News

POST TYPE

INTERVIEW

လွှမ်းပိုင်နဲ့ တွေ့ဆုံခြင်း
23-Jun-2017
လူငယ်ပရိသတ်ကြိုက် နာမည်ကျော် ဟစ်ပ်ဟော့ပ်အဆိုရှင်တစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ တွေ့ဆုံပြီး ဇွန်လ ၂၄ ရက်နေ့မှာ စတင်ဖြန့်ချိပေးမယ့် ‘ဂီတဗေဒ’ စီးရီးမှာ ပါဝင်မယ့် သီချင်းတွေအကြောင်း၊ အမေရိကန်ရပ်ပါ Joker  ရဲ့ သီချင်းတစ်ပုဒ်ကို ကော်ပီလုပ်ထားတယ်ဆိုပြီး ဝေဖန်မှုတွေအပေါ် သူ့ဖြေရှင်းချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : လွှမ်းပိုင်ရဲ့ စီးရီးသစ်မထွက်တာ သုံးနှစ်လောက်ရှိပြီ ဆိုတော့ ‘ဂီတဗေဒ’ စီးရီးထွက်တော့မယ့်အပေါ် ဘယ်လိုရင်ခုန်မှု ရှိလဲ။

HP : ကျွန်တော့်ရဲ့ စီးရီးသစ် မထွက်နိုင်တာ သုံးနှစ်တောင်ရှိပြီ ဆိုတော့ တော်တော်လည်း ကြာနေပြီလေ။ သီချင်းအသစ်တွေနဲ့ ပရိသတ်တွေကို ပြန်မိတ်ဆက်ရမယ် ဆိုတော့ စိတ်လည်းလှုပ်ရှားပါတယ်။ ဒီခွေထဲမှာ သီချင်းအားလုံးပေါင်း ၁၈ ပုဒ်လောက် ထည့်ထားပါတယ်။ သီချင်းပုံစံတွေလည်း အပြောင်းအလဲတွေ လုပ်ထားတာ ရှိတယ်။ အဓိကကတော့ သီချင်းရေးတဲ့ပုံစံကို ပြောင်းထားပါတယ်။ ဒီခွေထဲမှာ သီချင်းတွေကို ပုံပြင်ပြောတဲ့ ပုံစံမျိုးလေး ရေးထားတယ်။

Voice : သီချင်းအကြောင်းအရာတွေကရော ထူးခြားမှု ရှိမလား။ ကိုယ်အားအရဆုံး သီချင်းဆိုရင်ရော ဘယ်သီချင်းဖြစ်မလဲ။

HP : သီချင်းအကြောင်းအရာတွေကတော့ ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းလေးတွေကို ရေးထားတာ ပိုများတယ်။ အချစ်သီချင်းတော့ နည်းနည်း နည်းသွားတယ်။ အချစ်သီချင်း နည်းနည်းပဲ ထည့်မယ်လို့ ရည်ရွယ်ပြီး လုပ်ခဲ့တာတော့ မဟုတ်ဘူး။ သီချင်းတွေ ပြန်စီတော့ အချစ်သီချင်းက နည်းနည်းပဲ ထည့်ဖြစ်တော့တာပါ။ ကျွန်တော်အားရတဲ့ သီချင်းဆိုရင်တော့ သက်ကြီးစကား၊ စင်းသီယား၊ ဝေါ်အိုက်နီတို့ကို အားရပါတယ်။

Voice : ဒီခွေမှာပါတဲ့ သီချင်းတစ်ပုဒ်က အမေရိကန်ရပ်ပ်ပါ Joker ရဲ့ သီချင်းတစ်ပုဒ်ကို ကော်ပီလုပ်တယ်ဆိုပြီး ဝေဖန်မှုတွေအပေါ် လွှမ်းပိုင် ပြန်ရှင်းထားတာလည်း တွေ့ပါတယ်။ အဲ့ဒီအကြောင်းလည်း ပြောပြပေးပါဦး။

HP : ကျွန်တော့် အခွေထွက်လာတိုင်း ဘယ်သီချင်းကတော့ ကော်ပီဖြစ်တယ်ဆိုပြီး ပြောနေကျဆိုတော့ ကြားရတာ သိပ်ပြီး မထူးဆန်းတော့ဘူး။ အရင်တုန်းကတော့ ကျွန်တော် ဘာမှပြန်ပြီး မရှင်းပြခဲ့ဘူး။ ဒီတစ်ခါကကျတော့ ကိုယ့်ပရိသတ်တွေ အထင်အမြင် လွဲသွားနိုင်တဲ့ ပုံစံမျိုး ဖြစ်လာတဲ့အတွက် ရှင်းပြသင့်တယ်ထင်ပြီး ရှင်းပြခဲ့တာပါ။ 

Voice : သီချင်းတစ်ပုဒ်ကို Copy လုပ်တာနဲ့ Reference လုပ်တာက ဘယ်လိုကွဲပြားခြားနားမှုတွေ ရှိလဲ။

HP : အဲ့ဒါကတော့ တချို့ပရိသတ်တွေ ကျတော့လည်း မသိဘူး။ တချို့ကျတော့လည်း သိတယ်။ သိရဲ့သားနဲ့ တမင်ပြောတာတွေလည်း ရှိတယ်။ ကျွန်တော် ရှင်းပြတယ် ဆိုတာလည်း ကျွန်တော့်ရဲ့ သီချင်းတွေကို အားပေးနေတဲ့ ပရိသတ်တွေကို သိသင့်တယ်ထင်လို့ ရှင်းပြတာပါ။ သိရဲ့သားနဲ့ တမင်ပြောနေတဲ့ သူတွေကိုတော့ မရှင်းပါဘူး။ သူတို့လည်း သိပါတယ်။
 
Voice : သီချင်းတွေ ဖန်တီးတဲ့အခါမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ပြည်ပအဆိုတော်တွေရဲ့ သီချင်းတွေကို မှီငြမ်းပြီး လုပ်လေ့ရှိလား။

HP : ကျွန်တော် အဆိုတော် စဖြစ်ကတည်းက ကျွန်တော်မှီငြမ်းတဲ့ အဆိုတော်က Twister ပေါ့။ သူက သီချင်းအမြန်တွေဆိုတဲ့ အဆိုတော်ပေါ့။ ကျွန်တော်က သူ့ရဲ့ ဆိုပုံဆိုပေါက်ကို လေ့လာတယ်။ ကျွန်တော်ဆိုတဲ့ သီချင်းမှန်သမျှက သူ့ရဲ့ လွှမ်းမိုးမှုနဲ့ မကင်းပါဘူး။ ကျွန်တော် Underground မှာ ကျင်လည်ကတည်းက သူ့လိုပဲ ဆိုခဲ့တာပါ။ ဒါကိုလည်း ကျွန်တော့်ပရိသတ်တွေ သိပြီးသားပါ။ အဆိုတော်တိုင်းမှာတော့ သူတို့ လေးစားအားကျရတဲ့ အနုပညာရှင်တွေ ရှိပါတယ်။

Voice : ကိုယ့်ကို အားပေးတဲ့ ပရိသတ်တွေရှိသလို၊ ဝေဖန်ကြတဲ့ ပရိသတ်တွေလည်း ရှိတယ်လေ။ ကိုယ့်ကိုဝေဖန်ကြတဲ့ Haters တွေကိုရော  လွှမ်းပိုင်ဘက်က ဘာပြောချင်လဲ။

HP : ကျွန်တော်ကတော့ Haters တွေလို့ မသုံးနှုန်း ချင်ပါဘူး။ အားလုံးက ဘာပဲဖြစ်ဖြစ် ဝင်ပြောလိုက်ရရင် ပျော်နေကြတာပေါ့။ သူတို့ပြောတယ် ဆိုတာလည်း အပျော်သဘောလေး ဝင်ပြောကြတာပါ။ ကျွန်တော့်ကို မုန်းနေလို့ ပြောကြတာလည်း မဟုတ်ပါဘူး။ မုန်းရအောင်လည်း ကျွန်တော်နဲ့ သူတို့ကြားမှာ ရန်ငြိုးမှ မရှိတာ။

Voice : အခုလို ဝေဖန်မှုတွေနဲ့ ကြုံရတဲ့အတွက် နောက်ဖန်တီးမယ့် သီချင်းတွေမှာ ကိုယ်ပိုင်ဖန်တီးမှုကို ဦးစားပေးဖြစ်မလား။

HP : သီချင်းတစ်ပုဒ်ကို Reference လုပ်တယ်ဆိုတာက သီချင်းတစ်ပုဒ်မှာ ပါတဲ့ အကြောင်းအရာလေးတစ်ခုကို ကိုယ်က ကြိုက်မိသွားတယ်ပေါ့။ အဲ့ဒီသီချင်းမှာ အသည်းကွဲတာကို တစ်မျိုးတစ်ဖုံနဲ့ တင်စားပြီး ရေးထားတယ်ပေါ့။ အဲ့ဒါလေးကို နားထောင်ပြီးတော့ ကိုယ့်ရဲ့ ဦးနှောက်ထဲမှာ အကြောင်းအရာတွေကို အများကြီး ဖြန့်တွေးလိုက်တယ်။ ဒါက Reference လုပ်တာပါပဲ။ စာအုပ်တစ်အုပ် ဖတ်လိုက်ရတဲ့အခါမှာ အကြောင်းအရာလေးတစ်ခုကို ကိုယ်ကြိုက်မိလို့ ဖြန့်ကြက်တွေးပြီး ပြန်အသုံးချမိရင်လည်း Reference လုပ်တာပါပဲ။ ကျွန်တော် နားထောင်ဖြစ်တဲ့ တချို့သီချင်းတွေရဲ့ တီးလုံးကို သဘောကျလို့  Reference ယူဖြစ်တာ ရှိသလို၊ သီချင်းအကြောင်းအရာကို သဘောကျလို့ Reference ယူဖြစ်တာလည်း ရှိပါတယ်။

Voice : ‘ဂီတဗေဒ’  စီးရီးအတွက် Promotion အစီအစဉ်တွေကိုလည်း ပြောပြပေးပါဦး။

HP : ဒီခွေထွက်မယ့် ဇွန်လ ၂၄ ရက်နေ့မှာ ညနေ ၃နာရီကစပြီး  Juntion Square မှာ  Promotion ပွဲလုပ်ပါမယ်။ ပွဲချိန်ကို ၃ နာရီအတိမှာ စပါမယ်။ အရင်တုန်းက Promotion ပွဲတွေက  ၃ နာရီလို့ ပြောပေမယ့် ၄ နာရီလောက်မှ ကျွန်တော်တို့ ရောက်ဖြစ်တော့ ပရိသတ် စောင့်ရတာလည်း ကြာတယ်။ လက်မှတ်ထိုးပေးချိန် နည်းတယ်။ ဒီတစ်ခါတော့ ပရိသတ်ကို အမှတ်တရ လက်မှတ်ထိုးပေးတာကို ပိုဦးစားပေးပြီး လုပ်ဖို့ စဉ်းစားထားတယ်။ သီချင်းဆိုတာကတော့ ရှိုးပွဲတွေမှာ လာကြည့်ရင် တွေ့နေရတာပဲလေ။ လက်မှတ်ထိုးပေးတာက ပရိသတ်အတွက် ပိုပြီးအမှတ်တရ ဖြစ်မယ်လို့ ထင်ပါတယ်။

သန့်ဇင်ဦး