News

POST TYPE

INTERVIEW

အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်နှင့် တွေ့ဆုံခြင်း
28-Jun-2017

အသက်ခြောက်လမှစတင်ကာ ကလေးငယ် များ၏ လိုအပ်သောဖြည့်စွက်အာဟာရများကို နည်းစနစ်ကျစွာ ကျွေးရန်လိုအပ်ပြီး သို့မှသာလိုအပ်သည့် အာဟာရပြည့်ဝ၍ ကျန်းမာသည့် ကလေးငယ်များ ဖြစ်လာနိုင်မည် ဖြစ်သည်။ ထို့အတွက် အသက်ခြောက်လမှ တစ်နှစ်အရွယ် ကလေးများအတွက် ဖြည့်စွက်စာ ကျွေးမွေးခြင်းနှင့်ပတ်သက်၍ အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကလေးအသက် ခြောက်လပြည့်ပြီးတဲ့အချိန်ကစပြီး ဘယ်လိုမျိုး ဖြည့်စွက်စာတွေကို စကျွေးပေးဖို့ လိုအပ်တယ်ဆိုတာ ပြောပြပေးပါဦး။
Dr.WWM : ကလေးအသက် ခြောက်လပြည့်ပြီးသွားပြီဆိုရင် ကလေးတွေ အားလုံးက ဖြည့်စွက်စာ စားဖို့ လိုအပ်ပါတယ်။ စားတဲ့နေရာမှာလည်း အစာက တစ်ရက်ကို လေးကြိမ်စားဖို့ လိုအပ်ပါတယ်။ ပြီးရင် နို့ကို တစ်ရက် ခြောက်ကြိမ် အနည်းဆုံး တိုက်ရပါမယ်။ မိခင်နို့ တိုက်တိုက်သည်ဖြစ်စေ၊ နို့ဘူးကို တိုက်သည် ဖြစ်စေပေါ့။ နေ့လယ်ပိုင်းမှာ လေးကြိမ်တိုက်မယ်။ ညနေပိုင်းမှာ နှစ်ကြိမ် တိုက်ပါမယ်။ အစာက ပထမဆုံး မနက် ၈ နာရီမှာ မနက်စာအနေနဲ့ Cereal (ကောက်ပဲ သီးနှံ)တွေကနေလုပ်ထားတဲ့ ကလေးစားတဲ့ Cereal ကို တစ်ဇွန်းက စကျွေးမယ်။ နေ့လယ်စာကိုတော့ ဆန်ပြုတ်ကျွေးမယ်။ ကျွေးတဲ့အခါမှာ ထမင်းနှစ်ဇွန်း၊ အသား ဒါမှမဟုတ် ငါးပေါ့။ အသားကိုလည်း အနီရောင်အသားကို သုံးလို့မရသေးပါဘူး။ ဒီအတွက် ကြက်သား သို့မဟုတ် ငါးကို ငါးကျပ်သား အတုံးလောက်ရှိတဲ့ တစ်တုံးလောက် ထည့်ပါမယ်။ ပြီးရင် ပဲနီလေး လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ အာလူး ဒါမှမဟုတ်ရင် ဖရုံသီးကို လက်တစ်ဆစ်ထည့်မယ်။ ပြီးတော့မှ ပန်းပွင့် ဒါမှမဟုတ် ပန်းမုန်လာမျိုးတွေကို နှစ်ခက်လောက် ထည့်ပါမယ်။ နောက် မုန်လာဥနီ လက်တစ်ဆစ်ထည့်ပေါ့။ ဆီသုံးတဲ့အခါမှာလည်း ပဲဆီကိုပဲသုံးပါ။ တခြားဆီတွေကို မသုံးစေချင်ပါဘူး။ ပဲဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ဆားထည့်စရာ မလိုဘဲ ဒါတွေအကုန်လုံးကို ရောကျိုပြီးတော့ Blender နဲ့ ကြိတ်လိုက်ပြီးတဲ့အခါမှာ နောက်ထပ်တစ်ကြိမ် ပြန်ကျိုဖို့ လိုအပ်ပါတယ်။ ကြိတ်ထားတာကို တိုက်ရိုက်ကလေးကို မကျွေးစေချင်ပါဘူး။ ဒီကြားထဲမှာ ပိုးဝင်တာတွေဖြစ်သွားမှာ စိုးတဲ့အတွက် နောက်တစ်ကြိမ် ပြန်ကျိုတာပေါ့။ ဒါကို ကလေးတွေကို နေ့လယ် ၁၂ နာရီမှာ တစ်ကြိမ်၊ ညနေ ၅ နာရီမှာ တစ်ကြိမ်ကျွေးမယ်။ ဒါက ကလေးတွေအတွက် အာဟာရပြည့်ဝတဲ့ ဖြည့်စွက်စာပါ။ ည ၈ နာရီလောက်မှာ ဆိုရင်လည်း Cereal တစ်ဇွန်းပေါ့။ အချို့ စားလာနိုင်တဲ့ကလေးတွေဆို နှစ်ဇွန်း ကျွေးလို့ရပါတယ်။ ဒီလိုမျိုး ဆန်ပြုတ်ကို သုံးရက်လောက်ကြာ ကျွေးပြီးပြီဆိုရင် အသီးဖျော်ရည် (ဥပမာ- လိမ္မော်သီး၊ ဆန်းကစ်သီး) နဲ့စဖို့ လိုပါတယ်။ သေချာသန့်ရှင်းတဲ့ လက်နဲ့ညှစ်ပြီးတော့ ရေ ၃၀ စီစီနဲ့ အသီးရည် ၃၀ စီစီ ရောပြီးစတိုက်ရင် ရပြီလို့ပြောချင်ပါတယ်။

Voice : အသက်ခြောက်လကနေ တစ်နှစ်အရွယ် အထိ ဆိုတဲ့အတွက် နောက်ပိုင်းလတွေမှာရော ဘယ်လို ဖြည့်စွက်စာတွေ အသုံးပြုသင့်ပါသလဲ။
Dr.WWM : ဒီလိုနဲ့ အသက် ခုနစ်လကိုရောက်လာ ရင် ကြက်ဥနဲ့ တည့် မတည့်စမ်းဖို့ လိုအပ်ပါတယ်။ ပထမ တစ်ရက်မှာ ကြက်ဥကာကျက်လုပ်ပြီး လက်ဖက်ရည် ဇွန်း တစ်ဇွန်းလောက် ဆန်ပြုတ်ကျွေးပြီးတဲ့အခါမှာ ကျွေးမယ်။ ဒုတိယရက်မှာက အကာပေါ့။ ဒါတွေတည့်သွားပြီဆိုရင် မနက်ဘက် Cereal ကျွေးတဲ့အခါမှာ ကြက်ဥတစ်လုံး ထည့်ကျွေးဖို့ လိုပါတယ်။ ခုနစ်လ ကျော်ပြီဆိုရင် ကလေးကို အစာ ငါးကြိမ် ကျွေးပါမယ်။ နို့ကတော့ ထုံးစံအတိုင်းပါပဲ။ ရှစ်လလောက်ရောက်ရင် အစာကို ခြောက်ကြိမ် တိုးလို့ရပါပြီ။ မနက် ၈ နာရီလောက် မနက်စာကျွေးပြီး ၁၀ နာရီလောက်မှာ Snack လို့ ခေါ်တဲ့ သရေစာ (ငှက်ပျောသီး၊ ပူတင်း) စသဖြင့်ပေါ့။ နေ့လယ်ခင်းမှာဆိုရင်တော့ ရှစ်လကျော်သွားတဲ့ ကလေးတွေကို ဒိန်ချဉ်တိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကို ကလေးရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက ပိုးတွေကို ကာကွယ်နိုင်ဖို့ စကျွေးပါမယ်။ တစ်ပတ် သုံးရက်လောက် ထမင်းစားဇွန်း တစ်ဇွန်းလောက် ကျွေးရင် လုံလောက်နေပါပြီ။ ကျန်တဲ့နေ့တွေမှာ ဒိန်ခဲ တွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို တိုးကျွေးလို့ရပါပြီ။ အသက် ကိုးလလောက်ရောက်ရင်တော့ အနီရောင်အသား (ဆိတ်၊ အမဲ၊ ဝက်) တွေကို အစားထိုးကျွေးလို့ ရပါပြီ။ ကလေးအသက် ၁၀ လလောက်ကိုရသွားရင် ဆန်ပြုတ်တွေကို Blender နဲ့ ကြိတ်စရာ မလိုတော့ဘဲ ဇွန်းနဲ့ချေပြီးတော့မှ ခပ်ပျစ်ပျစ် စပြီးကျွေးလို့ရပါပြီ။ ဒီလိုနဲ့ အသက် ၁၁ လကို ရောက်ရင်တော့ ထမင်းပြဲပြဲ လေးတွေကို စကျွေးလို့ရပြီ။ ထမင်းပြဲပြဲရယ်၊ အသား တောက်တောက် စဉ်းထားတာရယ်၊ နူးနပ်တဲ့အရွက် ကြော်ရယ်၊ ဟင်းချိုရယ် စသဖြင့် တစ်ရက်ကို နည်းနည်း တိုးလာခြင်းအားဖြင့် တစ်နှစ်ပြည့်သွားပြီဆိုတာနဲ့ ကလေးတစ်ယောက်က သာမန် လူကြီးစားသလိုပဲ စားလို့ရပါပြီ။

Voice : မွေးစကနေ အသက် ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ဖို့ဆိုထားပေမယ့် အချို့မိခင်တွေက ကလေးတွေကို အသက် ခြောက်လ မတိုင်မီ ဖြည့်စွက်စာ ကျွေးတာတွေက ကလေးအတွက် ဘယ်လောက်အထိ ထိခိုက်မှုတွေ ဖြစ်နိုင်ပါသလဲ။
Dr.WWM : အသက် ခြောက်လအထိကတော့ Breast Feeding ပေါ့။ ဒါပေမဲ့ အမေက ဘာမှမစားဘူး၊ ရေပဲ သောက်နေတယ်၊ ငါးပိရည်နဲ့ပဲ စားနေတယ်ဆိုရင် ဘယ်လိုနည်းနဲ့မှ မလုံလောက်နိုင်ဘူး။ အဲလိုဆိုရင် ဆရာမတို့က ကလေးအသက် လေးလခွဲ၊ ငါးလဆိုရင် ဖြည့်စွက်စာ စတယ်။ အမေနို့ကောင်းတဲ့ကလေးဆိုရင် ကလေးအသက် ခြောက်လမှစဖို့လိုတယ်။ ဒါက မိခင်ပေါ်မှာလည်း မူတည်တာပေါ့။ အသက် လေးလခွဲ၊ ငါးလလောက်နဲ့ ကလေးက ဖြည့်စွက်စာ စတယ်ဆိုရင် ပြဿနာမရှိဘူး။ ကလေးရဲ့အစာအိမ် အဆင်သင့်ဖြစ်တာက လေးလခွဲကျော်ကျော်မှာ ဖြစ်နေတော့ ခြောက်လဆိုရင် ကောင်းကောင်းစားပြီပေါ့။ ဒါကို ဘာနဲ့ကြည့်လို့ရလဲဆိုတော့ ကလေးတွေက အစားအသောက်မြင်ပြီး စားချင်စိတ်ရှိလာပြီ၊ အစာအိမ်နဲ့ အူလမ်းကြောင်းက အသင့်ဖြစ်လာပြီဆိုရင် လက်မစုပ်တာမျိုးပေါ့။ ကလေးတွေကို မကျွေးသင့်ဘူးဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက အသင့်မဖြစ်သေးတော့ အစာကြေတာ မကောင်းသေးဘူးပေါ့။ စုပ်ယူမှုရော၊ ချေဖျက်မှု အားရော မကောင်းဘူး။ ပြီးတဲ့အခါမှာ ကျောက်ကပ်ကနေ ထုတ်ရတာ ဖြစ်တဲ့အတွက် ထုတ်တဲ့အခါမှာ ပရိုတင်းအကြီးတွေကို စွန့်ထုတ်ရတဲ့အတွက် နောင်ကြီးလာတဲ့အချိန်ကျရင် ကျောက်ကပ်အားနည်းတာမျိုး ဖြစ်တတ်တယ်။ အစာအိမ်ရောဂါတွေ၊ အစာအိမ်နာတာတွေ ခဏခဏ ဖြစ်တယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေ အသက်ကြီးတဲ့အခါမှာ ဖြစ်မှာစိုးလို့ မကျွေးနဲ့ဦးလို့ ပြောတာပါ။

Voice : မိခင်တစ်ယောက်အနေနဲ့ ကလေးအတွက် နို့ကောင်းကောင်းတိုက်ကျွေးနိုင်ဖို့ ဘယ်လို စားသောက်သင့်ပါသလဲ။
Dr.WWM : ကလေးမွေးမွေးပြီးချင်း မိခင်တစ်ယောက်အနေနဲ့ High Protein Diet လို့ခေါ်တဲ့ အသားများများပါတဲ့ အစားအသောက်ကိုစားဖို့ လိုပါတယ်။ ဒီ့အပြင် ကလေးအတွက် နို့ထွက်ဖို့ အရည်လည်း များများသောက်ဖို့ လိုပါတယ်။ ဆရာမတို့ ဆေးရုံမှာဆိုရင်တော့ စွပ်ပြုတ်ရည် ခြောက်ခွက်သောက် ရပါတယ်။ ဘာတွေလဲဆိုရင် ကြက်စွပ်ပြုတ်ပေါ့။ ကြက်စွပ်ပြုတ်ဆိုရင်လည်း ဘာမှမပါတာ မသောက်ပါနဲ့။ အဲဒီအထဲမှာ ဖရုံသီး ဒါမှမဟုတ်ရင် ကျောက်ဖရုံသီး ထည့်ရပါမယ်။ နောက် အရွက်တစ်မျိုးမျိုးထည့်တာပေါ့။ နောက်တစ်ခုက ဟင်းခါးသောက်လို့ ရပါတယ်။ အရင်တုန်းကဆိုရင် ငါးခြောက်ဖုတ်နဲ့ ဟင်းခါးတိုက်တယ်ပေါ့။ ခုခေတ်မှာတော့ ငါးခြောက်ဖုတ်ကို လုံးဝ မကျွေးပါဘူး။ ဟင်းခါးကိုလည်း ပုစွန်ခြောက်နဲ့ ချက်တာမျိုး မဟုတ်ဘဲနဲ့ ငါးအစိုနဲ့ ချက်တာမျိုးပေါ့။ နောက်တစ်ခုက ကြာစွယ်၊ ကြာရိုးဟင်းချိုပါ။ ပိန်းဥဟင်းချို၊ ပဲနီလေးနဲ့ ကြာဆံဟင်းချို စတာတွေကို တစ်ရက်ကို ခြောက်ခွက် ဟင်းချိုသောက် တရုတ်ပန်းကန်လုံးနဲ့ သောက်ရပါမယ်။ အဲဒါကိုလည်း ခြောက်ပတ်ပြည့်တဲ့အထိ ၄၅ ရက် ဆက်တိုက်သောက်ဖို့ လိုပါတယ်။ အဲဒီလို သောက်ခြင်းအားဖြင့် မိခင်တွေရဲ့ နို့ထွက်တဲ့နို့ ရည်က Quality နဲ့ပြည့်တဲ့ နို့ရည်လို့ ပြောလို့ရတာပေါ့။ နောက် အသီးဖျော်ရည်လည်း သောက်ရပါမယ်။ ကြိုက်တဲ့ဖျော်ရည်ပေါ့။

Voice : ဆရာမအနေနဲ့ ကလေးမိခင်တွေအတွက် ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲ။
Dr.WWM : ကလေးမွေးပြီးပြီးချင်း စွပ်ပြုတ်သောက်ခိုင်းတာက အဲဒီအချိန်မှာ အာဟာရပြည့်ပြည့် ရသွားတယ်ဆိုရင် နို့က ကောင်းကောင်းထွက်မှာပဲ။ အမေက မွေးစထဲက အာဟာရ ပြည့်ဝဖို့လိုတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် အသားလည်း စားရမယ်။ စွပ်ပြုတ်ရည်လည်း သောက်ရမယ်။ ထမင်းကတော့ ဗိုက်ဆံ့သလောက်ပဲ စားပေါ့။ ဒါမျိုးရသွားရင် ကလေးက အာဟာရပြည့်မယ်။ ပြည့်ရင် ခြောက်လပြည့်တဲ့အခါမှာ ဖြည့်စွက်စာ စရင် ပြဿနာ မရှိပါဘူး။ အမေက မွေးကတည်းက ဝိတ်ချချင်တာတို့၊ ကောင်းကောင်း မစားတာတို့ဆိုရင် ဘယ်လိုနည်းနဲ့မှ ကလေးက အာဟာရ မပြည့်ဝတော့ပါဘူး။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA