News

POST TYPE

INTERVIEW

ကျွန်တော်မှားတယ်လို့ ပြောကြတယ်၊ မှားတဲ့ဘက်က နေကြည့်ပေးပါလို့ ရင်ဖွင့်ခဲ့တဲ့ ကောင်းကောင်း
18-May-2017 tagged as အနုပညာ

ရန်ကုန်၊ မေ ၁၈

တေးသံရှင် အိုင်ရင်းဇင်မာမြင့်က ချစ်သူနဲ့ လမ်းခွဲခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်တွေကို ချစ်သူဟောင်းဖြစ်တဲ့ ကောင်းကောင်းကလည်း မေလ ၁၇ ရက်နေ့က လူမှုကွန်ရက် Facebook မှာ ပြန်လည်တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

“ဘယ်အရာမဆို ကိုယ့်ရဲ့ ရှုထောင့်ကနေပဲ ကိုယ်ကြည့်ပြီး မဆုံးဖြတ်ပါနဲ့လို့ ပြောချင်ပါတယ်။ ကျွန်တော့်ရဲ့ ရှုထောင့်ကိုလည်း ကြည့်စေချင်ပါတယ်။ အားလုံးက ကျွန်တော်မှားတယ်လို့ ပြောကြတယ်။ အဲ့ဒီမှားတဲ့ဘက်က ခဏလောက်လေး ဝင်ခံစားကြည့်ပေးပါလို့ ပြောချင်တယ်။ အခု ကျွန်တော် တော်တော်အပြောခံနေရတယ်။ ပြောကြပါ ပြောလို့ရပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ အမှန်တရားတစ်ခုကို သိပြီးတော့မှ ပြောရင် ပိုကောင်းပါလိမ့်မယ်” လို့ ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

တေးသံရှင် အိုင်ရင်းဇင်မာမြင့်နဲ့ ချစ်သူဖြစ်ပြီးတဲ့ အချိန်မှာ ရှိုးတွေဆိုခွင့် မရသလို၊ မိန်းကလေး အဆိုတော်တွေအတွက် သီချင်းရေးပေးမယ် ဆိုရင်လည်း ကန်ကွက်ခံခဲ့ရကြောင်း၊ အနုပညာ အလုပ်လုပ်တာ ဆယ်နှစ်နီးပါး ရှိလာပေမယ့် ရေရေရာရာ ဖြစ်မလာတာက အတားအဆီးတွေကြောင့်လို့ မြင်လာခဲ့ကြောင်း တေးသံရှင် ကောင်းကောင်းက ပြောကြားပါတယ်။

“ကျွန်တော်က ကရင်လူမျိုးတစ်ယောက်ပါ။ ကရင်ပွဲတွေ သွားမယ်ဆိုလည်း တားဆီးခံရတယ်။ အမေရိကမှာဆို ကရင်လူမျိုးတွေလုပ်တဲ့ ပွဲတွေမှာ ဆိုဖို့ ခဏခဏ အဖိတ်ခေါ်ခံရတယ်။ ဒါပေမဲ့ ပိတ်ပင်ခံရတယ်။ ခရစ်ယာန် ဘာသာရေးပွဲဆိုမယ် ဆိုရင်လည်း ဟိုနေရာသွားမယ်ဆိုရင် ဝေးလို့၊ ဒီနေရာသွားမယ်ဆိုရင် ဘယ်သူပါလို့ဆိုပြီး ပြောတယ်။ ဘဝမှာ ကျွန်တော်တန်ဖိုးအထားဆုံး ဖြစ်တဲ့ မိဘတွေဆီ ပြန်တာတောင် အပြောခံရတယ်။ မိဘတွေ အိမ်မှာ ထမင်းတောင် ပြန်စားခွင့်မရတဲ့ ဘဝပါ” လို့ ၎င်းက ဆိုပါတယ်။

ရှေ့ဆက်မယ့်ဘဝအတွက် ဒီလူတစ်ယောက်ကို ရွေးချယ်မယ်ဆိုရင် လူမျိုးရေးလည်း ပစ်ပယ်ရမှာ ဖြစ်သလို၊ မိသားစုတစ်ခုလုံးကိုတောင် ပစ်ပယ်ရမှာမျိုး ဖြစ်လာကြောင်း၊ ပရိသတ်တွေရဲ့ ရှုထောင့်ကကြည့်မယ်ဆိုရင် ၎င်းရဲ့လုပ်ရပ်က မှားကောင်းမှားနိုင်ပေမယ့် ၎င်းရဲ့ ရှုထောင့်ဘက်ကနေလည်း ပရိသတ်တွေကို မြင်စေချင်ကြောင်း ကောင်းကောင်းက ဆိုပါတယ်။

“ကျွန်တော်အခု ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်။ အချိန်တန်ရင် Public ကို ချပြမှာပါ။ သူဟာ ကျွန်တော့်အတွက်တင် မကဘူး။ ကျွန်တော့် မိဘအပေါ်မှာလည်း အရမ်းကောင်းပါတယ်။ ကျွန်တော် ဘယ်သွားသွား ပံ့ပိုးပေးတယ်။ ကျွန်တော် သူ့ကိုအရမ်းချစ်တယ်။ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ Facebook မှာ ပြောနေကြတဲ့ ကိုယ်ဝန်ကိစ္စ ဆိုတာလည်း မဟုတ်ပါဘူး” လို့ ၎င်းက ပြောကြားပါတယ်။

ကောင်းကောင်းက တခြားမိန်းကလေးတစ်ဦးနဲ့ ယူသွားပြီဖြစ်ပြီး၊ ၎င်းနဲ့ လမ်းခွဲခဲ့တာကတော့ ခြောက်လခန့်ရှိပြီ ဖြစ်ကြောင်း၊ ယင်းမိန်းကလေးနဲ့ ကောင်းကောင်းရဲ့ ပတ်သက်မှုကိုလည်း ယခင်က မရိပ်မိခဲ့ဘဲ ခိုးပြေးသွားတော့မှသာ သိရှိခဲ့တာ ဖြစ်ကြောင်း၊ မိန်းကလေးမှာ ကိုယ်ဝန်လွယ်ထားရတဲ့အတွက် ကောင်းကောင်းက လက်ထပ်ယူခဲ့တာ ဖြစ်ကြောင်း တေးသံရှင် အိုင်ရင်းဇင်မာမြင့် မေလ ၁၆ ရက်နေ့ညပိုင်းက သူ့ရဲ့ Facebook Page မှာ Live လွှင့်ပြီး ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ 

 “အနာဂတ်အတွက် အကောင်းဆုံး ကြိုးစားနေရင်းနဲ့ ကျွန်မသူ့အပေါ်မှာ သစ္စာရှိခဲ့ပါတယ်။ အများကြီးလည်း မျှော်လင့်ခဲ့ပါတယ်။ သူ့ကိုရပ်တန်းက ရပ်ဖို့တောင်းပန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သူကျွန်မအပေါ် သစ္စာဖောက်သွားခဲ့တယ်။ ဒီနေ့မျက်ရည်ကျတာ နောက်ဆုံးပါပဲ။ ကျွန်မ မျက်ရည်ကျနေပေမယ့် သူမကျပါစေနဲ့လို့ ဆုတောင်းပါတယ်” လို့ ၎င်းက ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Kaung Kaung (Facebook)