News

POST TYPE

INTERVIEW

သားငယ် မရိုက်ဖြစ်တဲ့ ‘မကြာမီမျှော်’ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မယ့် ဇင်ကြီး
05-May-2017
ရန်ကုန်၊ မေ ၄

Myanmar Idol  သီချင်းဆိုပြိုင်ပွဲ  Season 2 ရဲ့ Winner ဆုရှင် သားငယ် မရိုက်ဖြစ်တဲ့ ‘မကြာမီမျှော်’ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်သွားဖို့ ရှိကြောင်း တေးသံရှင် ဇင်ကြီး (Myanmar Idol Season 2) က The Voice  ကို ပြောကြားပါတယ်။ 

“Myanmar Idol က တာဝန်ရှိသူတွေက တစ်ဆင့် ရိုက်ကူးပေးဖို့ ကမ်းလှမ်းလာခဲ့တာပါ။ ဒီကားက ပထမတုန်းက သားငယ်နဲ့ ရိုက်ဖို့ပါပဲ။ ဒါပေမဲ့ သူ မအားတာနဲ့ ကျွန်တော်နဲ့ ရိုက်ဖြစ်သွားတယ်ပေါ့နော်။ ဒီကားက ကျွန်တော့်ရဲ့ ပထမဆုံးဇာတ်ကား ဖြစ်တဲ့အတွက် အကောင်းဆုံးလည်း ကြိုးစားပါမယ်” လို့ ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

သရုပ်ဆောင်အလုပ်နဲ့ ဂီတအလုပ်က အနုပညာနယ်ပယ်ချင်း ဆက်စပ်မှုရှိတဲ့အတွက် ကြိုးစားကြည့်ချင်တဲ့ သဘောမျိုးဖြစ်ပြီး၊ နောက်ထပ် ဇာတ်ကားတွေ ဆက်ရိုက်ဖို့ ရှိမရှိ ဆိုတာကတော့ ‘မကြာမီမျှော်’ ဇာတ်ကားကို ပရိသတ်တွေရဲ့ အားပေးမှုရလဒ်အပေါ် မူတည်ကြောင်း ဇင်ကြီးက ပြောကြားပါတယ်။

“ဂီတက ကျွန်တော် ရွေးချယ်ထားတဲ့ အဓိကလမ်းကြောင်း ဖြစ်တဲ့အတွက် သေချာဆက်လုပ်သွားမှာပါ။ လောလောဆယ်မှာတော့ တစ်ကိုယ်တော်ခွေအတွက် သီချင်းတွေ စုနေပါတယ်။ ခွေထွက်ဖို့ကတော့ နည်းနည်းလေး အချိန်ယူရပါဦးမယ်။ သရုပ်ဆောင် အလုပ်ကတော့ အခွင့်အရေးရရင် ရသလို ဆက်လုပ်သွားမှာပါ” လို့ ၎င်းက ဆိုပါတယ်။

အိန္ဒိယ ဒါရိုက်တာ Mr.J . Krishina Murithy ရိုက်ကူးမယ့် ‘မကြာမီမျှော်’ ရုပ်ရှင်မှာတော့ သရုပ်ဆောင် ဝေဠုကျော်၊ သူထူးစံ၊ နေနော်၊ ဇင်ကြီး၊ အေးမြတ်သူ၊ မေဘရဏီသော်တို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး၊ မြဝတီနဲ့ မဲဆောက်မြို့တို့မှာ သွားရောက်ရိုက်ကူးမှာ ဖြစ်ပါတယ်။