News

POST TYPE

INTERVIEW

ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသာထွန်းကျော်နှင့် တွေ့ဆုံခြင်း
21-Jun-2017

နိုင်ငံပိုင် ပြည်သူ့ဆေးရုံကြီးများတွင် ၂၀၁၅ ခုနှစ် အကုန်မှစတင်ကာ ဆေးရုံအတွင်း ရောင်းချလျက်ရှိသည့် ပုဂ္ဂလိက ဆေးဆိုင်များ ပိတ်သိမ်းခဲ့ပြီးနောက်ပိုင်း လူနာများ အရေးပေါ်ဆေးဝါး လိုအပ်ပါက ပြင်ပသို့ သွားရောက် ဝယ်ယူရခြင်းနှင့် အခြားသော အခက်အခဲများကို လျှော့ချပေးနိုင်ရန်အတွက် ယခုအချိန်တွင် ဆေးရုံကြီးကြပ်မှု ကော်မတီကဦးစီးသည့် ဆေးဆိုင်များ ပြန်လည် ဖွင့်လှစ်ရောင်းချရေးကို စီမံချက် ရေးဆွဲဆောင်ရွက်နေသည်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဆေးရုံတွေမှာ ဆေးဆိုင်တွေ ဖွင့်လှစ်ရောင်းချဖို့ စီမံဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။
Dr.TTK : ဆေးရုံတွေနဲ့ပတ်သက်ပြီး ဆေးရုံထဲမှာ စားသောက်ဆိုင်တွေ၊ ဆေးဆိုင်တွေနဲ့ တခြား ကုန်ပစ္စည်း ရောင်းတဲ့ဆိုင်တွေ မထားဖို့အတွက် ၂၀၁၅ ခုနှစ် မေလလောက်က ဆရာတို့ဦးစီးဌာနကို ညွှန်ကြားထားတာတွေ ရှိတယ်။ အဲဒါကို ဆေးရုံအုပ်ကြီးတွေကိုလည်း ဆက်လက် ညွှန်ကြားခဲ့ပါတယ်။ တကယ့်လက်တွေ့ အခြေအနေမှာကျတော့ ဆေးရုံတွေမှာ တစ်ခါတစ်ရံ ဆေးရုံက မပေးနိုင်တဲ့၊ အလွယ်တကူ မရရှိနိုင်တဲ့ဆေးဝါးတွေ လိုအပ်လာတဲ့ အခြေအနေမျိုးတွေလည်း အရေးပေါ်အနေနဲ့ ရှိတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ အရင်တုန်းကတော့ ဆေးရုံဝင်းမှာ ဆေးဆိုင်ရှိနေတော့ အလွယ်တကူ ဝယ်လို့ ရပါတယ်။ ဒါပေမဲ့ ညွှန်ကြားချက်အရ ဆေးရုံတွေမှာ ဆေးဆိုင် ရောင်းချတဲ့လုပ်ငန်းတွေကို ပိတ်လိုက်တဲ့နောက်မှာ လူနာတွေအနေနဲ့ တော်တော်ကို အခက်အခဲ တွေ့လာတာကို တွေ့ရပါတယ်။ အရေးတကြီး လိုတဲ့အခါမှာ ဆေးရုံဝင်းထဲ ဝယ်လို့မရတဲ့အတွက် ဆေးရုံပြင်ပထွက်ပြီး ဝယ်ရတဲ့အတွက် ယာဉ်မတော်တဆမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ ဒီလို အခက်အခဲတွေကို ဆရာတို့က ဝန်ကြီးဌာန အဆင့်ဆင့်ကို ပြန်တင်ပြတဲ့အခါမှာ ပြည်ထောင်စု အစိုးရအဖွဲ့က ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို နိုင်ငံပိုင် ပြည်သူ့ဆေးရုံတွေမှာ ဆေးရုံကြီးကြပ်ကော်မတီက ဦးစီးပြီး ဆေးဆိုင်တွေ ဖွင့်လှစ် ရောင်းချခွင့်ပြုဖို့ကိစ္စကို သဘောတူကြောင်း ညွှန်ကြားခဲ့ပါတယ်။ ဒါနဲ့ စီမံချက် ရေးဆွဲပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။

Voice : စီမံချက်အရ ဘယ်တော့လောက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။
Dr.TTK : ဆရာတို့က စီမံချက် ပထမအဆင့်အနေနဲ့ ကုသရေး ဦးစီးဌာနအောက်မှာရှိနေတဲ့ ဗဟိုအဆင့် ဆေးရုံ ၃၉ ရုံကို ဆေးဆိုင် ဖွင့်လှစ်ဖို့ ဆောင်ရွက်မှာဖြစ်တယ်။ ၂၀၁၇ ခုနှစ် ဒုတိယ လေးလပတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်တယ်။ ဒုတိယအဆင့် အနေနဲ့ကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဆေးရုံ ၃၈ ရုံကို ၂၀၁၇ ခုနှစ် တတိယ လေးလပတ်အတွင်းမှာ လုပ်ဆောင်မှာဖြစ်ပြီးတော့ တတိယ အဆင့်အနေနဲ့ ပြည်နယ်နဲ့ တိုင်းများမှာရှိတဲ့ ခုတင် ၁၀ဝ ဆေးရုံ ၃၉ ရုံမှာ ၂၀၁၈ ခုနှစ် ပထမ လေးလပတ်အတွင်းမှာ ဆောင်ရွက်ဖို့ရေးဆွဲပြီး အဆင့်ဆင့် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လုပ်ငန်း အောင်မြင်မှု၊ မအောင်မြင်မှုကို ပြန်လည်ဆန်းစစ်တဲ့ Evaluation အနေနဲ့ လုပ်ငန်း အစီအစဉ် အားလုံးကို ၂၀၁၇ ခုနှစ် ဒုတိယ လေးလပတ်ကနေ ၂၀၁၈ ခုနှစ် ပထမ လေးလပတ်အတွင်းမှာ အကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် ၂၀၁၈ ခုနှစ် ပထမလေးလပတ် မကုန်မီမှာ ကနဦး အနေနဲ့ လုပ်ငန်း အနေအထားကို ပြန်လည် ဆန်းစစ်ပြီးတော့ သက်ဆိုင်ရာ ကုသရေး ဦးစီးဌာနနဲ့ ပြည်ထောင်စု ဝန်ကြီးဆီ ဆက်လက် တင်ပြဖို့လည်း အစီအစဉ် ရှိပါတယ်။

Voice : ဆေးဆိုင်တွေကို ဘယ်လို သတ်မှတ်ချက်တွေနဲ့ စိစစ်ရွေးချယ်သွားမှာပါလဲ။
Dr.TTK : အဓိက ဆေးရုံမှာ ဒီဆေးဆိုင်က ပြင်ပ ပုဂ္ဂလိကက လာရောက် ဖွင့်လှစ်တဲ့ဆေးဆိုင် မဖြစ်ရပါဘူး။ ဆေးရုံမှာရှိတဲ့ ဆေးရုံကြီးကြပ်ကော်မတီရဲ့ အစီအစဉ်နဲ့ ရောင်းချတာပဲ ဖြစ်ရမယ်။ ဆေးဆိုင်မှာ တာဝန်ထမ်းဆောင်တဲ့သူတွေက ဆေးရုံဝန်ထမ်း မဟုတ်ဘဲ ပြင်ပက ခေါ်ယူခန့်အပ် တာဝန်ပေးတဲ့သူ ဖြစ်ရမယ်။ နောက်ပြီး ဆေးတွေ စနစ်တကျနဲ့ ထိန်းသိမ်းရလွယ်ကူအောင် Computerized System တွေ သုံးစွဲဖို့လည်း စီစဉ်ပြီးသား ဖြစ်ပါတယ်။ ဒီဆေးဆိုင်က ရရှိလာတဲ့ အမြတ်ငွေတွေကိုလည်း ဆေးရုံကြီးကြပ် ရန်ပုံငွေထဲ ထည့်သွင်းပြီးတော့ ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေး ကိစ္စတွေမှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ဆေးဆိုင် ဘယ်နှဆိုင်ဆိုပြီး မရှိပါဘူး။ ဆေးရုံတွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီးတော့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဆေးဆိုင်တွေ အားလုံးကို ၂၄ နာရီ ဖွင့်လှစ် ရောင်းချပေးမှာ ဖြစ်တဲ့အတွက် လူနာတွေအတွက် အချိန်မရွေး လိုအပ်တဲ့ဆေးကို အလွယ်တကူ ဈေးနှုန်း သက်သက်သာသာနဲ့ ရရှိဖို့ ဆောင်ရွက်ခြင်း ဖြစ်တယ်။ အရင်းရဲ့ ၁၀ ရာခိုင်နှုန်းကို အမြတ်တင် ရောင်းချဖို့ လမ်းညွှန်ချက်ရှိပါတယ်။

Voice : ပုဂ္ဂလိကဆေးဆိုင်တွေ ပိတ်သိမ်းတာကို ဘယ်အချိန်က စတင်ခဲ့တာပါလဲ။
Dr.TTK : အရင်တုန်းက ဆေးရုံမှာရှိခဲ့တဲ့ ဆေးဆိုင်တွေက ပုဂ္ဂလိက ဆေးဆိုင်တွေ ဖြစ်တယ်။ ဆေးရုံကြီးကြပ်ကော်မတီရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိဘူး။ ပုဂ္ဂလိက ဆေးဆိုင်တွေကို ၂၀၁၅ ခုနှစ်မှာ သူတို့နဲ့ စာချုပ်ချုပ်ထားတဲ့ ကန်ထရိုက်ပြည့်တဲ့နေ့ကနေစပြီးတော့ ပိတ်သိမ်းဖို့အတွက် ကုသရေး ဦးစီးဌာနက ညွှန်ကြားထားပြီး ဖြစ်တယ်။ ဒါကြောင့် လက်ရှိအနေအထားအရ ဆေးရုံတွေမှာ ပုဂ္ဂလိကကနေ လာရောက် ဖွင့်လှစ်တဲ့ဆေးဆိုင်တွေ ပိတ်သိမ်းပြီး ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အကုန်တည်းကပေါ့။ ပိတ်သိမ်းပြီးနောက်ပိုင်း တကယ့် မြေပြင် အနေအထားမှာ ဆေးဆိုင်တွေက ဆေးရုံဝင်းထဲမှာရှိဖို့ လိုတယ်ဆိုတဲ့ အခြေအနေကို တွေ့ရှိရတဲ့အတွက်ရယ်၊ လူနာတွေ လိုအပ်တဲ့အချိန်မှာ ဈေးနှုန်း သက်သက်သာသာနဲ့ အရည်အသွေး ပြည့်မီတဲ့ဆေးဝါးတွေကို အလွယ်တကူ ရရှိဖို့အတွက် ရည်ရွယ်ပြီး ဆေးရုံကြီးကြပ်ကော်မတီရဲ့ ကွပ်ကဲမှုအောက်မှာထားတဲ့ ဆေးဆိုင်တွေ ဖွင့်လှစ်ဖို့ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

Voice : ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။
Dr.TTK : လက်ရှိ အနေအထားမှာ ဆရာတို့ ကုသရေး ဦးစီးဌာနအနေနဲ့ ဆေးရုံများမှာ အတွင်းလူနာ၊ ပြင်ပ လူနာတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကနေကျခံပြီး အခမဲ့ ဆေးကုသတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ကုသရေး ဦးစီးဌာနရဲ့ ရည်ရွယ်ချက်က လူနာတွေကို (Quality Care) အရည်အသွေး ပြည့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်ပေးဖို့ ဖြစ်တယ်။ Quality Care ပေးဖို့ပြန် ကြည့်ရင် နှစ်ပိုင်း တွေ့ရမယ်။ တစ်ခုက Quality Care လို့ပြောခြင်းဟာ ဆရာတို့ လူနာတွေရဲ့ စိတ်ကျေနပ်မှုကို ရည်ရွယ်တယ်။ ဒါကတော့ လူနာများအပိုင်းပေါ့။ နောက်တစ်ပိုင်းက ဆရာတို့အနေနဲ့ ဆေးရုံတွေမှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေ၊ ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ တခြားဝန်ထမ်းတွေ အားလုံးရဲ့ လူနေမှုဘဝ ဖွံ့ဖြိုးမှုအတွက်ကိုလည်း ကုသရေး ဦးစီးဌာန အနေနဲ့ ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA