POST TYPE

INTERVIEW

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တွေ့ဆုံခြင်း
30-Apr-2017 tagged as


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မူဝါဒများ၊ လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထု၏ ဝေဖန်သံများ၊ အကြံပြုချက်များကို အခြေခံသည့် မေးခွန်းများကို လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် တိုင်းအစိုးရအဖွဲ့ဝင် တာဝန်ရှိသူ တစ်ဦးဖြစ်သည့် စည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ပြည်သူ့ကိုယ်စား တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်များကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

Voice : တိုင်းအစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ပြည်သူတွေရဲ့အမြင်ကို စစ်တမ်း ကောက်ကြည့်ခဲ့ပါတယ် အန်ကယ်။ အဲဒီအဖြေတွေအရ လူတွေက ပထမဦးစားပေး အနေနဲ့ ကားလမ်း မကျပ်ဖို့၊ တန်ဖိုးနည်းအိမ်ရာ အကောင်ထည်ဖော်ဖို့၊ လျှပ်စစ်မီးရဖို့၊ ရေမကြီးဖို့တွေ နောက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများဖို့တွေ လိုချင်တယ်လို့ တောင်းဆိုကြပါတယ်။ အဲဒီအပေါ်မှာ အန်ကယ့် အမြင်လေး သိချင်ပါတယ်။ 
Mayor : စစ်တမ်းကောက်တာ ကောင်းပါတယ်။ အမှန်ကတော့ အဲဒါက လိုချင်တာ မဟုတ်ဘူး။ လိုအပ်တာ။ အစိုးရဘက်က လုပ်ဆောင်ပေးရမယ်။ လမ်းမကျပ်ဖို့ဆို လမ်းဘေးဈေးသည်တွေ နေရာ ပြောင်းတာ၊ လမ်းရှင်းတာတွေ လုပ်ပေးထားတယ်။ တခြားကိစ္စတွေလည်း ဖြည့်ဆည်းပေးဖို့ ဆောင်ရွက်ရမှာပဲ။ နောက်ကျူးကျော်ကိစ္စလည်း ဒီလိုပါပဲ။ ဒီမနက်ပဲ ပြောခဲ့ပြီးပြီ။ တကယ်တမ်းကျတော့ ဘာကျူးကျော်တာမှ မကောင်းဘူး။ ကျုးကျော်တယ်ဆိုတည်းက မကောင်းဘူး။ သို့ သော် ဘာကြောင့် ကျူးကျော်တာလဲကတော့ အဖြေရှာရဖို့ လိုတယ်။ ပြီးတဲ့အခါကျတော့ နောက် ကုစားရမှာ။ အဲဒါတော့ လိုတယ်။ နောက် ကျူးကျော်ကိုလည်း ပံ့ပိုးလို့မရဘူး။ ကျူးကျော်ကိုပံ့ပိုးရင် ပိုပြီးကျူးကျော် များများလာလိမ့်မယ် ဟုတ်တယ်မဟုတ်လား။ အလှူရှိရင်တော့ လူဟာအလုပ် လုပ်မနေတော့ဘူး။ လိုက်ပဲစားနေမှာပဲ။ အဲဒီတော့ သူတို့ကို ဘယ်လို ကုစားမလဲဆိုတာ အရေးကြီးတယ်။ 

ကုစားတဲ့နည်းလမ်းကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာအောင် လုပ်ရမယ်။ အလုပ်အကိုင် များများရအောင် လုပ်ရမယ်။ နောက်ပြီး   ပွင့်ပွင့်လင်းလင်း ပြောရင်တော့ ကြိုက်မှာ မဟုတ်ဘူး။ အလုပ်သမား ရှားအောင် လုပ်ရမယ်။ တချို့ကတော့ ဒီစကားကြီးကို မကြိုက်ဘူး။ အလုပ်သမားပေါနေသရွေ့က အလုပ်အကိုင် မဖွံ့ဖြိုးလို့လား။ ရှိတဲ့အလုပ်သမားကပဲ အိုင်ပြီး ပေါနေတာလား။ အဲဒီလိုမျိုး အခြေအနေတွေပေါ် မူတည်ပြီး အလုပ်သမားဈေးက ကျသွားရော။ အဲဒီတော့ လခပါကျသွားရော။ ပြီးတော့ အလုပ်လက်မဲ့တွေဖြစ်ရော။ အလုပ်လက်မဲ့တွေဖြစ်တော့ စားစရာမရှိ၊ နေစရာမရှိ၊ ထိုင်စရာမရှိ အဲဒီကစပြီး ကျူးကျော်တွေဖြစ်ရော။ အဲဒီတော့ အလုပ်သမား ရှားနေရမယ်။

အလုပ်သမား ရှားဖို့က အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွင့်ပေးရမယ်။ နောက်တော့ လစာတွေက အပြိုင်အဆိုင် လစာဖြစ်ရမယ်။ နောက်ဒေသတစ်ခုလုံးမှာ သတ်မှတ်လို့ မရဘူး။ တစ်နိုင်ငံလုံးမှာ သတ်မှတ်လို့ မရဘူး။ ဥပမာအားဖြင့် အခြေခံချင်း အတူတူတောင် မိုင်းတွင်းတူးတဲ့ အလုပ်သမား လစာနဲ့ ရုံးမှာ ဒရဝမ် စောင့်တဲ့ အလုပ်သမား လစာချင်း မတူရဘူး။

သူ့မက်လောက်စရာပေါ့။ နောက် လစာကလည်း မက်လောက်စရာ ဖြစ်သလို Productivity ခေါ်တဲ့ ကုန်ထုတ်စွမ်းအားလည်း တိုးရမယ်။ ပညာရှင်ကိုလည်း ပညာရှင်လို ပေးရမယ်။ လက်သမားဆိုလည်း လက်သမားလို ပေးရမယ်။ သူဆိုလည်း ဆောက်လုပ်ရေးမှာ အသုံးဝင်တာပဲ။ အဲတော့ ခုနကပြောတာ ပြန်ကောက်ရမယ်ဆိုရင်တော့ အလုပ်သမားက ရှားနေရမယ်။ အဲဒါမှ အလုပ်ရှင်တွေက ပြိုင်ပြီး အလုအယက် ခေါ်နေရမှာ။ 

Voice : တိုင်းအစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာအောင် ဘယ်လိုတွေများ လုပ်ပေးနိုင်မလဲ။
Mayor : တိုင်းအစိုးရက အလုပ်အကိုင် အခွင့်အလမ်းတွေ ဖွင့်ပေးရမယ်။ ဥပမာအားဖြင့် ငါတို့ဆိုရင် YCDC အနေနဲ့ဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းတွေ၊  တည်ဆောက်ပြုပြင်တဲ့ လုပ်ငန်းတွေ၊ လမ်းခင်းတဲ့ လုပ်ငန်းတွေ အမြန်ဆုံးချရမှာ။ အမြန်ဆုံး ကောင်းအောင်လည်း လုပ်ရမယ်။ တစ်ခုပြီး တစ်ခု လုပ်ရမယ်။ အဲဒီအချိန်မှာ အလုပ်သမားက လိုလာမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ချပေးနိုင်ရမယ်။ အဲဒီတော့ ဖန်တီးနိုင်ရမယ်။ ရန်ကုန်မြို့သစ် အနောက်ပိုင်းမှဆို ခုက စနေပြီလေ။ ဆိုတော့ ဒါတွေ မြန်မြန် အကောင်အထည်ဖော်ရမယ်။ အကောင်အထည် ဖော်နိုင်လေလေ အလုပ်အကိုင် အခွင့်အလမ်း များလေလေ။ နောက်ပြီးတော့ နိုင်ငံတော်ဘက်ကလည်း အလုပ်သမားဘက်က ရပ်တည်ကာကွယ်ရမယ်။ ဥပမာအားဖြင့် ပြည်ပ ကုမ္ပဏီ လာမယ်ဆိုရင် ငါတို့ဒေသတွင်း လုပ်ခ မဟုတ်ဘဲ သူ့ရဲ့ဒေသတွင်း လုပ်ခမျိုး ပေးနိုင်ရမယ်။

ဥပမာ - အာဆီယံဆို အာဆီယံစနစ်နဲ့ညီတဲ့ လခမျိုး။ အလုပ်ကြမ်းသမားပဲ ဖြစ်နေပါစေ ပေးနိုင်ရမယ်။

မြန်မာပြည်လာပြီး မြန်မာပြည် လစာပဲပေးမှာပဲ ဆိုတာမျိုးတော့ ဘယ်ရမလဲ။ အဲဒါကို ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ အစိုးရမှာ တာဝန်ရှိတယ်။ ငါတို့မှာ တာဝန်ရှိတယ်။ လုပ်ရမယ်။ ပြောရမယ်။ မင်းတို့ လုပ်ချင်ရင် ဒါတွေ Agreement တွေပေါ့ သဘောတူညီချက်တွေ လုပ်ရမယ်။ 

Voice : အခု တိုင်းအစိုးရအပေါ် စီးပွားရေးသမားတွေဘက်က ထောက်ပြတာတွေ ရှိတယ်။ တိုင်းအစိုးရက ပြုပြင်ပြောင်းလဲတာတွေ တစ်နှစ်အတွင်းမှာ အများကြီးပဲ လုပ်တယ်။ ဒါပေမဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ Initiate လုပ်ပေးတာမျိုး၊ Business Matching လုပ်ပေးတာမျိုး၊ စက်မှုဇုန် အသေးလေးတွေ ဖော်ထုတ်မယ်ဆိုလည်း ရတယ်ပေါ့ နော်။ SME တွေကိုကူညီဖို့ နိုင်ငံခြားက ပညာရှင်တွေ ဖိတ်ပြီး ပွဲတွေ လုပ်ပေးတာမျိုးတွေ လုပ်နိုင်ပေမယ့် မလုပ်ဘူးပေါ့။ စီးပွားရေးဘက်ကို စောင်းပေးတာမျိုး  သိပ်မရှိဘူးပေါ့။ အဲတော့ အစိုးရသက်တမ်း ဒုတိယနှစ်မှာတော့ စီးပွားရေးကို ဇောင်းပေးသင့်ပြီလို့ ဆိုချင်တယ်။ အန်ကယ့်အမြင်ကရော။ 
Mayor : အန်ကယ့်အမြင်ကတော့ ကြိုက်ချင်မှတော့ ကြိုက်မယ်နော်။ ဗြောင်ပြောတတ်တယ်။ 

စီးပွားရေး ပညာရှင်တစ်ယောက် ရှုထောင့်ကနေ မှန်တာပြောရရင် စီးပွားရေးသမားက တွန်းတွန်းတိုက်တိုက် လုပ်မှရမယ်။ တို့က အားပေးလို့ မရဘူး။ တို့က ခွင့်ပြုပေးရမှာ။ ရှင်းလား မသိဘူး။ အခွင့်ပေးရမှာ။ ခွင့်ပေးမယ်ဆိုလို့ရှိရင် ဥပမာအားဖြင့် စီးပွားရေး လုပ်ချင်တဲ့သူတွေ နင် ဒီလို လုပ်လိုက်ပါလား ဟိုလို လုပ်လိုက်ပါလား သွားပြောလို့ မရဘူး။ သူလုပ်ချင်မှ လုပ်မယ်။ သူ့အမြင်အရ ကျွန်မ ဒါလုပ်ချင်တယ်။ ဒါ ခွင့်ပေးပါ။ ဒါဘောင်ထဲကနေလေ။ ကျသင့်တဲ့ အခွန်လည်း ဆောင်မယ်။ 

လျှောက်လွှာတင်ဆိုလည်း တင်မယ်။ ကျွန်မကို  ဒါလုပ်ခွင့်ပေးပါ။ အဲဒါဆိုရင်တော့ ခွင့်ကိုပြုရမယ်။ ရှင်းလား မသိဘူး။ ခုက ခွင့်မပြုလို့ မလုပ်ဘူး။ ခွင့်မပြုလို့ မလုပ်ဘူးတွေ ပြောနေကြတော့ SME တွေလည်း တက်ပါ။ အရေးဆိုပါ။ 

Voice : ဒါက ခွင့်ပြုပေးတဲ့အပိုင်းပေါ့။ ပြောချင်တာက နိုင်ငံခြားက ကူညီချင်တဲ့ အဖွဲ့အစည်းတွေကို ခေါ်ပြီး နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးတာတွေ၊ စီးပွားရေး တွေ့ဆုံပွဲတွေ ဖန်တီးပေးထားတွေ အဲဒါတွေရော အစိုးရက လုပ်ပေးလို့ မရဘူးလား။
Mayor : အစိုးရက ခွင့်ပဲပြုရမှာ။ တတ်နိုင်သလောက်တော့ စီးပွားရေးလုပ်ငန်းနဲ့ သွားကို မပတ်သက်နဲ့ ရှင်းတယ်နော်၊ အစိုးရသည် စီးပွားရေး လုပ်ငန်းနဲ့ သွားပတ်သက်ရင်တော့ ရှုပ်ထွေးမှုတွေ ပေါ်လာလိမ့်မယ်။ အေးအေးဆေးဆေးပဲ အုပ်ချုပ်ပါရစေ။ စီးပွားရေး လုပ်ချင်တဲ့သူ လုပ်။ မှန်ကန်တဲ့ အခွင့်ပေးပါမယ်။ လွတ်လွတ်လပ်လပ် သူ့ဘာသာသူ လုပ်ပါစေ။ အဲဒါဆိုရင်တော့ ဒါကဖြစ်မယ်။ ဒါက စီးပွားရေးအမြင်ဆိုတော့။

အုပ်ချုပ်ရေးတစ်ခုပဲ ပီပီပြင်ပြင် လုပ်။ သို့သော်လည်း စီးပွားရေး လုပ်ချင်တဲ့သူတွေ စီးပွားရေးနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့သူတွေ လုပ်နိုင်စွမ်းရှိမယ်ဆိုရင်တော့ အစိုးရက ခွင့်ပြုသင့်တယ်ပေါ့။ 

Voice : ဒါဆိုရင် အန်ကယ်။ တိုင်းအစိုးရက ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တာမျိုး။ ကွန်တိန်နာကားတွေ မောင်းခွင့်ကို ပိတ်လိုက်ပြီး နောက် အချိန်နဲ့ ပြန်ခွင့်ပြု ...။
Mayor : အမှန်က ဆောက်လုပ်ရေးက ရပ်ဆိုင်းတာမဟုတ်ဘူး။ ပြန်စစ်တာ။ 

Voice : ဟုတ်ကဲ့။ အဲလိုတွေ အပြောင်းအလဲတွေမှာ စီးပွားရေးသမားတွေ ထိခိုက်သွားတယ်။ နောက်ဆုံးတော့လည်း ပြန်ခွင့်ပြုလိုက်ပြန်တော့ တချို့ လုပ်ဆောင်ချက်တွေက တစ်ပတ်ပြန်လည်နေတယ်။ ဆောက်လုပ်ရေး ကိစ္စတင် မကဘူး။ သင်္ကြန် မဏ္ဍပ်ကိစ္စ၊ ကွန်တိန်နာကိစ္စတွေလည်း ဒီလိုပဲ တွေ့နေရတယ်။ 
Mayor : တစ်ခုခုပြောင်းလဲရင် အနည်းနဲ့အများတော့ ထိခိုက်မှာပဲ။ ကိုယ့်ရဲ့ စေတနာမှန်ဖို့တော့ လိုတယ်။ ဆောက်လုပ်ရေးဆိုရင် အရင်တုန်းက ချထားပေးတဲ့ မူနဲ့ပဲ ချထားပေးတယ်။ ပြန်စစ်တယ်။ အရင်တုန်းက ချထားတဲ့ မူနဲ့မကိုက်တဲ့ လုပ်ငန်းဆို ငါတို့ ပြင်ခိုင်းတယ်။ ငါတို့မူနဲ့ ချတာ မဟုတ်ဘုးနော်။ ဥပမာအားဖြင့် အရင်အစိုးရတွေ လမ်းက လေးပေ ထားရမယ်လို့ ပြောတယ်။ လေးပေထားပြီး သူ့ကို ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ သူက လေးပေ မထားဘဲနဲ့ သုံးပေလောက်နဲ့ ထားရင်တော့ မရဘူး။ လေးပေ ပြန်လုပ်ရမယ်။

Voice : ဒါပေမဲ့ အခုကျတော့ ဝန်ကြီးချုပ်က အကုန်ပြန်ပြီး ခွင့်ပြုလိုက်တော့ အဲလိုစိစစ်တာတွေကနေ တစ်ပတ် ပြန်လည်သလို ဖြစ်မသွားဘူးလား။
Mayor : မဟုတ်ဘူးလေ။ ခုက ပြန်ပြင်တာလေ။ ငါတို့မူ မဟုတ်ဘူးနော်။ အရင်အစိုးရက ချထားတဲ့ဟာကို ဒီတိုင်းပဲ ဆက်လုပ်တာ။ လုပ်ငန်းရှင်တွေက မူအတိုင်း မလုပ်ဘဲ အကူးအပြောင်းကြားမှာ နည်းနည်းလေး ကျဉ်းတန်ကျဉ်း ချိုတန်ချိုတာ၊ ခိုတန်ခိုတာပေါ့။ 

Voice : ဟုတ်ကဲ့။ အဲဒီတော့ အန်ကယ်တို့က ပြန်စိစစ်တယ်။ ပေါ်လာတယ်။ ပေါ်လာတာတွေ ဘာလုပ်လဲ နောက်ဆုံး အာလုံး ပြန်ခွင့်ပြုပေးလိုက်တယ်။ အဲဒီတော့ တစ်ပတ်လည်တယ် စီးပွားရေးသမားတွေပဲ ကြားက ထိခိုက်သွားတယ်ဆိုတာမျိုး  ပြောကြတယ်။ 
နောက်တစ်ခုက အန်ကယ်တို့ အပြောင်းအလဲတွေ မလုပ်ခင် ပါဝင် ပတ်သက်နေတဲ့ Stakeholder တွေနဲ့ ဆွေးနွေးသင့်တယ်၊ ပညာရှင်တွေဆီက အကြံဉာဏ် တောင်းသင့်တယ်လို့ ပြည်သူတွေက အကြံပြုကြတယ်။ လက်တွေ့မှာ အန်ကယ်တို့ သက်ဆိုင်တဲ့သူတွေနဲ့ စကားဝိုင်းတွေ လုပ်လား။ ကော်မတီတွေရော ဖွဲ့ပြီး သေချာ ဆုံးဖြတ်ကြလား သိချင်ပါတယ်။ 
Mayor : ပညာရှင်တွေပါတာပေါ့။ YBS ပဲကြည့်လေ။ အန်ကယ်ကိုယ်တိုင်လည်း ပါတယ်။ ပြည်တွင်းက ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းပြီးမှ လုပ်တာ။  တခြား ဘယ်ဟာပြောမလဲ ကြည့်လိုက်။ ဆောက်လုပ်ရေး ကိစ္စတုန်းကလည်း လုပ်ငန်းရှင်တွေ ဆောက်လုပ်ရေးနဲ့ ဆိုင်တဲ့အသင်းအဖွဲ့တွေ ကော်မတီတွေခေါ်ပြီး တိုင်ပင်ပြီးမှ လုပ်တယ်။ 

Voice : ဒါပေမဲ့ ကျွန်မ သိထားရတာတော့ အဲဒီ ကော်မတီထဲမှာ ပါတဲ့သူတွေရဲ့ အကြံဉာဏ်တွေကို အစိုးရအဖွဲ့က မသုံးဘူးလို့ ပညာရှင်တွေဘက်ကနေ  ပြန်ကြားရတာ ရှိတယ်။ 
Mayor : သူတို့ကတော့ အကြံပေးတာပေါ့။ သုံးတာတွေလည်း သုံးပါတယ်။ ဆုံးဖြတ်တာကတော့ အစိုးရကပဲ ရွေးချယ်ရတာပေါ့။ ကွန်တိန်နာကား ကိစ္စတုန်းကလည်း ဆွေးနွေးတယ်။ မဏ္ဍပ်တုန်းကလည်း ဆွေးနွေးတာပဲ။ လမ်းဘေး ဈေးသည်တုန်းကလည်း ဒီလိုပဲ။ သူတို့ထဲက လူတွေပါပြီးတော့ အရင် ဆွေးနွေးတာတော့ လုပ်တယ်။ အဲမဏ္ဍပ်ကိစ္စ ပြောရရင်တော့ ခု ခြံဝင်းထဲမှာ ဖြစ်သွားတဲ့ပုံစံမျိုးတွေ (ပါတီ) ကြားရတာတော့ မကြိုက်ဘူး။ ဝင်းတွေထဲမှာ လုပ်ခွင့်ပေးလိုက်တဲ့ စီးပွားဖြစ် မဏ္ဍပ်တွေကို ပြောတာမဟုတ်ဘူး။ အိမ်ခြံဝင်းတွေထဲမှာ ဖြစ်သွားတဲ့ (ရိုးရာနဲ့ မညီတဲ့) မဏ္ဍပ်လေးတွေ ပြောတာ။ အန်ကယ်ကတော့ မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ကိုတော့ ရိုးရာအတိုင်းပဲ လုပ်တယ်။ အဲဒီတော့ အစိုးရအဖွဲ့က လုပ်တာတွေက သက်ဆိုင်တဲ့သူတွေ ပညာရှင်တွေပါ ပြီးတော့လုပ်တာပဲ။ YBS ဆိုလည်း အန်ကယ်ကိုယ်တိုင်ပါတယ်။  အစည်းအဝေးတွေမှာလည်း သွားထိုင်နေတာပဲ။

Voice : ဒါဆို YBS စနစ်က ခုထိ အဆင်မပြေသေးတာ ဘာကြောင့်လဲ။ ဘာမှ အဆင်သင့်မဖြစ်သေးဘဲ Lunch (စ) လုပ်လိုက်တယ်လို့ မထင်ဘူးလား။ ချက်ချင်း အရေးတကြီး Lunch လုပ်ရအောင် အစိုးရအဖွဲ့အပေါ်မှာ ဖိအားတစ်ခုခုများ ရှိနေလို့လား။  
Mayor : အဲဒါကတော့ တာဝန်ခံက လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးမို့ အန်ကယ်ဖြေရမယ့်အပိုင်း မဟုတ်ပါဘူး။ အဲဒါက သူ့အပိုင်းနဲ့ သူဖြေရတာပါ။ အန်ကယ်ဖြေဖို့ မကောင်းပါဘူး။ 

Voice : ဟုတ်ကဲ့ပါ။ ဒါဆို အန်ကယ့်အပိုင်းပဲ မေးပါ့မယ်။ အန်ကယ်က ဝန်ကြီးလည်းဟုတ်သလို မြို့တော်ဝန်လည်း ဖြစ်တယ်ဆိုတော့ အဲလို တွဲလုပ်ရတဲ့အခါ အဆင်ပြေပါ့မလား။ တခြားနိုင်ငံတွေ လေ့လာကြည့်ရင် တိုင်းတစ်ခု၊ ပြည်နယ်တစ်ခုအောက်မှာ မြို့တော်တစ်ခုစီမှာ မြို့တော်ဝန် ရှိတယ်။ အဲဒီမြို့တော်ရဲ့ စည်ပင်သာယာဖို့ အစစ အရာရာမှာ မြို့တော်ဝန်က တာဝန်ရှိတယ်။ ဒီမှာက မြို့တော်ဝန်လည်း များများ မရှိဘူး။ တာဝန်အနေနဲ့လည်း ပူးတွဲဖြစ်နေတယ်။ အဲဒီတော့ ထိရောက်အောင် လုပ်နိုင်ပါ့မလား။ 
Mayor :  ဒီမှာကတော့ ရန်ကုန်မှာက ၄၅ မြို့နယ် ရှိတယ်။ ဆိုတော့ မြို့တော်ဝန် အနေနဲ့က မြို့တွင်း ၃၃ မြို့နယ်အတွက်ပဲ ပါတယ်။ ကျန်တဲ့ မြို့နယ်တွေမှာကျ တိုင်းစည်ပင်အနေနဲ့ လုပ်ရတာ။ အဲတော့ ဝန်ကြီးအနေနဲ့က ၄၅ မြို့နယ်။ မြို့တော်ဝန် အနေနဲ့က ၃၃ မြို့နယ်ပေါ့။ မြို့တော်ဝန် တစ်ယောက်စီ ထားဖို့ကတော့ မဖြစ်နိုင်ဘူး။ ကျန်တဲ့ ၃၃ မြို့နယ် ပြင်ပကနေရာတွေကလည်း မြို့အဆင့် မဟုတ်ဘူးလေ။ မြို့နယ်တွေပဲ ဖြစ်တယ်။ နောက်ပြီး အခြေခံဥပဒေအရလည်း မဖြစ်နိုင်သေးဘူး။ 

Voice : ငွေကြေးအရရော မြို့တော်ဝန်အနေနဲ့ ရတဲ့ဘတ်ဂျက်က တိုင်းအစိုးရထဲကို ဝင်သွားတော့ ပြန်သုံးတဲ့အခါ တစ်တိုင်းလုံးကို ဖြန့်သုံးပေးနေရတာမျိုး မဖြစ်သွားဘူးလား။
Mayor : အဲလိုတော့ မလုပ်ဘူး။ မြို့တော်ဝန်က ရတဲ့ငွေက စာရင်းသက်သက်။ တိုင်းစည်ပင်သာယာရေးက ရတဲ့ငွေနဲ့ ကျန်တဲ့နေရာတွေကို ဖွံ့ဖြိုးရေး လုပ်တယ်။   လွှတ်တော်ပြန်တက်ရဦးမယ်။ နောက်မှ ထပ်မေးတော့။ 

Voice : ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

Green

  • TAGS