News

POST TYPE

INTERVIEW

ဘူမိဗေဒနှင့် သဘာဝ ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးစိုးအောင်နှင့် တွေ့ဆုံခြင်း (၂)
13-May-2017 tagged as သဘာဝ

ဘူမိဗေဒနှင့် သဘာဝ ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးစိုးအောင်နှင့် တွေ့ဆုံခြင်း (၁)


Voice - နောက်တစ်ခုက လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီပေါ့။သတ္တုသယံဇာတ ထိန်းသိမ်းရေး ကော်မတီလည်း ပါတယ်၊ အဲဒီကော်မတီနဲ့ရော ပူးပေါင်းဖို့ စဉ်းစားထားတာများ ရှိလား။

USA - တိုင်းပြည်ကို ကျေးဇူးပြုဖို့ တိုင်းပြည်ကို အကျိုးပြုဖို့ ကျွန်တော်ပြန်ပြီးလာတာ၊ ကျွန်တော့် ကိုယ်ကျိုးလုံးဝ မရှိဘူး။ အမေရိကန်မှာတောင် ကျွန်တော့်ကုမ္ပဏီ ရှိတယ်။ အိမ်ပစ်ပြီး ဒီကိုလာတာ၊  ကျွန်တော့် မိန်းမ၊ သားသမီးမြေးတွေ ရှိတယ်။ ပစ်ပြီး ကျွန်တော် ဒီကိုလာတာ။ ဒါလေးခုနက ကျွန်တော်ပြောတယ်၊ အခုလည်း ပြောမယ်။ ကျွန်တော့်မိန်းမက ကင်ဆာရောဂါ ဖြစ်နေတယ်၊ အူဖြတ်ထားရတယ်။ အဲဒီမိန်းမကိုပစ်ပြီး တိုင်းပြည်ကို ချစ်လွန်းလို့။ တို့ပြည်က ကျွေးထားတယ်၊ မွေးထားတယ်၊ ပညာသင်ပေးထားတယ်၊ ဒီတိုင်းပြည်ကို ဘယ်လိုအကျိုးပြုရမလဲ ဆိုတဲ့  အလုပ်တစ်ခုနဲ့ ကျွန်တော်လာတာ။ အဲဒီအလုပ်ကို ကျွန်တော် အခုကြိုးစားနေတာ။  ဒါပေမဲ့ ကျွန်တော်  ပြန်တော့ ပြန်ရဦးမှာပေါ့၊ ပြန်ပြီးရင် ကျွန်တော် ပြန်လာဦးမှာ။ ဒီတစ်ခါ မိန်းမပါ ခေါ်လာမှာ၊။ ကျွန်တော် မသေမချင်း ဒီတိုင်းပြည်ကို ပြုစုသွားမယ်၊ ကျေးဇူးရှိတယ်ဗျ၊ သိပ်ကျေးဇူးရှိတာ။ ကျွန်တော်တို့ တက္ကသိုလ်တက်တုန်းက ကျောင်းလခ ၁၅ ကျပ်ရှိတာ။ ကျန်တာအကုန်လုံး အစိုးရက စိုက်ပေးတာ။ ဘယ်လောက်ကောင်းတုန်း။ အဲဒီလောက်ကောင်းတာ၊ ကောင်းလိုက်တဲ့ သယံဇာတတွေ၊ သစ်တောတွေ။ စိမ်းလန်းစိုပြေပြီးတော့။ တစ်ခါထဲ အဆင်ပြေတဲ့နိုင်ငံကြီး ပျက်သွားတာ ကျွန်တော် ပြန်ပြင်ပေးမှာပေါ့ဗျ၊ ဆရာပြန်ပြင်ပေးလို့ မရဘူးလား၊ ရတာပေါ့ဗျာ။ ဒီအစိုးရမှ ဒီအစိုးရ မဟုတ်ဘူး၊ တက်လာတဲ့အစိုးရ ကျွန်တော့်အစိုးရပဲ။ ကျွန်တော်တွဲလုပ်မှာ။ တစ်ခုတော့ရှိတယ် ကျွန်တော်က မှားရင်မှားတယ် ပြောတတ်တယ်၊ မှန်ရင်မှန်တယ် ပြောမယ်။ ဆရာခုနက ပြောတယ် လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၊ ဒီလွှတ်တော်က အဖွဲ့တွေရှိတယ်၊ ကျွန်တော် သိပ်တွေ့ချင်တာပေါ့၊ တွေ့ဖို့လည်း ကျွန်တော် ကြိုးစားတယ်၊ သူတို့လည်း တွေ့မယ်လို့ စပြောတာလေ။ ကျွန်တော် သွားတွေ့မှာ။ သူတို့ကိုလည်း ဒီလိုပဲ ကျွန်တော်ပြောမယ်။ ဆရာတို့ ကျွန်တော်ကတော့  ဒီလိုတော့ရှိတယ်၊ ကျွန်တော်တို့ဆီမှာ ဘာတွေလိုနေတယ်၊ ဘာတွေတော့ရှိတယ်၊ ခင်ဗျား ဘာများလုပ်မလဲလို့မေးရင် မြန်မာနိုင်ငံမှာ ပညာရှင်လေးတွေ ရှိတယ်၊ လက်တွေ့ သူတို့ကို ခြုံငုံပြီး ကျွန်တော်က လုပ်ပေးသွားမှာ။ နိုင်ငံခြားပညာရှင် မလိုဘူးဆရာ။ ကျွန်တော်တို့ နိုင်ငံမှာ ငတ်နေတဲ့ ပညာရှင်တွေ တစ်ပုံကြီး။ မြန်မာစကား ပြောတတ်တယ်၊ ကျွန်တော်လည်း ပြောတတ်တယ်၊ ဘာသာစကား လွဲစရာ မရှိဘူး၊ တကယ်သင်မှာလည်း Apply။ ဆရာ ကျွန်တော်ပြောရဲတယ် ကျွန်တော်တို့နိုင်ငံက ကလေးတွေ တတ်သွားပြီး ပျော်သွားမှာ။

Voice - နေပြည်တော်ကတော့ ပြောစရာ မရှိဘူးပေါ့လေ။ ရန်ကုန်၊ မန္တလေးတို့မှာ လူနေမှုစနစ်မှာ  ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဘယ်လိုမြင်လဲ ဆရာ။ 

USA -  ရန်ကုန်၊ မန္တလေးက ပျက်သွားပြီ၊ ခင်ဗျားကို ရှင်းရှင်းလင်းပြောရရင်၊ ဝန်းကျင်ဒေသဆိုင်ရာနဲ့  ပြောရရင် နှစ်ခုစလုံးက ပျက်သွားပြီ၊ နှစ်ပေါင်းမြောက်မြားစွာ မပြင်ခဲ့လို့ ပျက်သွားပြီ။ ခင်ဗျား ပြင်လို့ရမလား ဆိုတော့ ရသလောက်တော့ ပြင်ပေးမယ်။ ခင်ဗျားတို့ကတော့ ဒုက္ခလှလှနဲ့ သွားရတော့မှာပဲ မရတော့ဘူး၊ ပျက်သွားပြီ။ ရိုးရိုးတန်းတန်း ပျက်တာမဟုတ်ဘူး၊  အဲဒီလောက်ကို ပျက်တာ။ ရန်ကုန်၊ မန္တလေး ပျက်တာကို ပြင်ပေးဖို့ တော်တော်ခဲယဉ်းတယ်။ မနေ့က ဟာတွေ စလုပ်မယ်၊ ပြီးတော့ ဒီနေ့ဟာတွေလုပ်မယ်၊ ပြီးမှပဲ ကျွန်တော့်အလုပ်တွေ စလုပ်ရမယ်။ သူတို့က  သုံးဆင့်လေးဆင့် သွားရတယ်။ နေပြည်တော်ရော ဟုတ်ပြီ၊ နေပြည်တော်က ဆယ်နှစ်ပဲ ရှိသေးတာပဲ။ သိပ်ကောင်းတာပေါ့။ နေပြည်တော်ကြီးမှာ လူတွေ မရှိတုန်းက သိပ်ကောင်းတာပေါ့။ နေပြည်တော် ရောက်လာတဲ့ သူတွေက ဘယ်ကရောက်လာသလဲ။ ရန်ကုန်က ရောက်လာတာ၊ မန္တလေးက ပြောင်းလာတယ်။ အဲ့ဒီလူတွေက ဟိုးနှစ် ၇၀ လောက်က Mind-set တွေ မပြောင်းသေးဘူး။ အဲဒီလို မပြောင်းတဲ့အတွက်ကြောင့် သူတို့ကို ကျွန်တော်ဘာမှ လုပ်လို့မရဘူး။ ကျွန်တော်လိုချင်တာက အဲဒါပဲ။ Mind-set မပြောင်းဘူးဗျ။ ဘယ်သူစဖျက်သလဲ နေပြည်တော်ကို သူတို့ပဲ စဖျက်တာပဲ။ အခုစဖျက်နေပြီ။ နေပြည်တော်ကြီး ပျက်တော့မယ်။ ကျုးကျော်အိမ်လေးတွေ များနေပြီ၊ ဓာတ်ဆီပုလင်းလေးတွေလမ်းမှာ ဆရာလည်း တွေ့မယ်။ အဲဒီနောက်မှာ အဖီလေးထိုးမယ်၊ ပြီးရင် အိပ်တော့မယ်၊ ပြီးရင် ငါတို့နေရာလို့ ပြောတော့မယ်။ ကျူးကျော်တွေ ဝင်နေပြီ။ ပြောပြီးပြီ ကျွန်တော် သူတို့ကို ခင်ဗျားတို့ သွားဖျက်တော့။ ကျွန်တော် ပြောနေရင်းကနေ တစ်ဆိုင်ကနေ နှစ်ဆိုင်ဖြစ်သွားပြီ အဲဒီလိုပျက်တာ မဖြစ်စေနဲ့။ လမ်းမကြီးတွေမှ လှလို့။ ဟိုးအထဲကြည့်လိုက်တော့ ချုံတွေနဲ့၊ မြက်တွေနဲ့။ မဟုတ်သေးဘူးလေ။ ကျွန်တော်ပြောတာ City Plan ဆိုတာ ရှိရမယ်၊ နေပြည်တော် Plan ရှိရမယ်၊ နေပြည်တော်မှာ နှစ်ခုရှိရမယ်။ Development ရှိရမယ်၊ Planing ရှိရမယ်။ သူတို့ ကျွန်တော် ပြောတာ လက်ခံတယ်၊ ကျွန်တော် မြို့တော်စည်ပင်နဲ့လည်း တွေYပြီးပြီ၊၊ လုပ်တော့မလုပ်သေးဘူး၊ လက်တော့ လက်ခံတယ်။ ကျွန်တော်ဖြစ်ချင်တာက မနေ့ကတည်းက အဲဒီလူတွေကို။ မနေ့ကတည်းက ဖယ်ပစ်ရမှာ။ ဆရာ ခုနက ပြောသလိုပဲ ရန်ကုန်၊ မန္တလေးကို ပြင်ရင်တော့ ကျွန်တော်အချက်ပေါင်း သုံးလေးချက်၊ အဆင့်သုံးလေးဆင့် ကျွန်တော်သွားရမယ်။ ဘယ်လောက်ကြာမယ် မသိဘူး၊ ၁၅ နှစ်၊ အနှစ် ၂၀ လောက်ကြာမယ်။ ခုချက်ခြင်းတော့ မရဘူး။ သူတို့လက်ခံတယ်။ အဲဒီတော့ လက်ခံတဲ့သူတွေ ရှိသလို လက်မခံတဲ့သူတွေ ရှိတယ်။ ဒီအလုပ်ကို လက်ခံနေလို့ မဖြစ်ဘူး၊ လုပ်မှဖြစ်မယ်။ မြို့တော်ဆိုရင် မြို့တော်အင်္ဂါရပ်နဲ့ ညီအောင် လုပ်ရမယ်။ ဆရာပြောသလိုပဲ ဒီပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေအောင် ကျွန်တော် လုပ်ရမှလေ။ ဝါးတွေခုတ်နေတာ ကျွန်တော်တွေ့တာပဲ။ နည်းနည်းနောနော မဟုတ်ဘူး၊ အများကြီး ခုတ်နေတာ ဒီပတ်ဝန်းကျင်မှာ။ ခုတ်ပြီးရင် ပြန်စိုက်ဦးလေ။ ဝါးမြစ်ကလေးတွေ ထားခဲ့ဦးလေ။ အဲ့ဒီ Planning ထည့်ပေးရမယ်။

Voice - ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး ဆရာ။

USA - ဖြည့်စွက်ပြောချင်တာကတော့ လုပ်နေတာတွေကို မရပ်ပါနဲ့ ဆက်လုပ်ပါ။ သက်တမ်းမကုန်ခင်မှာ ရအောင်ထုတ်ပေးပါ၊ ဖြစ်အောင်ထုတ်ပေးပါ။ အဲဒီမှာရှိတဲ့ အလုပ်သမားတွေ ရပ်မသွားပါစေနဲ့။ ရပ်သွားတဲ့အခါမှာ ဆန္ဒတွေ ပြကြလိမ့်မယ်။ အဲဒီတော့ မရပ်ပါနဲ့၊ သူတို့ယန္တရားကြီး လည်ပါစေ။ အဲဒီယန္တရားက  အလုပ်ရှင်တွေကို ဥပဒေနဲ့ ကောင်းအောင်လုပ်ပါ။  ရပ်လိုက်ရင် အပြစ်ပေးပါ။ ကောင်းတာဆိုရင်တော့ ဆက်ပြီးသုံးပေါ့၊ မကောင်းတာ ဆိုရင်တော့ ကောင်းအောင် ဘယ်လိုကုစားမလဲ စဉ်းစား။ အဲဒါမှ မရရင်တော့ ပြစ်ဒဏ်ပေး ဒီလူတွေကို။ အလုပ်သမားကို မပေးပါနဲ့၊ အလုပ်ရှင်ကိုပေးပါ။ အဲဒီလိုလုပ်ရင်တော့ ပြန်ကောင်းလာမလား ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူမှာ ပြောသွားတဲ့စကားတစ်ခွန်း ရှိတယ်ဗျ။ မြန်မာပြည်ကို နှစ် ၂၀ အတွင်း စင်ကာပူလို ဖြစ်အောင် လုပ်မယ်ဆိုတာ။ အဲဒီလိုတော့ မဖြစ်ဘူးဗျ။ တစ်ဖက်မှာ လုပ်နိုင်တဲ့အရည်အချင်း ရှိရင်တော့ ဒါဟာ လုပ်နိုင်တယ်လို့ ကျွန်တော်ပြောမှာပေါ့။ 

အောင်ထက်