News

POST TYPE

INTERVIEW

မန္တလေးမြို့ခံ ဂရက်ဖစ်တီပညာရှင် ကိုသန့်စင်ဝင်း (Mc.Prince) နှင့် တွေ့ဆုံခြင်း
19-Jun-2017

(ပုံစာ - နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် ၇၂ ပြည့်မြောက် မွေးနေ့ကို ဂုဏ်ပြုသည့်အနေနှင့် ဂရက်ဖစ်တီပညာရှင် ကိုသန့်စင်ဝင်းက ပုံတူရေးဆွဲစဉ်)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၁၉ (ယနေ့) တွင် အသက် ၇၂ နှစ် ပြည့်ပြီဖြစ်သည်။ မန္တလေးမြို့ခံ ဂရက်ဖစ်တီပညာရှင် ကိုသန့်စင်ဝင်း (Mc.Prince) က မန္တလေးမြို့ နန်းရှေ့တွင်  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပုံတူရေးဆွဲလျက်ရှိရာ The Voice က ၎င်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂရက်ဖစ်တီ (Graffiti) ဆွဲမယ်ဆိုတာ. . .။ 

TSW : ဟုတ်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်းတဲ့အနေနဲ့ ဂရက်ဖစ်တီ ဆွဲပေးတာပါ။ 

Voice : ဘာရည်ရွက်ချက်နဲ့ ခုလိုဆွဲတာလဲ။ ဘယ်လိုပုံမျိုး ဆွဲမှာလဲ။ 

TSW : ကျွန်တော် တတ်မြောက်ထားတဲ့ အနုပညာတစ်ရပ်ဖြစ်တဲ့ Graffiti ပညာရပ်ကို ပြည်သူတွေကို ချပြချင်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အနေနဲ့ ဆွဲဖြစ်တာလည်း ပါတယ်။ ဆွဲမှာကတော့ မှုတ်ဆေးနဲ့ စပရေးဘူးနဲ့ပါ။ အရွယ်အစားက ရှစ်ပေပတ်လည် အထပ်သားပေါ်မှာ ဆွဲမှာဖြစ်ပါတယ်။ အတွင်းမှာပါတဲ့ ပုံကတော့ နည်းနည်းသေးသွားမှာပေါ့။ ခုနစ်ပေပတ်လည် လောက်ဖြစ်သွားမှာပါ။ ပထမတော့ နောက်ခံအရောင်အနေနဲ့က အန်လ်အယ်ဒီအလံကိုလည်း ထည့်ဆွဲမလို့ပါ။ နေရာမဆံ့လို့ ထည့်မဆွဲဖြစ်လောက်ဘူး။ ဒီပုံကို လက်ရှိမှာတော့ အန်လ်အယ်ဒီ ရုံးစိုက်တဲ့ နန်းရှေ့မှာပဲ ထားမှာပါ။ 

Voice : နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ပုံ ဆိုတော့၊ ဓာတ်ပုံကိုဆွဲတာလား၊ ကိုယ်တိုင်ဖန်တီးထားတဲ့ ပုံတူလား ခင်ဗျ။ 

TSW : အခုဆွဲဖြစ်တဲ့ပုံက ဓာတ်ပုံကိုကြည့်ပြီး ပြန်ဆွဲမှာ ဖြစ်ပါတယ်။ မနှစ်က ပုဂံခရီးစဉ်မှာ ရိုက်ခဲ့တဲ့ပုံ ဖြစ်ပါတယ်။ အဲဒီပုံလေးကိုပဲ ပြန်ဆွဲမှာ ဖြစ်ပါတယ်။ 

Voice : ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဒီလိုပုံတွေ ဘယ်နှခုလောက် ဆွဲခဲ့ဖူးပြီလဲ။ ဒါက ဘယ်နှပုံမြောက် ဖြစ်မလဲ။ 

TSW : အမေစုပုံတွေ လေးငါးပုံလောက် ဆွဲဖူးပါတယ်။ Graffiti ပုံပေါ့နော်။ ပန်းချီကားအနေနဲ့ကတော့ နှစ်ကားဆွဲထားပါတယ်။ အခြားအထိမ်းအမှတ်ပုံတွေ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပေါ့။ နှစ်တစ်ရာပြည့်နဲ့  တစ်ရာ့တစ်နှစ်ပြည့်ပုံလည်း ဆွဲခဲ့တယ်။ အာဇာနည် ကိုးဦးပုံ ဆွဲဖူးပါတယ်။ လိပ်ကျွန်းလူသတ်မှုပုံ၊ ကျောင်းဆရာ ကိုအောင်မြင့်ထွန်း အသတ်ခံရတုန်းကပုံ။ ဘဘဦးတင်ဦး ကျန်းမာရေး မကောင်းတုန်းကလည်း ဆုတောင်းပေးတဲ့ အနေနဲ့ ဆွဲခဲ့ပါတယ်။

Voice : နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အနုပညာရှင်တစ်ဦး အနေနဲ့ ဘာများဆုတောင်းပေးချင်လဲ။

TSW : ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီ ၇၂ နှစ်မြောက် မွေးနေ့မှသည် ဆတက်ထမ်းပိုး သက်ရှည်ကျန်းမာပြီးတော့ နိုင်ငံတော်ရဲ့လုပ်ငန်းတွေ အကုန်လုံးကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်သွားနိုင်ပ စေ။ အခုလက်ရှိ လုပ်နေတဲ့ လုပ်ငန်းစဉ်တိုင်းမှာ အောင်မြင်မှုတွေ ရရှိပါစေ။ ဦးဆောင်ဦးရွက်ပြုပြီး အကောင်အထည်ဖော်နေတဲ့ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးကြီး အပြည့်အစုံရအောင် ဆောင်ရွက်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုပါတယ် ခင်ဗျ။ 

Voice : ဘာများဖြည့်စွက်ပြောချင်သေးလဲ။

TSW : ဖြည့်စွက်ပြောစရာကလည်း ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီး။ ပြည်သူတို့အတွက် ခေါင်းဆောင်ကြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီထက်မက အသက်ရာကျော်နဲ့ အသက်ရှည်ရှည်နေနိုင်ပြီး နိုင်ငံ့တာဝန်တွေ အားလုံး ဆောင ရွက်သွားနိုင်ပါစေလို့ ထပ်ပြီး ဆုတောင်းပေးလိုပါတယ်။ 

မောင်သန့်