POST TYPE

INTERVIEW

IMF အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးနှင့် တွေ့ဆုံခြင်း
07-May-2017 tagged as

မြန်မာနိုင်ငံ၏ ငွေကြေးမူဝါဒ၊ ဗဟိုဘဏ်၏ လုပ်ဆောင်ချက်များနှင့် မြန်မာ့စီးပွားရေး တည်ငြိမ်ဖွံ့ဖြိုးမှု ရှိစေရေးအတွက် နည်းပညာ အကူအညီများ ပူးပေါင်း ဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Mr. Markus Rodlauer နှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါသည်။

Voice : အရင်ဦးဆုံး မြန်မာနိုင်ငံမှာ IMF က ဘယ်လို နယ်ပယ်တွေမှာ ပူးပေါင်း လုပ်ဆောင်နေပြီး ဘယ်အချက်တွေကို ဦးစားပေး လုပ်ဆောင်နေပါသလဲ။
IMF : လက်ရှိမှာ IMF  က မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ ကိစ္စရပ် အတော်များများကို အနီးကပ် ပူးပေါင်း လုပ်ဆောင်နေပါတယ်။ ငွေကြေး မူဝါဒလုပ်ငန်းတွေ၊ နိုင်ငံခြား ငွေလဲလှယ်မှု စီမံခန့်ခွဲရေး ကိစ္စတွေနဲ့ ငွေရေးကြေးရေးကဏ္ဍ စည်းမျဉ်းစည်းကမ်းနဲ့ ကြီးကြပ်ရေးကိစ္စတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ပူးပေါင်း လုပ်ဆောင်တဲ့အထဲမှာ စွမ်းဆောင်ရည် မြှင့်တင်ရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်တွေ အများကြီး လုပ်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ပေးနေတဲ့ နည်းပညာ အကူအညီက အာရှနိုင်ငံတွေ အားလုံးထဲမှာ အများဆုံးပါပဲ။ တစ်ကမ္ဘာလုံးမှာတောင် အများဆုံး ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ IMF ကြားမှာ မူဝါဒရေးရာ ဆွေးနွေးမှုတွေ အမြဲလိုလို ရှိပါတယ်။ မြန်မာအစိုးရ ဦးစားပေး လုပ်ဆောင်နေတဲ့ မက်ခရို စီးပွားရေးဆိုင်ရာ မူဝါဒဖွံ့ဖြိုးရေး စီမံချက်၊ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု၊ ဘဏ်လုပ်ငန်း ကြီးကြပ်ရေးနဲ့ စည်းမျဉ်းစည်းကမ်းတွေ အားကောင်းခိုင်မာမှုနဲ့ စာရင်းအင်းဆိုင်ရာ ဆောင်ရွက်ချက်တွေ အဆင့်မြှင့် တင်မှုဆိုတာတွေကို ချိတ်ဆက်ပြီး နည်းပညာအကူ အညီပေးနေပါတယ်။ ဒီနှစ်တွေ အတွင်းမှာ မြန်မာနိုင်ငံက အရေးကြီးတဲ့ ကိစ္စရပ် အတော်များများ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု စလုပ်ခဲ့တဲ့ အချိန်ကစပြီး ပြောင်းလဲလာမှုတွေက တကယ်ကို အံ့အားသင့်စရာ ကောင်းပါတယ်။ ဒီအထဲမှာ ငွေလဲနှုန်းကို ထိန်းချုပ်နှုန်းရှင်အဖြစ် ၂၀၁၂ ခုနှစ်မှာ ပြောင်းလဲနိုင်ခဲ့တာ၊ ဗဟိုဘဏ်ကို ဘဏ္ဍာရေး ဝန်ကြီးဌာနကနေ ခွဲထွက်ပြီး သီးခြား ရပ်တည်တဲ့ အဖွဲ့အစည်း ဖြစ်စေခဲ့တာတွေပေါ့။

အရေးတကြီး ဦးစားပေး လုပ်ဆောင်ရမယ့် အချက်တွေက ငွေလဲနှုန်း ပြောင်းလွယ်ပြင်လွယ် ဖြစ်ဖို့၊ (ဗဟိုဘဏ်ရဲ့ သတ်မှတ်ရည်ညွှန်းနှုန်း ပြောင်းလွယ် ပြင်လွယ်ရှိဖို့) ငွေကြေးမူဝါဒ တင်းကျပ်ဖို့၊ ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်က ဖြည့်ဆည်းနေရတာ ဖြည်းဖြည်းချင်း လျှော့ဖို့၊ အဓိကကျတဲ့ ဘဏ်စည်းမျဉ်းတွေ ထုတ်ပြန်ဖို့နဲ့ တခြား ဘဏ်လုပ်ငန်း ကြီးကြပ်မှု လုပ်ငန်းတွေ အားကောင်းခိုင်မာလာဖို့တွေပေါ့။ ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်က ဖြည့်ဆည်းပေးနေရတာကြောင့် တခြားနယ်ပယ်တွေမှာ ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒါကို လျှော့ချ၊ ရပ်တန့်ပစ်ဖို့က အင်မတန် အရေးကြီးတဲ့ ကိစ္စပဲ။ ဗဟိုဘဏ်က အစိုးရလိုငွေကို ဖြည့်ဆည်းပေးရပြီဆိုရင် ငွေစက္ကူက မဖြစ်မနေ ရိုက်ထုတ်နေရမယ်။ ငွေစက္ကူတွေ ဈေးကွက်ထဲ ပိုများလာရင် ကုန်ဈေးနှုန်းတွေ မြင့်မယ်၊ ပြီးတော့ ငွေကြေးဖောင်းပွမှု ဖြစ်မယ်။ နိုင်ငံခြားငွေလဲနှုန်းကိုလည်း ဖိအားတွေဖြစ်စေမယ် (ကျပ်ငွေတန်ဖိုး ကျဆင်းမယ်)။

Voice : မြန်မာနိုင်ငံမှာ တရားမဝင် နိုင်ငံခြားငွေ ကြေးဈေးကွက်က အတော်ကို ကြီးမားပြီး အဓိက အခန်းကဏ္ဍမှာ ရှိနေတယ်။ IMF နဲ့ ဗဟိုဘဏ်တို့ ပူးပေါင်းပြီး ငွေကြေးဈေးကွက် တည်ငြိမ်ရေးဆိုတာ မျိုးလုပ်နေပေမယ့် ခုချိန်ထိ ဒီဈေးကွက်ကြီးက ကျယ်ပြန့်နေတုန်းပဲ။ ဒီဈေးကွက် အားပျော့၊ ပျောက်ကွယ်သွားဖို့ ဘာလုပ်သင့်လဲ။
IMF : ဟုတ်ပါတယ်၊ မြန်မာနိုင်ငံမှာ တရားမဝင် နိုင်ငံခြား ငွေကြေးဈေးကွက်က အတော်ကို ကြီးမားပါတယ်။ အစိုးရအနေနဲ့ နိုင်ငံခြားငွေကြေး အထောက်အပံ့တွေ အပါအဝင် ထင်သာမြင်သာရှိတဲ့ လုပ်ဆောင်နိုင်မှုတွေ ရှိပေမယ့် ဒီတရားမဝင် ဈေးကွက်ကြီးက ဆက်ရှိနေတုန်းပဲ။ ဘာကြောင့် တရားမဝင် ဈေးကွက် တည်ရှိနေတာလဲ ဆိုတာမှာ အကြောင်းအချက်တွေ အများကြီး ရှိနိုင်ပါတယ်။ တရားမဝင် ဈေးကွက်ထဲမှာ ရှိတဲ့သူတွေမှာ လုပ်ကိုင်နိုင်စွမ်းတွေ ရှိနေတယ်။ သူတို့မှာ ငွေလဲနှုန်းကို သတ်မှတ်နိုင်စွမ်း ရှိတယ်။ အဓိကက ဘယ်သူမဆို ဝယ်နိုင်တဲ့နှုန်းထားတစ်ခုကို သူတို့ သတ်မှတ်နိုင်တယ်။ တရားဝင်ဈေးကွက်မှာ ဒီနှုန်းထားနဲ့ ဝယ်လို့မရရင် လူတွေက တရားမဝင် ဈေးကွက်ကိုပဲ သွားမှာပဲ။ ဗဟိုဘဏ်က သတ်မှတ် ရည်ညွှန်းနှုန်းက ဈေးကွက်ရဲ့ ဝယ်လိုအား၊ ရောင်းလိုအားကို အပြည့်အဝ မထင်ဟပ်နိုင်ဘူး။ ဒါကြောင့်လည်း ဗဟိုဘဏ်က ဒီဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ထင်ဟင်နိုင်မယ့် ငွေလဲနှုန်း လေလံစနစ်ကို ပြောင်းလဲကျင့်သုံးဖို့ ပြင်ဆင်နေပါတယ်။ ခင်ဗျားတို့မှာ တရားဝင် သတ်မှတ်ထားတဲ့ ငွေလဲနှုန်းတစ်ခု ရှိတယ်၊ ဒါပေမဲ့ အဲဒီငွေလဲနှုန်းနဲ့ လိုအပ်သလောက် ဝယ်လို့ မရ၊ ရောင်းလို့မရတဲ့ အနေအထားတစ်ခု ရှိနေတယ်။ ဒါက အတော်ဆိုးတဲ့ အခြေအနေပဲ။ ဒါဟာ အဖွဲ့အစည်းဆိုင်ရာ ပြဿနာတစ်ခုပဲ။ ဒါကို အမြန်ဆုံး ပြောင်းလဲဖို့ လိုကို လိုအပ်တယ်။ တရားမဝင် ဈေးကွက်က နိုင်ငံခြား ငွေဝယ်လိုအား၊ ရောင်းလိုအားနဲ့ ဈေးနှုန်းကို ပိုထင်ဟပ်နိုင်တာကြောင့် ဒီဈေးကွက်ထဲကို မကြာခဏ ဆိုသလို ကုန်သည်တွေက ဝင်ဝယ်နေကြတယ်၊ ဒါက ကုန်သည်တွေအတွက် ပိုကောင်းတဲ့ အနေအထား ဖြစ်နေတာကိုး။ ဒါကြောင့် တရားဝင် နိုင်ငံခြားငွေ ကြေးဈေးကွက် ဒီထက် ပိုဖွံ့ဖြိုးလာဖို့လိုတယ်။ ဈေးကွက်ရဲ့ အခြေအနေကို ဒီထက် ပိုထင်ဟပ်နိုင်ဖို့ လိုတယ်။ အဲဒီအဆင့် ရောက်ပြီဆိုရင် ဈေးကွက်ထဲမှာ တည်ငြိမ်တဲ့ တရားဝင် ဈေးနှုန်းတစ်ခုတည်းနဲ့ အပြည့်အဝ လည်ပတ်နိုင်ဖို့ဆီ ဦးတည်သွားပါပြီ။ ဒီလိုဖြစ်လာဖို့လည်း ကျွန်တော်တို့နဲ့ ဗဟိုဘဏ် အတူတကွ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း များစွာ စီးပွားရေးကို ပုံပျက်ပန်းပျက် ဖြစ်စေခဲ့တဲ့ ငွေလဲနှုန်း နှစ်မျိုး ရှိနေခဲ့တာရယ်၊ ဘဏ်တွေကို လူတွေ ယုံကြည်မှု နည်းပါးတာရယ်ကို ပြောင်းလဲနိုင်ဖို့ အချိန်တော့ ယူရမှာပေါ့။ ဟိုအရင်က မြန်မာ့ဘဏ်လုပ်ငန်းမှာ ပြဿနာတချို့ ရှိခဲ့တော့ ဘဏ်ကို လူတွေ ယုံကြည်လာဖို့ အချိန်တော့ ယူရမှာပေါ့၊ ဥပမာ - ၂၀ဝ၃ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ မြန်မာ့ဘဏ်လုပ်ငန်း အကျပ်အတည်းမျိုးပေါ့။ နောက်တစ်ခုက တရားမဝင် နိုင်ငံခြားငွေတွေနဲ့ ကုန်သွယ်မှု လုပ်နေတာတွေ၊ ဒါကလည်း ထည့်သွင်း ပြောရမယ့် အချက်တစ်ခုပဲ။ တရားမဝင် မှောင်ခိုလုပ်ဆောင်မှုတွေ ဥပမာ တရားမဝင် သတ္တု တူးဖော်တာမျိုးပေါ့။ အဲဒီကတစ်ဆင့် နိုင်ငံခြားငွေနဲ့ အရောင်းအဝယ် လုပ်နေကြတယ်။

Voice : ဗဟိုဘဏ်ရဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ အတွေ့အကြုံတွေက တိုင်းပြည်ရဲ့ ငွေကြေးမူဝါဒနဲ့ ငွေရေး ကြေးရေးကဏ္ဍ ဖွံ့ဖြိုးရေးကို ကိုင်တွယ်နိုင်စွမ်း ရှိတယ်လို့ ထင်ပါသလား။ ဒီနယ်ပယ်မှာ IMF အနေနဲ့ရော ဘာတွေ ကူညီပေးနေပါသလဲ။
IMF : ဗဟိုဘဏ် အနေနဲ့ ငွေကြေး မူဝါဒ မူဘောင်တွေနဲ့ ငွေရေးကြေးရေးကဏ္ဍ ခိုင်မာအားကောင်းဖို့ လုပ်ဆောင်ရာမှာ တိုးတက်မှုတွေ ရှိပါတယ်။ အထူးသဖြင့် သီးသန့် ရန်ပုံငွေ သတ်မှတ်ချက်၊ ပုဂ္ဂလိက ဘဏ်တွေရဲ့ အရန်ငွေ ပမာဏ လိုအပ်ချက်၊ ဘဏ်လုပ်ငန်း ကြီးကြပ်မှု ပိုအားကောင်းစေရေး၊ နောက်ပြီး ခေတ်မီငွေပေးချေမှုစနစ် CBM-Net ကို စတင် မိတ်ဆက်နိုင်ခဲ့တာ၊ ဒါတွေက တိုးတက်မှုတွေပါပဲ။ ဗဟိုဘဏ်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းက အချိန်နဲ့အမျှ တိုးတက်လာတယ် ဆိုပေမယ့် လုပ်ကိုင်နိုင်စွမ်းရည် ဖွံ့ဖြိုးရေးဆိုတာက ရေရှည် လုပ်ဆောင်ရတဲ့ လုပ်ငန်းတစ်ခုပဲ။ အစောပိုင်းက ပြောခဲ့သလို စွမ်းဆောင်ရည် ဖွံ့ဖြိုးရေးလုပ်ငန်းကို ကျွန်တော်တို့ IMF နဲ့ မြန်မာနိုင်ငံနဲ့ အများကြီး ပူးပေါင်း လုပ်ဆောင်နေတယ်။ အထူးသဖြင့် ဗဟိုဘဏ်နဲ့ အများဆုံး တွဲလုပ်ဖြစ်တယ်။ ဗဟိုဘဏ် အနေနဲ့လည်း ဒီထက်ပို လုပ်ကိုင်နိုင်စွမ်းရည် တိုးတက်လာမယ်လို့ ကျွန်တော်တို့ တကယ်ကို မျှော်လင့်ပါတယ်။ ဗဟိုဘဏ်က အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်ရတဲ့ အပိုင်းတွေရှိတော့ အဲဒီမှာ ဗဟိုဘဏ်ရဲ့ ထိရောက် အကျိုးရှိမှုပိုင်းမှာ ပြဿနာတချို့ ရှိနေတယ်။ ရှေ့မှာပြောခဲ့သလို ဗဟိုဘဏ်က အစိုးရကို ငွေချေးနေရတယ်။ ဗဟိုဘဏ်သည် ဈေးကွက်အတွင်း ငွေကြေး ပမာဏနဲ့ ငွေဖောင်းပွမှုကို လိုအပ်သလို ထိန်းချုပ် ကိုင်တွယ်ရတယ်။ ဒါက ငွေကြေး မူဝါဒရဲ့ အဓိက ရည်မှန်းချက်ပဲ။ ဒီတော့ အစိုးရအနေနဲ့ ဗဟိုဘဏ်ကနေ ငွေကြေး ထောက်ပံ့မှုယူနေရာက ဈေးကွက်ကနေ ငွေကြေးထောက်ပံ့မှု ယူတဲ့ပုံစံကို ပြောင်းဖို့ လိုအပ်တယ်။ ဆိုလိုတာက ဗဟိုဘဏ်ကနေ ငွေချေးတာကိုရပ်ပြီး ဈေးကွက်မှာ အစိုးရငွေတိုက် စာချုပ်နဲ့ ငွေချေးစာချုပ်တွေကို ဈေးကွက်ပေါက် အတိုးနှုန်းနဲ့ ထုတ်ရောင်းဖို့ လုပ်ရမယ်။

Voice : မြန်မာ့ဘဏ်လုပ်ငန်း ကဏ္ဍနဲ့ ငွေကြေး မူဝါဒ တည်ငြိမ်ဖို့၊ ဖွံ့ဖြိုးလာဖို့ ဗဟိုဘဏ်အနေနဲ့ ဘယ်လို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့သင့်သလဲ။
IMF : မြန်မာ့စီးပွားရေး ဖွံ့ဖြိုးလာမှ နိုင်ငံသား အားလုံး အကျိုးခံစားခွင့် ရမယ့် အားလုံး ပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု ဆိုတာကို ရမှာပါ။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်တွေနဲ့ မူဝါဒပိုင်းဆိုင်ရာ အကြံပေး လုပ်ငန်းတွေကလည်း မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပဲ အဓိက ရည်ရွယ် လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့ ပတ်သက်လို့ ၂၀၁၆ ခုနှစ်မှာ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့တယ်။ ဒီဥပဒေ အကောင်အထည် ဖော်ရာမှာ လိုအပ်မယ့် အဓိကကျတဲ့ စည်းမျဉ်းစည်းကမ်းတွေ ထပ်ထွက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘဏ်လုပ်ငန်းနဲ့ ပတ်သက်လို့ရှိရင် မတည်ရင်းနှီးငွေ လုံလောက်မှု အချိုး၊ ငွေဖြစ်လွယ်မှု အချိုး၊ အပြည့်အဝ ပြန်မဆပ်နိုင်တဲ့ ချေးငွေတွေအတွက် အစီအမံ၊ ချေးငွေပမာဏ ကန့်သတ်ချက်စတဲ့ အချက်တွေ ပါဝင်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ပါဝင်လာဖို့ လိုပါတယ်။ ဘဏ်လုပ်ငန်း ကြီးကြပ်ရေးနဲ့ စည်းမျဉ်း သတ်မှတ်ရေး ပိုကောင်းလာဖို့ လက်ရှိ ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းတွေကို တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြေလျှော့သွားရမယ်။ ဒီမှာတစ်ခု ရှိတာက ဒီလို မဖြေလျှော့ခင်မှာ ငွေကြေးမူဝါဒ လုပ်ငန်းဆောင်ရွက်ချက်တွေ ပိုအားကောင်း ခိုင်မာလာအောင် အရင်လုပ်ဖို့ လိုတယ်။ ဥပမာအားဖြင့် ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖို့ ထိရောက်တဲ့ ငွေကြေးမူဝါဒဖြစ်ဖို့ အတိုးနှုန်း ဖြေလျှော့တာ (အပ်ငွေ အတိုးအနှုန်းနဲ့ ချေးငွေ အတိုးနှုန်းကို ဈေးကွက်ကပဲ သတ်မှတ်တာ) တွေလုပ်ဖို့ လိုအပ်တယ်။ ဒီလိုမျိုး တစ်ဆင့်ချင်းစီ တဖြည်းဖြည်း လုပ်ဆောင်သွားမယ်ဆိုရင် မက်ခရို စီးပွားရေးနဲ့ ငွေရေး ကြေးရေး ကဏ္ဍ တည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေမှာပါ။

Voice : မြန်မာ့စီးပွားရေး စွမ်းဆောင်ရည်၊ အနာဂတ် အလားအလာနဲ့ ဆုံးရှုံးနိုင်ခြေတွေကို IMF က ဘယ်လို သုံးသပ်ထားပါသလဲ။
IMF : မြန်မာ့စီးပွားရေး တိုးတက်မှုက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမနှစ်ဝက်မှာ နှေးကွေးခဲ့တယ်။ ယခင်ဘဏ္ဍာနှစ်က ၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပေမယ့် ဒီဘဏ္ဍာနှစ်မှာ ၆ ဒသမ ၃ ရာခိုင်နှုန်းပဲ တိုးတက်မှု ရှိခဲ့တယ်။ မူဝါဒပိုင်း လုပ်ဆောင်ချက် တစ်ခုကြောင့် ဆောက်လုပ်ရေးကဏ္ဍ နှေးကွေးသွားတယ်၊ စိုက်ပျိုးရေးကဏ္ဍ အားနည်းမှုနဲ့ မသေချာ မရေရာမှု ရှိနေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ ဝင်မလာတာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု နည်းပါးတာတွေက စီးပွားရေး နှေးကွေးမှုကို ဖြစ်စေခဲ့တယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ကမ္ဘာ့စီးပွားရေး အသိုက်အဝန်းနဲ့ မြန်မာနိုင်ငံ ပြန်လည် ပေါင်းစည်းနိုင်မယ့် အခြေအနေတွေကြောင့် စီးပွားရေး တိုးတက်မှု ၇ ဒသမ ၅ ရာခိုင်နှုန်း ဝန်းကျင်ရှိ လိမ့်မယ်လို့ မျှော်မှန်းရတယ်။ ဒီလို စီးပွားရေး တိုးတက်မှုတွေ ရှိနေပေမယ့် တစ်ဖက်မှာလည်း စွန့်စားရမှု၊ ဆုံးရှုံးနိုင်ခြေတွေ ရှိနေတယ်။ အထူးသဖြင့် မူဝါဒရေးရာ ရှင်းလင်း ပြတ်သားမှု၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်၊ ဘဏ်လုပ်ငန်း ကဏ္ဍမှာ လျော့တိ လျော့ရဲဖြစ်နေတဲ့ ကြီးကြပ်မှု၊ ဘဏ်တွေရဲ့ ငွေကြေး အရင်းအနှီး နည်းပါးမှုနဲ့ တခြားသော ပြည်ပ အခြေအနေတွေက မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် အဓိက ရင်ဆိုင်ရမယ့် အချက်တွေပဲ။

Voice : လက်ရှိအစိုးရအတွက် မူဝါဒပိုင်းဆိုင်ရာ အဓိက စိန်ခေါ်မှုတွေက ဘာတွေလဲ။
IMF : မျှခြေပျက်နေတဲ့၊ မတည်မငြိမ် ဖြစ်နေတဲ့ မက်ခရိုစီးပွားရေး တည်ငြိမ်လာအောင် လုပ်ဖို့ကို အဓိက ဦးစားပေး ဆောင်ရွက်သင့်တယ်။ ချက်ချင်း လုပ်ရမယ့် ကိစ္စတွေထဲမှာ ဘတ်ဂျက်လိုငွေ ပြတာကို အမြဲမပြတ် စောင့်ကြည့်နေဖို့၊ နိုင်ငံခြားငွေလဲနှုန်း ပျော့ပျောင်းမှုရှိဖို့၊ ငွေကြေးမူဝါဒ တင်းကျပ်ဖို့၊ ဗဟိုဘဏ်က ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းတာကို လျှော့ချဖို့နဲ့ တခြားသော ဘဏ်လုပ်ငန်း ကြီးကြပ်ရေးတွေ အားကောင်းလာအောင် လုပ်ဖို့၊ ဒါတွေ ချက်ချင်း လုပ်ဖို့လိုတယ်။

Voice : မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေ၊ ဒီဘဏ်တွေက နိုင်ငံပိုင်ဘဏ်တွေပေါ့။ ဒီဘဏ်တွေရဲ့ စွမ်းဆောင်ရည် မြင့်လာဖို့ ဒီဘဏ်တွေကို ပုဂ္ဂလိကပိုင် ပြောင်းတာမျိုးဖြစ်ဖြစ် ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲ။
IMF : အကြံပြုရမယ် ဆိုရင်တော့ အရင်ဆုံး ဒီနိုင်ငံပိုင်ဘဏ်တွေကို စာရင်း စစ်ဆေးတာ၊ လုပ်ငန်းရဲ့ အခြေအနေကို ဘာတွေ ပြုပြင်ပြောင်းလဲရမလဲဆိုတဲ့ လေ့လာ ဆန်းစစ်မှုတွေ လုပ်ရမယ်။ ဒီအတွက် ကမ္ဘာ့ဘဏ်က နည်းပညာ အကူအညီ ပေးနေပါတယ်။ ဒီလို လေ့လာဆန်းစစ်မှုတွေ လုပ်ပြီးပြီဆိုရင်တော့ ဘဏ်ရဲ့ ကြံ့ခိုင်မှု၊ ဘဏ်လုပ်ငန်း ဆောင်ရွက်မှုတွေကို ကြည့်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်ရမှာပေါ့။ အတိုဆုံး ပြောရရင်တော့ နိုင်ငံပိုင်ဘဏ်တွေရဲ့ အခြေအနေ ဘယ်လိုရှိနေသလဲဆိုတာ အဖြေရှာ၊ ပြီးရင် ရလဒ်ကိုကြည့်ပြီး တိုင်းပြည်မှာ လိုအပ်နေတဲ့ အခြေခံ အဆောက်အဦ လိုအပ်ချက် ဖြည့်ဆည်းရေးမှာ အသုံး ဝင်လာအောင် လုပ်ရမယ်။

စစ်ငြိမ်းသူ

  • TAGS