News

POST TYPE

INTERVIEW

ရဲမှူးချုပ်မြဝင်းနှင့် တွေ့ဆုံခြင်း
12-May-2017 tagged as ရဲတပ်ဖွဲ့

ရန်ကုန်မြို့တော်တွင် အများပြည်သူ အထိတ်တလန့် ဖြစ်စေမည့် လူစုလူဝေးနှင့် လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းနေသည့် အမှတ် (၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြဝင်းနှင့် The Voice တွေ့ဆုံ၍ ရန်ကုန်ုမြို့တော်တွင် ပဋိပက္ခဖြစ်စေရန် လူစုလူဝေးနှင့် လှုပ်ရှားမှုများကို တားဆီးမှု အခြေအနေနှင့် ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားမှုများကို မေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice ။  ။ လက်ရှိ လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ ထပ်မံမဖြစ်အောင် ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုများ ပြင်ဆင်ထားလဲဆိုတာ ပထမဆုံး သိပါရစေ။

ရဲမှူးချုပ်မြဝင်း ။  ။ လောလောဆယ်အပိုင်းနှစ်ပိုင်းနဲ့ ဆောင်ရွက်နေတယ်၊ အုပ်ချုပ်ရေးနဲ့ နယ်မြေရဲက ဆောင်ရွက်နေတဲ့ အပိုင်းတစ်ပိုင်း ရှိတယ်၊ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲတွေက ဆောင်ရွက်နေတဲ့ အပိုင်းတစ်ပိုင်း ရှိတယ်၊ ၉ ရက်နေ့ည မင်္ဂလာတောင်ညွန့် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အမှုဖွင့် အရေးယူဆောင်ရွက်တာတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အသီးသီးနဲ့ သက်ဆိုင်ရာနယ်မြေရဲက ဆောင်ရွက်သွားလိမ့်မယ်။ 

Voice ။  ။ သာကေတ၊  မင်္ဂလာတောင်ညွန့် ဖြစ်စဉ်တွေကြောင့် ပြည်သူတွေ ထိတ်လန့်ခဲ့ရတယ်၊ အများပြည်သူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အနေနဲ့ လတ်တလော လုံခြုံရေး ဘယ်လိုများ ဆောင်ရွက်ထားပါသလဲ ခင်ဗျာ။

ရဲမှူးချုပ်မြဝင်း ။   ။ ရန်ကုန်မြို့ လုံခြုံရေးအတွက် ပုံမှန်အားဖြင့် လုံခြုံရေးတပ်ဖွဲ့ခွဲတွေက ညစဉ် ကားခြောက်စီးနဲ့ လုံခြုံရေး ကင်းလှည့်နေတာ ရှိတယ်။ တောင်ညွန့်ဖြစ်စဉ်ဆို သတင်းရတာနဲ့ လုံခြုံရေးတပ်ဖွဲ့ခွဲတွေ ည ၁၂ နာရီမှာ အရောက်သွားခဲ့တယ်၊ ကြီးမားကျယ်ပြန့်မှု မဖြစ်သွားရအောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ရတယ်၊ ဒီလိုပဲပေါ့၊ ဒီနေ့ဆိုလည်း ညနေ ၄ နာရီကနေ သန်းခေါင်ကျော်ချိန်အထိ အစ္စလာမ် ဘာသာဝင်တွေက သေဆုံးသွားသူတွေ အတွက် ဝတ်ပြုဆုတောင်းပွဲတွေ ရှိတယ်၊ ရေဝေး၊ သန်လျင်၊ တာမွေ၊ ကန်တော်လေး သုသာန်တွေမှာ ဝတ်ပြုဆုတောင်းကြမယ်၊ အရင်ဖြစ်စဉ်တွေမျိုး ထပ်မံမဖြစ်ရအောင် နယ်မြေအလိုက် လုံခြုံရေး ဆောင်ရွက်ထားပါတယ်။ ဒါ့အပြင် လူစုလူဝေး ဖြစ်လာနိုင်မယ့် နေရာမျိုးတွေမှာပါ လုံခြုံရေးတွေ ဆောင်ရွက်ထားပါတယ်။

Voice ။  ။ လက်ရှိ လူတစ်စုက သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ ဝင်စွက်ဖက်နေတာဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ လွှတ်တော်အမတ်အချို့နဲ့ ပြည်သူတွေက ဝေဖန်သုံးသပ်လာကြတယ်၊ ဒီကိစ္စအပေါ်မှာ ရဲတပ်ဖွဲ့အနေနဲ့ရော ဘယ်လိုများ ဆောင်ရွက်ထားပါသလဲ ခင်ဗျား။

ရဲမှူးချုပ်မြဝင်း ။   ။ အဲဒါကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားပါလိမ့်မယ်၊ ဥပဒေအရ ချိုးဖောက်တဲ့သူကို ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာပါ၊ လက်ရှိ မင်္ဂလာတောင်ညွန့်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူဘက်က အမှုဖွင့်အရေးယူဖို့ သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးဘက်က ဆောင်ရွက်လျက် ရှိပါတယ်၊ ဘယ်လိုအရေးယူ ဆောင်ရွက်ထားလဲ ဆိုတာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်သွားပါလိမ့်မယ်၊ လုံခြုံရေးတပ်ဖွဲ့ခွဲရဲ့ အဓိက တာဝန်က လူစုလူဝေးကို ဖြေရှင်းရတဲ့ကိစ္စပဲ ဆောင်ရွက်ရတာပါ။

Voice ။  ။ ပြဿနာတစ်ခု မဖြစ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လူတစ်စုက ဖန်တီးနေတဲ့ပုံလို့ ပြည်သူတွေက ထင်မြင်နေကြတယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဒီလူတစ်စု အပေါ်မှာရော ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးနေတာမျိုးရော ဆောင်ရွက်ထားတာ ရှိပါသလား ခင်ဗျား။

ရဲမှူးချုပ်မြဝင်း ။   ။ ဒီကိစ္စ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မကြာမီ သတင်းထုတ်ပြန်ပေးသွားမှာပါ၊ 

Voice ။   ။  အခုလို ဖြေကြားပေးတာ ကျေးဇူးပါ။

ခိုင်စိုးလင်း