News

POST TYPE

INTERVIEW

BPI စက်ရုံမှူး ဦးကိုကိုအောင်နှင့် တွေ့ဆုံခြင်း
အိတ်ခ်ျအိုင်ဗီပိုး ရှိသူများ ဆေးကုသရာတွင် အသုံးပြုနိုင်မည့် ဆေးဝါးကို BPI ဆေးဝါးစက်ရုံက ယခုနှစ်ကုန်ပိုင်းအတွင်း ထုတ်လုပ်ဖြန့်ချိသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ လုပ်ဆောင်နေမှုများနှင့် ပတ်သက်၍ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ-အင်းစိန် (BPI) စက်ရုံမှူး ဦးကိုကိုအောင်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အိတ်ခ်ျအိုင်ဗီပိုးရှိသူတွေ အသုံးပြုနိုင်မယ့် ဆေးဝါးထုတ်လုပ်မယ် ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

UKKA : ဗိုင်းရပ်စ်သတ်တဲ့ဆေးပေါ့။ Anti Retroviral ပါ။ ART အုပ်စုပဲ။ ဒါပေမဲ့ လက်ရှိ ART ဆေးတွေနဲ့ မတူဘူး။ ကိုယ့်ဘာသာ ကိုယ်ထွင်ပြီး သောက်လို့မရဘူး။ ဆရာဝန် ညွှန်ကြားချက်နဲ့ သီးခြားသောက်ရမှာ။ ဗိုင်းရပ်စ်သတ်တဲ့ဆေး ဆိုတော့ ဘီပိုးအတွက်လည်း သောက်လို့ရတယ်။ အိတ်ခ်ျအိုင်ဗီလည်း သောက်လို့ရတယ်ပေါ့။

Voice : ဆေးက ဘယ်တော့လောက် ဈေးကွက်ကို စဖြန့်မှာလဲ။

UKKA : အခုမှ Formulation လုပ်တုန်း။ FDA ကိုလည်း တင်ရသေးတယ်။ သုံးလလောက်ကြာမယ် ဆိုတော့ ၂၀၁၇ အောက်တိုဘာလောက်ဆိုရင် ဈေးကွက်ထဲ ရောက်ပါမယ်။

Voice : ဆေးက ဘယ်လိုအသုံးပြုရမှာလဲ။ ရေရှည်သောက်ရမှာလား။

UKKA : အိတ်ခ်ျအိုင်ဗီပျောက်တဲ့ ဆေးကတော့ ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။ အိတ်ခ်ျအိုင်ဗီပိုးရှိတယ် ဆိုရင် CD4 ၂၀၀ အောက် ကျသွားရင် ART ဆေးတွေ သောက်ကြတယ်။ သူလည်း ဒီလိုပဲ။ CD4  က သတ်မှတ်ထားတဲ့အောက်ကို ရောက်သွားပြီဆိုရင် အဲဒီဆေးကို ဆရာဝန်က Treatment ပေးလို့ရပြီ။

Voice : ဆေးအသုံးပြုမယ့်သူတွေ အနေနဲ့ တိုက်ရိုက်ဝယ်ယူလို့ရလား။

UKKA : ဈေးကွက်ထဲလည်း ဖြန့်မယ်။ ပြီးရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနအောက်က ဆေးရုံတွေဖြန့်မယ်။ ပါရာစီတမောလို လွယ်လွယ်ကူကူသောက်လို့ရတဲ့ ဆေးမျိုးမဟုတ်ဘူး။ ဗိုင်းရပ်စ်သတ်တာ ဆိုတော့ လူကိုလည်း အထိုက်အလျောက် ထိတာပေါ့။

Voice : ဆေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကရော။

UKKA : ဆေးတိုင်းကတော့ ဘေးထွက်ဆိုးကျိုး အကုန်ရှိတယ်။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိတယ် ဆိုတာကတော့ ဆေးထွက်လာပြီးတော့မှ ပြောလို့ရမယ်။ အနည်းနဲ့အများတော့ ရှိမယ်။ ကောင်းကျိုးအနေနဲ့ကတော့ ဆေးက ရောဂါပျောက်သွားအောင် အမြစ်ပြတ်တဲ့ဆေး မဟုတ်ဘူး။ ဒါပေမဲ့ ရောဂါကို ဟန့်တားထားတဲ့ဆေး။ တခြားဆေးနဲ့ တွဲသောက်ပြီးတော့မှ ဗိုင်းရပ်စ်ကို သတ်တာဖြစ်တယ်။ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်ရမယ်။

Voice : ဆေးထုတ်လုပ်ဖို့အတွက် ဘယ်နိုင်ငံက နည်းပညာကို အသုံးပြုထားတာပါလဲ။

UKKA : ဒါကို ဒီမှာစမ်းရင် နှစ်အများကြီးကြာမှာ ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံကနေ Formulation ဝယ်တာပါ။ Formulation ဝယ်ပြီး ဒီမှာပြန်စမ်းရတယ်။ အိန္ဒိယကတော့ တွင်တွင်ကျယ်ကျယ်နဲ့ ဖြန့်နေပြီဖြစ်တဲ့အတွက် နည်းပညာ ဝယ်လိုက်တာပေါ့။

Voice : အသုံးပြုလိုတဲ့ ဝေဒနာရှင်တွေ အနေနဲ့ ဆေးကိုဘယ်လောက်နှုန်းနဲ့ ဝယ်ယူလို့ ရနိုင်မလဲ။

UKKA : အခုက စမ်းနေတုန်း ဆိုပေမယ့် ဆေးတော့ ထွက်နေပြီ။ ဆေးကို ဒီအတိုင်းမရဘူး။ Temperature အမျိုးမျိုးနဲ့ ဘယ်လောက်မှာ စမ်းမလဲဆိုတဲ့ စက်တွေနဲ့ စမ်းရတာပေါ့။ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေ ရှိတာပေါ့။ အခုက အဲဒီကာလပေါ့။ ပြီးရင် ဘယ်လိုဘူးမျိုးနဲ့ ထုတ်မလဲ စသဖြင့် တင်ဒါခေါ်တာတွေ လုပ်ရမယ်။ ပြီးရင်တော့ ဒီဟာတွေ အကုန်လုံး ဘယ်လောက်ကျမလဲ ဆိုတာကို ဆေးထွက်လာတဲ့အခါမှာ ပြန်တွက်ပြီးတော့ ဝန်ကြီးဌာနရဲ့ အတည်ပြုချက် ယူပြီးတော့မှ ဈေးနှုန်းက သတ်မှတ်ပေးလို့ ရမှာပေါ့။ ဆေးထွက်လာတော့မှ Costing က ပြန်တွက်လို့ရမှာ။

Voice : BPI ဆေးဝါးစက်ရုံ အနေနဲ့ ဆေးအမျိုးအစားပေါင်း ဘယ်လောက်ထုတ်လုပ်နေပါသလဲ။

UKKA : BPI အနေနဲ့ ဆေးအမျိုးအစား ၁၈၀ ကို ထုတ်လုပ်နေတယ်။ ပြီးခဲ့တဲ့နှစ်က ဆေးအမည်သစ် ရှစ်မျိုး တီထွင်သုတေသနပြု ထုတ်ခဲ့တယ်။ လာမယ့်နှစ်မှာလည်း မနှစ်ကထက် အရေအတွက်မနည်းဘဲ စမ်းသပ်ထုတ်မယ်။ ဒီဆေးကတော့ မနှစ်က Formulation ဝယ်ပြီး အခုစမ်းသပ်ထုတ်နေပြီ။ မနှစ်ကတော့ ရှစ်မျိုးကို Formulation မဝယ်ဘဲ စက်ရုံမှာပဲ တီထွင်ခဲ့တယ်။ ဒီနှစ်မှာ Formulation လည်း ဝယ်မယ်။ ဒီမှာလည်း ထွင်မယ်။

Voice : ဒီစက်ရုံကထုတ်တဲ့ ဆေးဝါးတွေကို ပြည်ပနိုင်ငံတွေအထိ တင်ပို့ဖို့ရော ဆောင်ရွက်ထားတာတွေ ရှိပါသလား။

UKKA : နောက်ပိုင်း ပြည်ပကိုပို့ဖို့အထိ လုပ်သွားမယ်။ လောလောဆယ် အနေအထားမှာက ကိုယ့်ပြည်တွင်းတောင်မှ ဖူလုံအောင် မထုတ်နိုင်သေးတာ ဖြစ်တဲ့အတွက် ပြည်ပအဆင့်အထိတော့ ထုတ်ဖို့ မရောက်နိုင်သေးဘူးပေါ့။ နောင်မှာ ပြည်ပကိုပို့ဖို့ အခုတည်းက စပြီးပြင်ဆင်နေပြီ။

Voice : ဆရာ့အနေနဲ့ လူထုကို ဘာများသတင်းစကား ပါးချင်ပါသေးလဲ။

UKKA : ဗိုင်းရပ်စ်သတ်တဲ့ဆေး အနေနဲ့က ပထမဦးဆုံးဖြစ်တဲ့ အတွက် ဝေဒနာရှင်တွေ အတွက်တော့ တစ်ဖက်တစ်လမ်းက နေပြီးတော့ နိုင်ငံခြားကဝယ်တဲ့ ဆေးတွေထက်တော့ ဈေးသက်သာမယ်။ အိတ်ခ်ျအိုင်ဗီနဲ့ အသည်းရောင်အသားဝါဘီ ရှိနေတဲ့၊ ရောဂါဆိုးရွားနေတဲ့ ရောဂါရှင်တွေအတွက် ဝမ်းသာစရာပေါ့။ ကိုယ့်နိုင်ငံထဲမှာပဲ ဒီရောဂါကုသဆေး ထွက်လာတော့မယ်ဆိုတဲ့ သတင်းစကား ပါးချင်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ