်ရှင်ကားမှာသုံးမယ့် ဆိုင်ကယ်တွေက အဆင်သင့် ဖြစ်နေပြီလား၊ ကိုယ်တိုင်ဆိုင်ကယ်စီးပြီး စတန့်တွေ ပြသွားမယ့် အစီအစဉ်ပါလား။

KKB : ဒီကားမှာ သုံးမယ့်ဆိုင်ကယ်တွေကတော့ အဆင်သင့် ဖြစ်နေပါပြီ။ လောလောဆယ်မှာ လိုအပ်တဲ့ ဆိုင်ကယ်ကိုယ်ထည် ပစ္စည်းတွေကို တပ်ဆင်နေပါတယ်။ ပြီးတော့ ကိုကြံ့တို့ကတော့ ဆိုင်ကယ်ကို စီးရုံပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ စတန့်ကျတော့ လွယ်လွယ်ကူကူ စီးတတ်ရုံနဲ့ ပြလို့မရပါဘူး။ အမြဲတမ်းကို လေ့ကျင့်နေမှရတာ ဆိုတော့ လေ့ကျင့်ပြီးသား အပြင်က ညီအစ်တွေရဲ့ အကူအညီယူပြီး ရိုက်ရမှာပါ။

Voice : ဇာတ်လမ်းကလည်း ရိုက်နေကျပုံစံ မဟုတ်ဘူးလို့ သိရတယ်၊ ဘယ်လိုစိတ်ကူး ရသွားတာလဲ။ 

KKB : ဒီကားက ကိုကြံ့ ခရီးတွေသွားရင်း စိတ်ကူးရလာတာနဲ့ နေတိုးနဲ့ တိုင်ပင်ပြီး ရိုက်ဖြစ်သွားတာပါ။ ပြီးတော့ ဇာတ်လမ်းပုံစံကလည်း မြန်မာ့ရုပ်ရှင်လောကမှာ ရိုက်လေ့ရိုက်ထ မရှိတဲ့ ပုံစံပေါ့နော်။ မြန်မာနိုင်ငံမှာက ဆိုင်ကယ်ယဉ်ကျေးမှုက ကန့်သတ်ချက်လေးတွေ ရှိနေတဲ့အတွက် သိပ်မထွန်းကားဘူး။ ဒါပေမဲ့ တခြားနိုင်ငံတွေမှာက အရမ်းထွန်းကားတယ်။ သူတို့မှာ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတစ်ခု ရှိတယ်။ မြန်မာနိုင်ငံမှာက ပျောက်ကွယ်နေတော့ သိပ်မသိကြဘူး။ အဓိက အဲဒါကို ကိုကြံ့တို့က ပြချင်တာပါ။ ပြီးတော့ ဇာတ်ရဲ့ တင်ပြပုံအရလည်း ပရိသတ်ကို အသစ်လေးတစ်ခု ပေးချင်တယ်။ အဲဒါကြောင့် အခက်အခဲတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကိုကြံ့တို့ ဝမ်းသာပါတယ်။ ကိုကြံတို့ စလိုက်တဲ့ ဇာတ်လမ်းတစ်ခုက လူမှုကွန်ရက်မှာ အားလုံးက မင်းလည်း ဆိုင်ကယ်၊ ငါလည်း ဆိုင်ကယ် ဖြစ်ကုန်ကြပြီလေ။

Voice : ပါဝင်မယ့် မင်းသမီးကို အသစ်ထဲကနေ ရွေးချယ်ဖြစ်တာက အနုပညာလောကအတွက် မင်းသမီးအသစ် ထပ်တင်ချင်လို့လား၊ ဇာတ်ကားကို ပရိသတ် ပိုစိတ်ဝင်စားစေချင်လို့လား။ 

KKB : ကိုကြံ့တို့ကတော့ နှစ်ခုစလုံးအတွက် အသစ်ကို ရွေးဖြစ်တာပါ။ ဒီကားမှာ အသစ်တစ်ယောက်ကို ပရိသတ် မြင်စေချင်တယ်။ ပြီးတော့ အနုပညာလောက အတွက်လည်း အသစ်တစ်ယောက် ဖြစ်စေချင်တယ်။ ထပ်တိုးလာတော့လည်း ကောင်းတာပေါ့နော်။ ပရိသတ် ချစ်စရာ နောက်တစ်ယောက် တိုးလာတာပေါ့။ 

Voice : ကိုယ်တိုင်က ဇာတ်ကားတွေကို ဆက်တိုက်ရိုက်နေပေမယ့် ပရိသတ်တွေက သရုပ်ဆောင်ဘက်မှာ သိပ်မတွေ့ရဘူးလို့ ပြောနေကြတယ်။

KKB : ကိုကြံ့အနေနဲ့ ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ပေမယ့် လှုပ်ရှားမှုတွေကို လူမှုကွန်ရက်မှာ မတင်တော့ဘူး။ ဒါကလည်း ပရိုဂျူဆာတွေအတွက် ကိုကြံ့ ပြန်စဉ်းစားပေးတာပါ။ သရုပ်ဆောင်တစ်ယောက်က ရိုက်ကွင်းပုံရိပ်တွေကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ကနေ ပရိသတ်ကို ဖြန့်ဝေပေးတာဟာ ကောင်းတဲ့အပြုအမူ အလေ့အထပါပဲ။ ပရိသတ်ကလည်း ကိုယ်ဘာလုပ်နေတယ် ဆိုတာကို သိရတာပေါ့နော်။ ဒါပေမဲ့ ကိုယ့်ရဲ့ဇာတ်ရုပ်၊ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုနဲ့အတူ ရိုက်ကွင်းနေရာတွေ အကုန်လုံးကို ပရိုဂျူဆာက လျှို့ဝှက်ထားပြီး ရုံမတင်ရသေးတဲ့ အချိန်မှာ ဇာတ်ကားရဲ့ ပုံရိပ်တွေက ကြိုပြီးတက်သွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ပုံမတင်ဖြစ်ဘူး။ ကိုကြံ့ ပုံမတင်တော့ ကားမရိုက်ဘဲ ခရီးချည်းပဲ ထွက်နေတယ်လို့ ပရိသတ်က ထင်နေကြတာပါ။ အမှန်တော့ ကိုကြံ့က ကားရိုက်နဲ့ ခရီးသွားတာကို မျှအောင် လုပ်နေပါတယ်။ 

Voice : ကိုယ်ပါဝင်သရုပ်ဆောင်ထားတဲ့ ‘မင်းလည်း ဘိုကေ၊ ငါလည်း ဘိုကေ’ ရုပ်ရှင်ကားက ရုံဝင်ငွေအရရော၊ ပရိသတ် အားပေးမှုအရပါ အောင်မြင်ပေမယ့် အနုပညာစံနှုန်း မမီဘူးလို့ ထောက်ပြကြတာမျိုးတွေ ရှိတယ်၊ အဲ့ဒီအပေါ် ဘာပြောချင်လဲ။

KKB : အနုပညာ ဆိုတာကတော့ သူ့စံနှုန်းနဲ့သူ ရှိသလို ပရိသတ်က အားပေးမှု အတိုင်းအတာလည်း ရှိတယ်။ ဒါပေမဲ့ ဘယ်သူကမှတော့ ပျက်စီးရာပျက်စီးကြောင်း မလုပ်ပါဘူး။ ကိုကြံ့တို့အနေနဲ့ အတင်းကြီးလည်း မဖြစ်ဖြစ်အောင် ဖန်တီးယူခဲ့ကြတာ မဟုတ်ဘူး။ ကိုကြံ့တို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်နဲ့ အခြေအနေ၊ အချိန်အခါအပေါ်မှာ မူတည်ပြီး ဖန်တီးခဲ့ကြတာပါ။ ပြီးတော့ ကိုကြံ့ ခဏခဏ ပြောဖူးပါတယ်။ ကိုကြံ့တို့နိုင်ငံရဲ့ ဈေးကွက်က စားသုံးသူအကြိုက်ကို ဖန်တီးသူက လိုက်ပေးနေရတယ်။ သူများနိုင်ငံတွေမှာက ဖန်တီးသူနောက်ကို စားသုံးသူက လိုက်ရတယ်။ အဲဒီနှစ်ခုက မတူဘဲနဲ့ ဇောက်ထိုးဖြစ်နေတယ်။ တကယ်လို့ အဲ့ဒီနှစ်ခု တည့်သွားမယ် ဆိုရင်တော့ သူတို့လိုချင်တဲ့ စံနှုန်းပြည့်ကားတွေ ထွက်လာပါလိမ့်မယ်။

Voice : လက်ရှိမှာ ပရိသတ်နောက်ကို ဖန်တီးသူက လိုက်နေရပေမယ့် ဖန်တီးသူနောက်ကို ပရိသတ်က ပြန်လိုက်လာဖို့ အရိပ်အယောင်တွေ တွေ့နေရတယ်လို့ ပြောထားဖူးတော့ အချိန်နီးနေပြီလား။

KKB : ဒါကတော့ အနုပညာသမားတိုင်းရဲ့ ရင်ထဲမှာရှိတဲ့ ဆန္ဒပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုကြံ့တို့က ဈေးကွက်အရ၊ စီးပွားရေးအရ အနုပညာဖန်တီးမှု ဆိုတာထက် ဖန်တီးမှုကို ဦးစားမပေးရဘဲနဲ့ ပရိသတ် အာသီသကိုပဲ ဦးစားပေးပြီး လိုက်လုပ်နေရတယ်။ အဲဒါကြောင့် ဖန်တီးမှုစွမ်းရည်တွေ ကျဆင်းလာသလို ပရိသတ်တွေ အနေနဲ့လည်း ဖန်တီးမှု အသစ်အဆန်းတွေကို မကြည့်ရ၊ မခံစားရတော့ဘူးပေါ့နော်။ ဒါပေမဲ့ လက်ရှိမှာတော့ ပြောင်းလဲလာမှုလေးတွေ မြင်လာရပါတယ်။ အဓိက ဖန်တီးသူနောက်ကို ခံစားသူ လိုက်လာတာက အနုပညာလောကအတွက် တကယ်ကို ဝမ်းသာစရာပါပဲ။

ဝင်းထွန်းနိုင်