News

POST TYPE

INTERVIEW

သရုပ်ဆောင်ကျော်သူနှင့် တွေ့ဆုံခြင်း
05-Jul-2016
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ဖြစ်တဲ့ ကျော်သူကို အဲဒီကားအတွက် ပြင်ဆင်ခဲ့ပုံတွေ၊ ရှေ့ဆက် လုပ်ဆောင်သွားမယ့် ပရဟိတလုပ်ငန်း အကြောင်းတွေနဲ့ မြန်မာ့ရုပ်ရှင်လောက အပေါ် အမြင်တွေကို The Voice က မေးမြန်းထားခြင်း ဖြစ်ပါတယ်။

Voice : ပရော်ဖက်ဆာကားက ပထမ ရိုက်ထားတဲ့ဇာတ်ကားနဲ့ အဆက် ဆိုတော့ ဒီဇာတ်ကားနှစ်ခုရဲ့ အဓိကဇာတ်အိမ်ကို ပြောပြပေးပါ။

KT : ဇာတ်အိမ်က ကွာသွားတယ်။ ဒီကားက ကလဲ့စားချေတဲ့ကိစ္စကို အဓိက ဇောင်းပေးတဲ့ကား။ ကလဲ့စားချေတဲ့ လုပ်ရပ်က ကိုယ့်ကိုပြန်ပြီး ခံစားရမယ် ဆိုတာကို ဖော်ကျူးတဲ့ဇာတ်ပါ။

Voice : ကာရိုက်တာအတွက် ပြင်ဆင်ခဲ့ပုံက။

KT : ပြင်ဆင်မှုတော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွားဆိုတာ ကျွန်တော် နဂိုထဲက ရူးသွပ်ထားတဲ့ဟာ။ ကာရိုက်တာအရ ဆိတ်ဖွားက ဝတ္ထုဇာတ်လမ်းထဲမှာ သုဘရာဇာ၊ အပြင်မှာ ကျွန်တော်ကလည်း သုဘရာဇာ၊ စကားလုံးတွေသာ ထူးခြားတဲ့ဟာတွေလည်း ရှိမယ်။ ဝတ်စားဆင်ယင်မှု၊ ပြင်ဆင်မှုတွေ ဘာမှ မရှိဘူး။

Voice : ရုံပြိုင်စနစ်က စရတော့မှာဆိုတော့ အဲဒီအပေါ် အမြင်လေး ပြောပြပါဦး။

KT : ဘယ်အရာမဆို ပြိုင်ရရင်ပိုပြီး ကောင်းတယ်၊ ကိုယ့်အတွက်လည်း တန်ဖိုးရှိမယ်။ ကြည့်ရှုရတဲ့သူတွေ အတွက် ပိုပြီး အဓိပ္ပာယ်ရှိတဲ့ ကိစ္စ ဖြစ်မယ်။ လုပ်ငန်းတစ်ခုက အပြိုင်ရှိမှ တိုးတက်မှုရှိမယ်။ ဘာပဲလုပ်လုပ် ယှဉ်ပြိုင်မှုမရှိရင် ပေါ့ပေါ့တန်တန် လုပ်သွားနိုင်တယ်။ ပေါ့ပေါ့တန်တန် မလုပ်နိုင်အောင် ယှဉ်ပြိုင်မှုက အဓိကကျတယ်။ ရုပ်ရှင်ကားနှစ်ကား ယှဉ်ပြိုင်ပြီးပြရင် ကိုယ့်ကားကိုယ် ကောင်းအောင် လုပ်ကြတော့မယ်။ ကိုယ့်ကိုကြည့်တဲ့ ပရိသတ်အပေါ် စေတနာ ပိုထားလာမယ်။ နယ်ဇာတ်တွေဆိုပြီး နယ်မှာ မရိုက်ဘဲ ရန်ကုန်မှာလှည့်ပြီး လိမ်ရိုက်တာတွေ၊ ဒါမျိုးတွေဆိုရင် အဲဒီအကျိုးကျေးဇူးကို ပြန်ခံစားရမှာ။ ကလောဆိုရင် ကလောမှာ ရိုက်ရမယ်၊ ရှမ်းပြည်ဆိုရင် ရှမ်းပြည်၊ တနင်္သာရီတိုင်း ဆိုရင် တနင်္သာရီတိုင်း၊ ရခိုင် ဆိုရင် ရခိုင်မှာ တကယ်သွားရိုက်မှ ဒါတန်ဖိုး ရှိတော့မယ်။

Voice : ဒီနှစ်ထဲ ရုပ်ရှင်ကား လေးကား ရိုက်ခဲ့တာဆိုတော့ နောက်ထပ်အနုပညာ လှုပ်ရှားမှုတွေ ပြောပြပါဦး။

KT : ဒီနှစ်ထဲ ဒီလေးကားနဲ့ပြီးမှာပဲ။ ဒီနှစ်ထဲမှာ ဒီကားတောင်မှ ကျော်သူ အသက်ရှင်ရင် ပြီးသွားမှာ။ မရှင်ရင်မပြီးဘူး။ မနက်ဖြန်တောင် သေရင်သေမှာဆိုတော့ ဒါကဘာမှပြောလို့မရဘူး။ နောက်နှစ်ကတော့ နောက်နှစ် ကျမှပေါ့။

Voice : ရှေ့ကရိုက်ထားတဲ့ ပရော်ဖက်ဆာ ဆိတ်ဖွားက ရုံတင်တော့မှာ ဆိုတော့ စိတ်ခံစားချက်လေး ပြောပြပါဦး။

KT : ကိုယ် ပထမဦးဆုံး မင်းသားစဖြစ်တဲ့ အချိန်တုန်းကလို ပေါ့လေ။ ကိုယ် ပထမဦးဆုံး ရိုက်တဲ့ကား ရုံတင်တဲ့အခါ ဘယ်လိုဖြစ်မလဲ။ ဒါလေးကိုတော့ အာရုံစိုက် မိတာပေါ့။ သိပ်ထွေထွေထူးထူး ခံစားချက်တော့ မရှိဘူး။ ကိုယ်မှန်မှန်ကန်ကန် လုပ်ခဲ့တယ်။ ဇာတ်ကောင်ကာရိုက်တာ အတိုင်း ကိုယ်လုပ်ခဲ့တယ်။ ကိုယ်မှန်မှန် ကန်ကန်လုပ်ရင် မှန်ကန်တဲ့အတိုင်း ဖြစ်မှာပဲ။ ပရိသတ်အပေါ် စေတနာထားပြီးလုပ်ရင် ဒီစေတနာအကျိုးကို ပြန်ခံစား ရမှာပေါ့။

Voice : ဂျပန်သွားမယ့် အကြောင်းလေးကို ပြောပြပါဦး။

KT : ဂျပန်ကဖိတ်တာ အမှိုက်ကိစ္စပေါ့။ ဂျပန်မှာ အမှိုက်ကို ဘယ်လို စနစ်တကျ သုံးတယ်။ ဒီအမှိုက်ကို ဘယ်လို Recycle ပြန်ပြီးအသုံးချဖို့၊ ဘယ်လိုပစ္စည်းတွေ၊ ဘယ်လိုလုပ်တယ် ဆိုတာ။ ဂျပန်မှာကျတော့ မြို့နယ်တိုင်းတော့ မဟုတ်ဘူး။ ရပ်ကွက်တိုင်းမှာ Recycle စက်ရုံတွေရှိတယ်။ ကိုယ့်ရပ်ကွက်က အမှိုက်ကို ဒီ Recycle မှာ ပြန်ပြီးအသုံးပြုတဲ့ဟာ အသုံးပြုတယ်။ တချို့ ရှို့ဖြစ်တာ ရှို့ဖြစ်တယ်။ ဒီစနစ်ကို ကျွန်တော်တို့ သွားလေ့လာဖို့။ ဒါကလည်း ဗီဇာရမှ သွားရမှာပါ။

Voice : ရုပ်သံဇာတ်လမ်းတွဲ ရိုက်မယ်လို့ သိရတယ်။ ဘယ်တော့လောက် ရိုက်ဖြစ်မလဲ။

KT : ဇာတ်လမ်းတွဲက ဆရာနေဝင်းမြင့်နဲ့ ပြောထားတယ်။ သူနဲ့ လွဲလွဲနေတာနဲ့ မစနိုင်သေးဘူး။ စဖြစ်အောင်တော့ ကျွန်တော်တို့ ကြိုးစားမှာပါ။ အချိန်ကိုလုပြီး ကြိုးစားရမယ်။ နောက်နှစ်ထဲတော့ ဖြစ်မှာပါ။ ဇာတ်လမ်းတွဲဆိုတော့ ပြင်ဆင်မှုက အများကြီး လုပ်ရဦးမှာ။

Voice : အကယ်ဒမီပေးတဲ့ပုံစံ ပြောင်းလာတယ်ဆိုတော့ အဲဒီအပေါ်အမြင်လေး ပြောပြပါဦး။

KT : နိုင်ငံခြားပညာရှင် တွေကပဲ လုပ်ရင်အကောင်းဆုံးပဲ။ အဲဒါကို မာနကြီး တစ်ခွဲသားနဲ့ ငါတို့ရုပ်ရှင်ကို ဘာဖြစ်လို့ သူများ တိုင်းတစ်ပါးက ဒီလိုလုပ်လို့မရဘူး။ ကိုယ်တွေရဲ့ အဆင့်အတန်း၊ ကိုယ့်အခြေအနေ ကိုယ်အသိဆုံး။ ကိုယ့်ရုပ်ရှင်လောကရဲ့ အခြေအနေက ကမ္ဘာမှာ ဘယ်လောက် ဖြစ်နေလဲ။ ကိုယ်တွေရဲ့တိုင်းပြည်က ကမ္ဘာမှာ ဘယ်အဆင့်လောက် ရောက်နေလဲ။ ကိုယ့် ထက်သာတဲ့သူ တွေဆီက ကိုယ်နမူနာယူ ရမှာပဲ။ ဆရာတင်သင့်ရင် တင်ရမှာပဲ။

Voice : အခုလက်ရှိ ရုပ်ရှင်ဈေးကွက် အပေါ် ပြောပြပါဦး။

KT : ရုပ်ရှင်တွေ မကြည့်တာကြာပြီ။ မြန်မာရုပ်ရှင်တွေ တင်မကဘူး၊ နိုင်ငံခြားကားတွေလည်း ကျွန်တော် မကြည့်ဖြစ်ဘူး။ ဒါကတော့ မသိဘူး။ ကိုယ့်ရဲ့ လုပ်ရပ်နဲ့ ကိုယ့် စေတနာပေါ် မူတည်တယ်။ ဘာပဲလုပ်လုပ် စေတနာကောင်းကောင်းနဲ့ အလုပ်တစ်ခု လုပ်တယ်ဆိုရင် အနုပညာပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ် ကိုယ်က စေတနာထားရင် အဲဒီစေတနာအကျိုးကို ထိရောက်ရောက် ပြန်ခံစားရမယ်။ ဘာလုပ်လုပ် စေတနာနဲ့ ကိုယ်ချင်းစာစိတ်လေး ထားဖို့က အရေးကြီးတယ်။

Voice : အခုအမှိုက်ကောက်တာ တွေ့ရတာ ဆိုတော့ ဦးမောင်တို့တုန်းက အမှိုက် ကောက်တာနဲ့ ပတ်သက်ပြီး ကွာခြားချက်လေးကို ပြောပြပါဦး။

KT : အမှိုက်ကောက်တာတော့ ကောက်ကြတာပဲ။ အခုလည်း ဒေါ်စုပြောလို့ ဒီဇင်ဘာ ၁၁၊ ၁၂ မှာ ကောက်ကြတယ်။ အဲဒီနှစ်ရက်ပဲ အမှိုက်က ကောက်လို့မပြီးဘူး။ အပတ်စဉ် ကောက်ရမယ်။ နေ့စဉ် အမြင်မတော်တာ တွေ့ရင် ကောက်ရမယ်။ လူတွေ အမှိုက်ပစ်တာ ရှက်စရာကောင်းတယ် ဆိုတဲ့ အသိတရားရအောင် လုပ်ပြရမယ်။ အမှိုက် ကောက်တာနဲ့ မပြီးဘူး။ ကောက်တဲ့အမှိုက်ကို ဘယ်မှာပစ်မလဲ။ အမှိုက်ပုံးဆိုတာ ထားရမယ်။ အဲဒီအမှိုက်ပုံး ဘယ်သူထားပေးမှာလဲ။ ကျွန်တော်တို့ နာရေးကူညီမှုအသင်းက အမှိုက်ပုံးတွေ လိုက်ထားပေးတယ်။ ကျွန်တော်တို့ တစ်တိုင်းပြည်လုံး အနေထားနဲ့ မထားနိုင်ဘူး။ တစ်တိုင်းပြည်လုံး မပြောနဲ့ ရန်ကုန်မြို့ အပြည့်တောင် မထားပေးနိုင်ဘူး။ လက်လှမ်းမီသလောက် မြောက်ဒဂုံမြို့နယ် တွေမှာ လမ်းတွေမှာ အမှိုက်ပုံးတွေ ချပေးထားတယ်။ အမှိုက်ပုံးရပြီ ဆိုရင် အမှိုက်ပုံးထဲက အမှိုက်ကို ဘယ်သူက ပြန်သိမ်းမှာလဲ။ ဒီအမှိုက်ကိုသိမ်းဖို့ အမှိုက်စွန့်ပစ်ဖို့ သတ်မှတ်ထားတဲ့ နေရာကို သွားစွန့်ပစ်ရဦးမယ်။ အဲဒီလို့ စွန့်ပစ်ဖို့ ကျွန်တော်တို့လက်နဲ့ပဲ လမ်းလျှောက် သယ်သွားလို့မရဘူး။ ကားလိုတယ်။ ဒီကားကို ဘယ်ကပေးမှာလဲ။ စည်ပင်သာယာပဲ ရှိတယ်။ စည်ပင်သာယာက လုပ်ရင် အမှိုက်ပစ်ရင် Recycle လုပ်လို့ရတဲ့အမှိုက်က ဘယ်လိုထားရမလဲ။ အမှိုက်စိုဆိုရင် ဘယ်ကို ပစ်မလဲ။ အမှိုက်စိုဆိုရင် သား၊ ငါး အရိအရွဲ တွေဆိုရင် မြေဩဇာလုပ်လို့ရတယ်။ ဥပမာ- ကားတက်နင်းထားလို့ ပြားချပ်နေတဲ့ ရေသန့် ဘူးတန်ဖိုးက ကလေးတစ်ယောက်ရဲ့ စာသင်ကျောင်းမှာ သုံးနေတဲ့ ကော်ပေတံ တစ်ချောင်းနဲ့ ညီတယ်။ ဒါမျိုးတွေသိဖို့ လိုတယ်။ အဲဒါတွေအရေးကြီးတယ်။ စနစ် တကျသိမ်းမယ်၊ ကောက်မယ်၊ စွန့်ပစ်မယ် ဆိုရင်တော့ ဒါကောင်းမယ်။ ဒါကအသိစိတ်ပဲ။ အမှိုက်ကို ဘယ်လိုပစ်ရမလဲ သိဖို့ အရေး ကြီးတယ်။

Voice : ပရဟိတလုပ်ငန်းတွေ ဘာတွေ ဆက်တိုးချဲ့ဖို့ရှိလဲ။

UKT : အခုကောလိပ်ဖွင့်ဖို့ ကျွန်တော်တို့ စိုင်းပြင်းနေတယ်။ အစည်းအဝေးတွေ ထိုင်ရဦးမယ်။ ပညာရှင်တွေနဲ့ တွေ့ရဦးမယ်။ ကောလိပ်မှာတက်ဖို့ စာရင်းပေးတဲ့သူတွေကို အင်တာဗျူးတွေ သေချာလုပ်ရဦးမယ်။ သူ့ရဲ့ သင်ရိုးညွှန်တမ်းအတိုင်း သင်ရမှာ။ သင်ရမယ့် အချိန်မှာ ခြောက်လအထိကို တစ်ပတ်မှာ တစ်ရက်ပဲ နားရက်ပေးမယ် ဆိုရင် ဘယ်သူမှ တက်နိုင်မှာမဟုတ်ဘူး။ ဝမ်းစာရှာနေတဲ့ သူတွေများတယ်။ ပရဟိတ ဝါသနာပါတယ်၊ ကိုယ့်ဝမ်းစာအတွက် ရှာနေရတယ်။ ဒါမျိုး လူအားလုံး တက်နိုင်အောင် ပရဟိတ စိတ်ဓာတ်ဖြစ်အောင် ကျွန်တော်တို့က လခပေးပြီး ကျောင်းတက်ခွင့်ပေးမယ်။ အတိုင်းအဆတစ်ခုခု သတ်မှတ်ပြီး ကျွန်တော်တို့ သင်တန်းပေးမယ်။ ဒီက သင်တန်းဆင်းရင် အောင်လက်မှတ်ပေးမယ်။ ဒါမှ ကိုယ့်တိုင်းနဲ့ ပြည်နယ်အလိုက် ပရဟိတ အသင်းအဖွဲ့တွေ လုပ်ထုံးလုပ်နည်းတွေ သေချာသိသွားရင် သူ့တိုင်းနဲ့ ပြည်နယ်အလိုက် ပရဟိတ စိတ်ဓာတ်မျိုးတွေ ပြန့်ပွားလာမယ်။ အရေးကြီးတာက ကျွန်တော်တို့နိုင်ငံက ဒီပရဟိတ စိတ်ဓာတ် ဟိုလူက ငါတို့က ဘယ်အသင်းက ဒါမျိုးတွေ ကိုယ့်ကိုယ်ကိုယ်ပရဟိတအသင်း တွေသာပြောတာ လူမှုရေးကို ခုတုံးလုပ်ပြီး လုပ်စားနေတဲ့ အသင်းအဖွဲ့တွေ အများကြီး။ ပရဟိတနည်းနည်းလေး လုပ်ပြတာနဲ့ရတဲ့ အလှူငွေကို အလွဲသုံးစားလုပ်တာတွေ အများကြီး။ စာရင်းအင်း အတိအကျ မရှိတာ အများကြီး။ ဒါတွေက ပရဟိတလောကကို ဖျက်ဆီးနေတာ။ ပရဟိတ နာမည်တွေကို ဖျက်ဆီးနေတာပဲ။ တချို့က နာမည်ကြီး လာရင် အောက်ခြေလွတ်လာပြီး ငါပြောတာ၊ ငါလုပ်တာ၊ ငါဦးဆောင်တာ ဒါမျိုးတွေ။ အဲ့ဒီ ‘ငါ’ တွေ ပြုတ်ဖို့ အရေးကြီးတယ်။

ဆုအိန္ဒြေဦး