News

POST TYPE

INTERVIEW

ကျော်ထက်အောင်နှင့် တွေ့ဆုံခြင်း
23-Jun-2017

ဇွန်လ ၂၃ ရက်နေ့ကစပြီး ရုံတင်ပြသတော့မယ့် ‘သူငယ်’ ရုပ်ရှင်ကားမှာ သရုပ်ဆောင် ဖြစ်ချင်လွန်းလို့ မမကြီး သုံးယောက်ကြား ဗျာများရမယ့် သရုပ်ဆောင် ကျော်ထက်အောင်နဲ့ တွေ့ဆုံပြီး ပထမဆုံးဇာတ်ကား အကြောင်း၊ အခက်အခဲအကြောင်းများနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားမှု အကြောင်းများကို The Voice က မေးမြန်းဖော်ပြလိုက်ပါတယ်။

Voice : ရုံတင်ပြသတော့မယ့် ‘သူငယ်’ ရုပ်ရှင်ကားထဲက ဇာတ်ရုပ်ပုံစံကို သိချင်ပါတယ်။

KHA : ဒီကားထဲမှာတော့ ကျွန်တော်က သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ ပြီးတော့ မမကြီးသုံးယောက်နဲ့ ရှုပ်ပြီး မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ပြဿနာတွေ ဖြစ်ကြတာပေါ့နော်။ အဓိကပေးချင်တဲ့ Massage ကတော့ ဘယ်အသက်အရွယ်၊ အပိုင်းအခြားမဆို ကလေးဆန်စွာနဲ့ ဆုံးဖြတ်မိတာတွေ ရှိလာရင် တောက်လျှောက်အမှားတွေချည်းပဲ ဖြစ်တတ်တယ် ဆိုတာမျိုးကို ပြထားတာပါ။

Voice : ကိုယ့်ရဲ့ပထမဆုံး ရုပ်ရှင်ကား ဖြစ်တဲ့အပြင် သရုပ်ဆောင် အနေနဲ့လည်း ပထမဆုံး စလုပ်တဲ့ကားမှာ စိတ်လှုပ်ရှားမှုတွေက ဗြောင်းဆန်ခဲ့မှာပဲနော်။

KHA : ဟုတ်ပါတယ်။ ဒီကားမှာပါတဲ့ သရုပ်ဆောင် စီနီယာအစ်ကိုတွေ၊ အစ်မတွေကို ပရိသတ်တစ်ယောက် အနေနဲ့ပဲ ကိုယ့်ဘက်က ရင်နှီးခဲ့တာပါ။ သရုပ်ဆောင် အချင်းချင်း ရင်နှီးဖူးတာမျိုး တစ်ခါမှ မရှိခဲ့ဘူးတော့ ရှိန်တာတို့ ကြောက်တာတို့တော့ ရှိတာပေါ့နော်။ ပြီးတော့ မကြီးစိုးနဲ့ စရိုက်ရတော့ ပိုပြီးတော့ စိုးရိမ်စိတ် များသေးတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိုးရိမ်စိတ်တွေကို သူ့တို့ဘက်ကပဲ ဖျောက်ပေးနိုင်ခဲ့ပါတယ်။

Voice : ကိုယ့်အတွက် ဘယ်ဇာတ်ဝင်ခန်းက အခက်ခဲဆုံးဖြစ်ခဲ့လဲ။

KHA : ဇာတ်ဝင်ခန်းတိုင်းကတော့ ကျွန်တော့်အတွက် တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ အခက်ခဲဆုံးကတော့ မမကြီးတွေကို အီရတဲ့ အခန်းတွေပေါ့နော်။ ကိုယ့်ရဲ့အသံနဲ့ မရရအောင် အီရတာပါပဲ။ ကျွန်တော်က အစီအစဉ် တင်ဆက်သူ ဆိုတော့ လွှမ်းမိုးမှု အားကောင်းတဲ့ အသံမျိုး ဖြစ်နေတယ်။ အဲဒါကြောင့် အောက်ကနေ ဝင်ရတဲ့ အီသံမျိုးတွေမှာ အခက်အခဲ တွေ့ပါတယ်။

Voice : ကိုယ်က အစီအစဉ် တင်ဆက်သူတစ်ယောက် ဆိုတော့ မရိုက်ခင်မှာ ကိုယ့်ရဲ့အသံကို စိုးရိမ်မှု ရှိခဲ့တယ်လို့ သိရတယ်။

KHA : အသံနဲ့ ပတ်သက်ပြီး တချို့ဇာတ်ဝင်ခန်းလေးတွေမှာ သိသာသွားတာတွေ ရှိတယ်။ အဲဒါကို ကြည့်တတ်တဲ့ ပရိသတ်လည်းရှိမယ်၊ ပညာရှင်တွေလည်း တွေ့လိမ့်မယ်။ ဒါပေမဲ့ တချို့ပရိသတ်တွေကျတော့ ကျွန်တော့်ရဲ့ အစီအစဉ် တင်ဆက်တဲ့ အသံကို စွဲနေကြတယ်။ အမှန်တော့ ကျွန်တော်က အိမ်မှာ အဖေနဲ့အမေကို စကားပြောရင်လည်း ဒီအသံပါပဲ။ ကျွန်တော်က ပုံမှန်ပဲ ပြောနေတာပါ။ ဥပမာအနေနဲ့ ပြောရရင်တော့ ဦးဇာဂနာ အသံကို ဘယ်ကကြားကြား ဦးဇာဂနာမှန်း သိသလိုပါပဲ။

Voice : ကိုယ့်ရဲ့သရုပ်ဆောင်မှုကို ပြန်ကြည့်တဲ့အခါမှာ အားရကျေနပ်မှု ရှိရဲ့လား။ 

KHA : ဒီကားမှာ ကျွန်တော့်အနေနဲ့ အကောင်းဆုံး လုပ်ခဲ့ပါတယ်။ အဲဒါကြောင့် သရုပ်ဆောင် စလုပ်တဲ့အချိန်က ကျော်ထက်အောင်ကို အရမ်းသဘောကျ နှစ်ခြိုက်ပါတယ်။ ဒါပေမဲ့ ဒီနေ့၊ ဒီချိန်မှာတော့ ကျော်ထက်အောင်က ဇာတ်ကားခြောက်ကား ရိုက်ပြီးတဲ့ အတွေ့အကြုံရပြီးပြီ၊ ဆရာတွေ တော်တော်များများနဲ့လည်း ကားရိုက်နေရင်းနဲ့ သင်ကြားထားတဲ့အတွက် ‘သူငယ်’ ထဲက ကျော်ထက်အောင်ကိုတော့ အားရကျေနပ်မှု မရှိပါဘူး။ ပြီးတော့ ပရိသတ်အပေါ်မှာ မူတည်ပါတယ်။ အမြင်မတူတဲ့ လူသန်းပေါင်းများစွာက ကြည့်ပြီးတော့ ဆုံးဖြတ်ပေးဖို့ လိုပါတယ်။

Voice : ပရိသတ်ရဲ့ အားပေးမှုကို မျှော်လင့်ထားပုံက ဘယ်လိုရှိလဲ။ 

KHA : လတ်တလော ဥပမာအနေနဲ့ ပြောရမယ် ဆိုရင်တော့ ဆယ်တန်းအောင်ပြီးပြီပေါ့နော်။ ဘယ်မေဂျာရွေးရမလဲ ဆိုတာကတော့ အမှတ်ပေါင်းရလာမှပဲ အဖြေထွက်ပါလိမ့်မယ်။ အဲဒီအခါကျရင်တော့ ကျွန်တော်နဲ့ ဘယ်မေဂျာလိုက်လဲ ဆိုတာကို ပရိသတ်ကြီး ရွေးပေးကြပါ။ 

Voice : ရိုက်ကူးနေစဉ်မှာလည်း မကြီးစိုးနဲ့ ချစ်သူတွေ ဖြစ်နေကြတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်တာ တွေ့ခဲ့ရသေးတယ်။

KHA : ‘သူငယ်’ ရုပ်ရှင်ကားကို ပရိသတ်တွေ ပိုကြည့်ချင်လာအောင် အဲဒီကောလာဟလက လှုပ်ခတ်ပေးခဲ့တာပါ။ အဲဒါကြောင့် ကောလာဟလ ထွက်အောင် လုပ်ခဲ့တဲ့သူကို ရှာပြီးတော့တောင် ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ။

Voice : ‘သူငယ်’ ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပြောချင်တာများ ရှိဦးမလား။

KHA : ‘သူငယ်’ က အပန်းဖြေဖို့ သက်သက်ဆိုရင်တောင်မှ လာကြည့်လို့ကောင်းတဲ့ကားပါ။ ကျွန်တော်တို့က အရည်အသွေးမီစွာနဲ့ ရယ်ရအောင် ဖန်တီးထားပါတယ်။ အဲဒီလိုရယ်ရဖို့ကိုလည်း အစ်မ သုံးယောက်ကပဲ အားစိုက်ထုတ်ခဲ့တာ များပါတယ်။ ပြီးတော့ ပရိသတ်ကြီးအနေနဲ့ ကျွန်တော့်ကို အစီအစဉ် တင်ဆက်သူအဖြစ် အသိအမှတ်ပြုသလို သရုပ်ဆောင်ဘက်မှာလည်း ကျော်ထက်အောင် မဆိုးပါဘူးဆိုတဲ့ စကားလေးတော့ ရုံထဲမှာ လာပြောပေးပါဦးလို့ ပြောချင်ပါတယ်။

ဝင်းထွန်းနိုင်