News

POST TYPE

INTERVIEW

မန္တလေး ဒုတိယမြို့တော်ဝန် ဦးရဲမွန်နှင့် တွေ့ဆုံခြင်း
မြို့လူထုက ရွေးချယ်လိုက်သော ကော်မတီဝင်များနှင့် အစိုးရခန့် ကော်မတီဝင်များသည် အရှေ့တောင်အာရှတွင် ဖွံ့ဖြိုးတိုးတက်မှု အားအကောင်းဆုံးဖြစ်သော စင်ကာပူနိုင်ငံသို့ ကိုယ့်စရိတ်နှင့်ကိုယ် သွားရောက်လေ့လာခဲ့ကြသည်။ ယင်းသို့ လေ့လာခဲ့ရာမှ ရရှိလာသော အတွေ့အကြုံများဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရန် စီစဉ်ထားခြင်းနှင့် ပတ်သက်၍ ဒုတိယမြို့တော်ဝန် ဦးရဲမွန်နှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ဆရာတို့ စင်ကာပူနိုင်ငံကို လေ့လာရေး သွားခဲ့တယ်လို့ သိရတယ်။ ဘယ်လိုအစီအစဉ်နဲ့ သွားရောက်လေ့လာခဲ့တာလဲ။ 

UYM : ဧပြီ ၁၈ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ခုနစ်ရက်ကြာ သွားရောက်လေ့လာခဲ့တာပါ။ ကျွန်တော်အပါအဝင် ကော်မတီဝင်ကိုးဦး သွားရောက်လေ့လာခဲ့ပါတယ်။ လေ့လာရေး သွားရောက်တာကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားခဲ့တာပါ။ ပြီးခဲ့တဲ့  သုံးလလောက်တည်းကသွားဖို့ အစီအစဉ်ဆွဲခဲ့တာပါ။ ကိုယ့်စရိတ်နဲ့ကိုယ် သွားတာပါ။ အစိုးရစရိတ်နဲ့ သွားတာမဟုတ်ပါဘူး။ 

Voice : ဘယ်နေရာတွေ ဘယ်လိုအကြောင်းအရာတွေ လေ့လာခဲ့သလဲဗျ။

UYM : Lanes Transport Authority (LTA) လမ်းကျဉ်းများတွင် သယ်ယူပို့ဆောင်ရေး လုပ်ပိုင်ခွင့်၊ Public Utility Board (PUB) အများနှင့် သက်ဆိုင်သော ဘုတ်များ (ကြေညာဘုတ် ကြေညာချက် စသဖြင့်)၊ Urban Redevelopment Agency (URA) မြို့ပြပြန်လည်ဖွံ့ဖြိုးရေး လုပ်ဆောင်သည့် ကိုယ်စားလှယ်၊ National Environment Agency (NEA) အမျိုးသားသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပြုပြင်ခြင်း ကိုယ်စားလှယ်တွေနဲ့ မြို့တွင်းမှာ သူတို့လုပ်ဆောင်နေတဲ့ အရာတွေကို လေ့လာဖြစ်ခဲ့ပါတယ်။

Voice : ဆိုတော့ ဘယ်လိုရလဒ်တွေ ရခဲ့ပါသလဲဗျ။ လေ့လာတွေ့ရှိမှုပေါ် မူတည်ပြီး  မန္တလေးမှာ ဘာတွေလုပ်ဖို့ ရှိသလဲဗျ။

UYM : မန္တလေးမြို့နဲ့ ကိုက်ညီမယ့် လုပ်ဆောင်လို့ရမယ့် အနေအထားတွေကို စဉ်းစားပြီးလုပ်ဆောင်သွားမယ်။ ကျွန်တော်တို့က နည်းနည်းနောက်ကျနေတယ်၊ သူတို့က ရှေ့ရောက်နေတယ်။ သူတို့ကို မီအောင်လိုက်ဖို့ဆို ဘယ်လိုလုပ်သင့်လဲပေါ့။ တချို့ဟာတွေဆို တစ်ဆင့်ချင်း သွားစရာ မလိုဘူး။ ဥပမာ အစ်ကိုတို့က ၁ ကနေ ၁၀ သွားမယ် ဆိုပါတော့။ သူတို့က ၁၀ ရောက်နေပြီးသား၊ ဒါပေမဲ့ အစ်ကိုတို့က တစ်ဆင့်ချင်းသွားဖို့ မလိုဘူး ၈၊ ၉  သို့မဟုတ် ၁၀ ထိ တိုက်ရိုက်သွားလို့ရတယ်။ ဒါပေမဲ့ ဘယ်အကြောင်းအရာတော့ သွားလို့ရတယ် မရဘူး ဆိုတာကို စဉ်းစားပြီး လုပ်ရမယ်။ အဲဒီလိုလုပ်တဲ့ နေရာမှာ ဘာပဲပြောပြော အဓိကကျတာတော့ ဘတ်ဂျက်ပါပဲ။ ဘတ်ဂျက်မတောင့်တင်းရင် လုပ်ရတာကြာပါမယ်။ ဒါပေမဲ့ ဘတ်ဂျက်မရှိဘဲ သိပ်မကုန်ဘဲ လုပ်လို့ရမယ်ဟာတွေကို စလုပ်ဆောင်ပါမယ်။ ဥပမာ သန့်ရှင်းရေးစနစ်လိုမျိုးပေါ့။ ပြီးတော့ သူတို့နိုင်ငံဆိုရင် တစ်နိုင်ငံလုံး သစ်ပင်တွေနဲ့ စိမ်းလန်းနေတယ်။ သူတို့ဆီမှာ မြေလွတ်ဆိုတာကို မရှိဘူး၊ မြေလွတ်တာနဲ့ သစ်ပင်စိုက်တယ်။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်တာပေါ့။ သူတို့နိုင်ငံလိုပဲ ကျွန်တော်တို့မြို့မှာ လွတ်တဲ့မြေမှာ သစ်ပင်တွေ စိုက်ရမယ်။

Voice : မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ရော ဘာတွေလုပ်ဖို့ ရှိသလဲ။

UYM : လုပ်လို့ရမည့်ဟာတွေ ရှိတယ်။ တချို့က ဘတ်ဂျက်လိုတယ်၊ တချို့ဟာတွေကလည်း အရည်အသွေးနဲ့ ကိုက်ညီပြီး ပြုပြင်လုပ်ဆောင်ရမှာတွေ ရှိပါတယ်။ ဒါကိုတော့ အစည်းအဝေး ပြန်ထိုင်ပြီးမှ အကောင်ထည်ဖော် လုပ်ဆောင်ဖို့ ရှိပါတယ်။

Voice : စင်ကာပူမှာရော ဘယ်အဖွဲ့အစည်းတွေနဲ့ တွေ့ခဲ့သေးလဲဗျ။ မန္တလေးမြို့ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်တဲ့အပိုင်းမှာ ကူညီပေးဖို့ရော ရှိသလား။ 

UYM : ကျွန်တော်တို့အဖွဲ့နဲ့ စင်ကာပူရောက် မြန်မာနိုင်ငံသား တတ်သိပညာရှင်တွေ၊ အခြားအဖွဲ့တွေနဲ့ တွေ့ခဲ့တယ်။ သူတို့တွေက ကိုယ့်မြန်မာပြည်ကို ကူညီချင်တဲ့ စိတ်ဆန္ဒတွေ ရှိကြပါတယ်။ သူတို့ကလည်း စင်ကာပူနိုင်ငံက တကယ့်ထိပ်တန်းကုမ္ပဏီတွေမှာ လုပ်နေတဲ့ ပညာရှင်တွေပါ။ သူတို့တွေ စင်ကာပူမှာ လုပ်နေရတဲ့ အလုပ်နဲ့ပတ်သက်ပြီး တင်ပြမှုတွေ ရှိတယ်။ ပြီးတော့ စင်ကာပူနိုင်ငံမှာ ဘာတွေလုပ်နေတယ် ဆိုတာ လိုက်ပြတယ်။ သူတို့အနေနဲ့ မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုအပိုင်းမှာ အစွမ်းကုန် ကူညီမယ်လို့ ကတိပြုထားတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း သူတို့အဖွဲ့တွေနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံသွားမှာ ဆိုတော့  ဆက်သွယ်ရေး လမ်းကြောင်းသစ်တစ်ခု ပေါ်လာပါလိမ့်မယ်။

Voice : သူတို့အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ကရော။

UYM : ကျွန်တော်တို့ ဒီဘက်က ဘာလုပ်လို့ရတယ် ဆိုတာကို ဆွေးနွေးမယ်။ သူတို့ဆီကို အကြံဉာဏ် လှမ်းတောင်းမယ်။ သူတို့ဆီက အတွေ့အကြုံတွေ လှမ်းမေးမယ်။ ကျွန်တော်တို့ လိုချင်တဲ့ သိချင်တဲ့  နည်းပညာတွေ သူတို့ကိုလှမ်းမေးမယ် သူတို့က ရှာပေးမယ်ပေါ့။ အခက်အခဲတွေ ဘယ်လိုဖြေရှင်းပေးနိုင်မလည်းပေါ့။ အမြဲတမ်းထိတွေ့ ဆက်ဆံပြီးတော့  အတွေ့အကြုံတွေ ဖလှယ်မယ်၊ နည်းပညာတွေ ပြောမယ်။ အပြန်အလှန် ဆက်ဆံခြင်းပေါ့။ လိုအပ်ရင် သူတို့က ဒီမှာသင်တန်းတွေ ပို့ချပေးမယ်ပေါ့။

Voice : ဒီမန္တလေးမြို့နဲ့ စင်ကာပူ ဘယ်လောက်ထိ ကွာဟမှု ရှိတယ်လို့ မြင်လဲ။

UYM : ကွာဟမှု ဆိုတာက စင်ကာပူနိုင်ငံက တကယ့်ကို ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံ ဖြစ်တော့ မန္တလေးမြို့ အနေအထားနဲ့ ကွာဟမှု ဆိုတာကို နှိုင်းယှဉ်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီကွာဟမှုကို ကျဉ်းနိုင်သမျှ ကျဉ်းအောင် ကြိုးစားလုပ်ဆောင်မယ်။

Voice : လေ့လာတွေ့ရှိချက်တွေအရ ဘာတွေများ ပြုပြင်ပြောင်းလဲမှုတွေ စလုပ်မလဲ။

UYM : ဒါကတော့ အစည်းအဝေးတစ်ရပ်ထိုင်ပြီး လုပ်ရပါမယ်။ လက်ရှိလုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ဟိုမှာတွေ့ရှိခဲ့တဲ့ အခြေအနေတွေနဲ့ ပေါင်းစပ်ပြီးတော့ ဘယ်ဟာကိုတော့ ဘယ်လိုစပြောင်းလို့ ရမလဲ၊ ဘယ်အရာလေးကတော့ ဘယ်လိုလေး ပေါင်းထည့်ပြီးတော့ မြို့အတွက် သင့်တော်မလဲပေါ့။ ဒါတွေကတော့ အသေးစိတ် အစည်းဝေးထိုင်ရမှာ ဖြစ်ပါတယ်။

Voice : တကယ်လို့ ဘတ်ဂျက်အနေအထားကလည်း လုံလောက်မှု ရှိတယ်။ ဘတ်ဂျက်ရှိတယ်ပေါ့။ ဒါဆိုရင် မန္တလေးမြို့အတွက်  ဘယ်ကဏ္ဍကို ဦးစားပေး လုပ်မလဲ။ 

UYM : ဒါဆိုရင်တော့ မန္တလေးမြို့တော်ဝန်နဲ့ စည်ပင်သာယာရေးကော်မတီရဲ့ အိပ်မက်ဖြစ်တဲ့ စွန့်ပစ်အမှိုက်ကနေ လျှပ်စစ်ထုတ်တဲ့စက်ရုံ တည်ဆောက်ဖို့ စလုပ်မှာပါ။ စင်ကာပူမှာတုန်းကလည်း ဒီလိုစက်ရုံကို လေ့လာခဲ့ပါတယ်။ ဒါကျွန်တော်တို့ စိတ်ကူးအိပ်မက်ပါပဲ။

နိုင်လင်းထွန်း